ဆောင်းတွင်းမှာ အသားပက်တာ သက်သာအောင် ဘာလုပ်ရမလဲ
ဆောင်းတွင်းရောက်လာတဲ့အခါတိုင်းမှာ အသားပတ်ခြင်းကို လူအတော်များများခံစားကြရပါတယ်။
တကယ်တော့ အသားပတ်ခြင်းဟာ ဆောင်းတွင်းမှာသာမက စိုထိုင်းဆနည်းပြီး လေတွေအရမ်းတိုက်တဲ့အချိန်တွေ ရာသီဥတုအရမ်းပူပြီး ခြောက်သွေ့တဲ့လေတွေအရမ်းတိုက်တဲ့အချိန်တွေမှာလည်းဖြစ်တတ်ပါတယ်။
အသားပတ်တယ်ဆိုတာဟာ ပတ်ဝန်းကျင်လေထုက စိုထိုင်းစနည်းပြီး လေအေးတွေအရမ်းတိုက်တဲ့အခါ သို့မဟုတ် ပူပြင်းခြောက်သွေ့တဲ့လေပူတွေအရမ်းတိုက်တဲ့အခါ အရေပြားမှာရှိတဲ့အစိုဓါတ်တွေခန်းခြောက်ပြီး အရေပြားတွေခြောက်သွေ့ကာ အရေခွံတွေကွာတာ၊အရေပြားကွဲအက်တာတွေဖြစ်တာပါ။
အသားပတ်ခြင်း ဟာ ပြင်ပလေနဲ့ထိတွေ့မှုများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်နှာ၊ခြေ၊လက် နေရာတွေမှာ အဖြစ်များပါတယ်။မျက်နှာမှာဆိုရင် နှုတ်ခမ်း၊နားရွက် နေရာတွေမှာပိုဖြစ်တတ်ပါတယ်။
လေဒဏ်ပိုခံရတဲ့သူတွေ(ဥပမာ-ဆိုင်ကယ်စီးသူတွေ)၊အရေပြားခြောက်သွေ့တဲ့သူတွေ၊အရေပြားရောဂါအခံတခုခုရှိတဲ့သူတွေ မှာဆိုရင် အသားပတ်ခြင်း ဖြစ်နိုင်ခြေဟာပိုများတတ်ပါတယ်။
အသားပတ်ခြင်းဖြစ်လာရင် အရေပြားတွေ ခြောက်သွေ့ယားယံတာ၊ အရေပြားအဖတ်တွေလန်တာ၊အရေပြားတွေနီရဲရောင်ရမ်းပြီးအရည်ကြည်ဖုထတာ၊အရေပြားမှာတင်းကျပ်ကျပ်ဖြစ်ပြီး အရေပြားတွေကွဲအက်တာ တွေခံစားရနိုင်ပါတယ်။ ကွဲအက်တဲ့နေရာကနက်ပါက အဲ့နေရာကနေသွေးထွက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
အသားပတ်ခြင်းဖြစ်တဲ့အခါမှာ
ရေများများသောက်ပေးပါ။ဗီတာမင်အီးအားဆေး သို့မဟုတ် ငါးကြီးဆီတနေ့တလုံးသောက်ပါ။
အသားပတ်လို့ယားယံနေတဲ့နေရာတွေကို ယားယံတာသက်သာအောင် သံလွင်ဆီ၊အုန်းဆီ၊အသားလှဆီတမျိုးမျိုးလိမ်းနိုင်သလို သန့်ရှင်းတဲ့အဝတ်စ၊ဂွမ်းစ ကို နွားနို့လေးစွတ်ပြီး ပွတ်ပေး၊တို့ပေးတာလည်း လုပ်နိုင်ပါတယ်။
အသားပတ်လို့လန်နေတဲ့အရေပြားအဖတ်တွေကိုလက်နဲ့ခဏခဏဆွတာ၊ဆွဲခွာတာတွေမလုပ်ပါနဲ့။လက်နဲ့ခဏခဏဆွတာ၊ဆွဲခွာတာတွေလုပ်ပါက အဲ့နေရာတွေက ရောင်ရမ်းပြီး ပိုးဝင်တာတွေဖြစ်နိုင်ပါတယ်။
ဆောင်းတွင်းမှာ ရေတနေ့နှစ်ခါ နေ့တိုင်းချိုးတာ ဟာ အသားအရေခြောက်သွေ့ခြင်းကိုပိုဖြစ်နိုင်စေသလို ရေချိုးတဲ့အခါရေနွေးသုံးခြင်းဟာလည်း အသားအရေကိုပိုမိုခြောက်သွေ့စေနိုင်ပါတယ်။
အေးတဲ့အချိန်မှာရေနွေးမစပ်ဘဲ ချိုးဖို့ရာကလည်း မလွယ်ပါဘူး။
ဒီတော့ ရေနွေးနဲ့ရေချိုးပြီးတဲ့အခါမှာအရေပြားအစိုဓါတ်ကို ထိန်းပေးဖို့ အတွက်အစိုဓါတ်ပါဝင်တဲ့၊ဗီတာမင်အီးပါဝင်တဲ့ခရင်မ်အမျိုးအစားတခုခုကိုလိမ်းပေးပါ။ရေကိုတနေ့တခါပဲချိုးပါ။အရမ်းအေးရင်တရက်ခြားတခါပဲချိုးပါ။
အသားပတ်တာဟာ လေတိုက်ခံရင်ပိုမိုဆိုးရွားနိုင်တဲ့အတွက် တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာနားနားနေနေ နေတာကောင်းပါမယ်။
မတတ်သာလို့အပြင်ထွက်ရရင်လည်း ပြင်ပလေနဲ့အသားပတ်တဲ့နေရာတွေနဲ့ တိုက်ရိုက်မထိတွေ့အောင် အကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်တာ၊နှာခေါင်းစည်း(Face mask)တပ်တာတွေလုပ်ပါ။
ဒီလိုတွေလုပ်လို့မှ အသားပတ်ခြင်းဟာမသက်သာဘူး၊ပိုဆိုးလာပြီး အရေပြားနီရဲရောင်ရမ်းတာ၊အသားပတ်တဲ့နေရာကနေသွေးထွက်တာမျိုးတွေဖြစ်ရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။
Dr သီတာနွယ်(အမရပူရ)