အောင်မဲညိုပန်းရဲ့ ကောင်းကျိုးအဖြာဖြာ
ကျွန်မက အသားရေအတွက် ကျန်းမာရေးအတွက်ဆို ခေတ်စားနေတာ မှန်သမျှ လိုက်လုပ်နေကျဆိုတော့ ခုလဲ ဆေးရုံသွားတုန်း ခေတ်စားနေတဲ့ အောင်မဲညို လက်ဖက်ရည်လေးကို ဘူးကြည်ကြည်လေးနဲ့ ယူသွားဖြစ်ပြန်တော့ ဆေးရုံက ဆရာမတွေ လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းမေးကြရော..
“ဆရာရေ အောင်မဲညိုက ခေတ်စားနေတာတော့ ကြာပြီ ဘာအတွက်ကောင်းမှန်းမသိလို့..”
“မြတ်နိုးရေ..အဲ့ဒါကတကယ်ရော ကောင်းလို့လား??ပြာပြာကြီးဆိုတော့ မသောက်ရဲလို့..”
“အောင်မဲညိုအကြောင်း သိချင်နေတာ နင့်တွေ့တာနဲ့အတော်ပဲ”…
အားလုံးက ဝိုင်းမေးကြတာနဲ့ပဲ ကိုယ့်မှာပါတာလေး အမြည်းတိုက်ရင်း ဖတ်ထားတာလေးတွေ ဝေမျှရတာပေါ့လေ..
“အောင်မဲညိုဆိုတာ အမှန်တော့ butterfly pea ပဲလိပ်ပြာပင်ရဲ့ အပွင့်ပေါ့..သူ့တစ်ပင်လုံးက ဆေးဖက်ဝင်တယ်လေ..နွယ်တက်တဲ့အပင်မျိုးပေါ့..နွယ်မြက်သစ်ပင် ဆေးဖက်ဝင်လေ..သူက အရှေ့တောင်အာရှဇာတိ..Southeast Asian တွေ ဂုဏ်ယူလို့ရပြီ..
အရင်ကတော့ သူ့အရောင်ကတော်တော်လှလို့ အစားအသောက်ဆိုးဆေးအနေနဲ့ သုံးခဲ့ကြတာ..နောက်ပိုင်းကြတော့ လေ့လာရင်း သူက ကျန်းမာရေးအတွက်တကယ်ကောင်းမှန်း သိသွားတော့ မလေးရှား အင်ဒိုနီးရှား အဲ့ဖက်မှာစပြီး သောက်သုံးလာကြတာ..ခုတော့ ဒီထိပါနာမည်ကြီးသွားပြီ..အရောင်လေးလည်းလှတော့ ထမင်းတို့ ခေါက်ဆွဲတို့ ပေါင်မုန့် ရေခဲမုန့်တွေမှာပါ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ..
အဓိကက သူက ကျန်းမာရေးအတွက် အရမ်းကောင်းတယ်လေ.. အပြာရောင် ရောင်ခြယ်ဓာတ်က ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ အရမ်းများတော့ အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ်..နောက် သူက သံပုရာရည် ထည့်လိုက်ရင် အက်စစ်နဲ့ ဘေ့စ် ဓာတ် ဓာတ်ပြုပြီး ခရမ်းရောင်လေး ပြောင်းသွားတယ်လေ..အဲ့ဒီခရမ်းရောင်ကလည်း powerful antioxidant ဖြစ်ပြီး အရေးကြောင်းဖြစ်တာကို သိသိသာသာ လျှော့ချပေးနိုင်တယ်တဲ့။
နောက်တစ်ချက်က သူက စိတ်ပူပန်သောကရောက်မှုကို လျှော့ချပေးနိုင်တာ.. stress တွေ anxiety တွေ တအားများတတ်တဲ့ သူမျိုးတွေအတွက် အရမ်းကောင်းတယ်.. color therapy အရောင်ကုထုံးပေါ့လေ..ခုဆိုအဲ့ဒါကို ဒီအရှေ့တောင်အာရှနိုင်ငံတွေမှာ အရမ်းသုံးလာကြတာ..
နောက်သူ့မှာပါတဲ့ pro Anthocyanin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက မျက်လုံးထဲက သွေးကြောမျှင်သွေးလည်ပါတ်မှုကို အရမ်းကောင်းစေလို့ မျက်စိကျန်းမာရေးအတွက် အရမ်းအထောက်ကူပေးတယ်လေ.. မြတ်နိုးတို့လို မျက်မှန်ပါဝါသမားတွေအတွက် အတော်ပဲ..မြတ်နိုးဆို သိသိသာသာ မျက်စိမှုန်သက်သာတာ..ကိုယ်တွေ့..
နောက်သူ့မှာ bioflavonoids နဲ့ biotin တွေအများကြီးပါလို့ ဆံပင်သန်တယ်လေ..သူ့နဲ့လုပ်ထားတဲ့ ခေါင်းလျှော်ရည်တောင် ဈေးကွက်ထဲရောက်နေပြီ..
နောက်သူက ဦးနှောက်ကျန်းမာရေးရယ် ဦးနှောက်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို တက်စေတယ်တဲ့..
ကဲ ဘယ်မှာ ပစ်ရက်စရာရှိတော့လို့လဲလို့၊ ပြီးတော့ မြန်မာနိုင်ငံမှာလည်း ဒီအပင်ကပေါက်တယ်ဆိုတော့ လွယ်လွယ်ကူကူ ဝယ်လို့ရနေတာ..ဟီး အောင်မဲညို ဖြန့်ချိရေးတွေ မြတ်နိုးကို ကြော်ငြာခတောင် ပေးသင့်နေပြီ..စတာပါရှင့်..အားလုံးကို လှစေချင်တာ စေတနာ..”
Scarlette (ဆေး၁)