ပူပြင်းလှတဲ့နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းမှကာကွယ်ဖို့
အခုခေတ်နွေရာသီက အရင့်အရင်ခေတ်တွေနဲ့မတူဘဲ အပူချိန်က များပါတယ်။
နေပူချိန် နေပူထဲမထွက်ဘဲ အရိပ်ရအေးမြတဲ့နေရာတွေမှာ နားနေဖို့ဆိုတာဟာလည်း အပြောလွယ်ပေမယ့် ဝမ်းရေးကရှိသေးတော့ အများစုအနေနဲ့က နေပူပေမယ့်လည်း နေပူထဲကို မလွဲသာမရှောင်သာ သွားလာလှုပ်ရှားနေကြရပါတယ်။
နေပူထဲ လှုပ်ရှားသွားလာနေကြရသူ အများစုအနေနဲ့ အနည်းနဲ့အများဆိုသလို နေလောင်ဒဏ်ကို ခံစားရပြီး အသားအရေတွေ ပျက်စီးလာတတ်ပါတယ်။
အထူးသဖြင့် နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ် ဆောင်းဖို့ လက်ရှည်ဝတ်ဖို့ ပျင်းတဲ့သူတွေ၊ မေ့တဲ့သူတွေ မှာဆိုရင် နေလောင်ဒဏ်ကြောင့် အသားအရေတွေပျက်စီးတာ ပိုဖြစ်လေ့ရှိပါတယ်။
နေလောင်ဒဏ်ခံရတဲ့အခါ ခံစားရမယ့်လက္ခဏာတွေကတော့ …………
– အရေပြားက နီရဲပြီး နာကျင်နေတာ
– နေလောင်ဒဏ် တအားဆိုးရင် ရောင်ရမ်းတာ၊ အရည်ကြည်ဖု၊ အဖုအပိန့်ထတာ တွေပါ။
– နေလောင်ဒဏ်ခံရတဲ့အခါ အရေပြားမှာ အဲ့လိုတွေဖြစ်တာအပြင် အဖျားကြီးတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ နုံးတာတွေလည်း ခံစားရနိုင်ပါတယ်။
– နေလောင်ဒဏ်ခံရပြီး ရက်အနည်းငယ်ကြာတဲ့နောက်မှာ နေလောင်ဒဏ်ခံရတဲ့ အရေပြားနေရာတွေက ဆဲလ်သေတွေကို ခန္ဓာကိုယ်ကစဖယ်ရှားတဲ့အတွက် အဲ့နေရာတွေမှာ အရေခွံတွေလန်တာ၊ ကွာကျတာ တွေဖြစ်ပါတယ်။ အဲ့အခါမှာယားယံမှုကိုလည်း ခံစားရနိုင်ပါတယ်။
နေလောင်ဒဏ်ခံရပြီး အသားအရေပျက်စီးတဲ့အခါ အိမ်တွင်းဆေးမြီးတိုအနေနဲ့ လုပ်နိုင်သော သဘာဝနည်းလမ်းလေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ရေခဲကပ်ပါ။
နေလောင်ဒဏ်ခံရပြီး အသားအရေနီရဲရောင်ရမ်း နာကျင်တာအတွက် ရေခဲကပ်တာဟာ အလွယ်ကူဆုံးနည်းပါ။ ရေသန့်ခဲကို အဝတ်သန့်နဲ့ထုတ်ပြီး နေလောင်တဲ့ နေရာတွေကို ကပ်ပေးပါ။ အဲ့လိုမဟုတ်ရင်လည်း ရေခဲရေထဲအဝတ်သန့်နှစ်ပြီး အဲ့အဝတ်ကို နေလောင်တဲ့ နေရာတွေကပ်ပေးပါ။ (ရေအေးဖတ်ကပ်သလိုမျိုးပါ။)
ဒီလိုလုပ်ရာမှာ တခုသတိထားရမှာက နေပူထဲက ပြန်လာလာခြင်း မလုပ်ဖို့ပါ။
၂။ ရှားစောင်းလက်ပတ်အနှစ်လိမ်းပါ။
ရှားစောင်းလက်ပတ်ပင်ဟာ အရည်ရွှမ်းသော နှစ်ရှည်ခံပင် အမျိုးအစားဖြစ်ပါတယ်။ အရည်ရွှမ်းသော အရွက်လက်တံများသည် အပင်ရင်းမှ စုပြုံပြီး ဖြာထွက်ပါတယ်။ အပေါ်မျက်နှာပြင်သည် အနည်းငယ်ခွက်ပြီး ရွက်ထိပ်ပိုင်းသည် ချွန်သွားကာ ရွက်အနားလေးတွေမှာ ဆူးကလေးတွေရှိပါတယ်။
ထိုအရွက်လက်တံများသည် ရေဓါတ်ကို စုပ်ဆွဲထားသဖြင့် စိမ်းစိုပြီး တာရှည်ခံသည်။ အပြင်မှာအစိမ်းရောင်ရှိပြီး အတွင်းထဲတွင် ဖြူချွဲသော အနှစ်များ ပြည့်လျက်ရှိသည်။
ရှားစောင်းလက်ပတ်မှာ Aloin, Barbaloin, aloe emodin, resins, tannis, polysaccharides စတဲ့ ဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေ များပြားစွာ ပါဝင်ပါတယ်။
ဒီလိုဓါတ်တွေများပြားစွာပါတဲ့အတွက် ရှားစောင်းလက်ပတ်ဟာ အရေပြားအနာတွေနဲ့ အပူလောင်ခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်တာ အချို့ကိုလည်းသက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။
ရှားစောင်းလက်ပတ် အရွက်ကြီးနှစ်ရွက်ကို ယူပြီး ဘေးကဆူးတွေကို ဖယ်ကာ ရေသန့်နဲ့သေချာဆေးကြောသန့်စင်ပါ။
ပြီးရင် အပေါ်ယံအခွံကို ဓါးနဲ့ခွာပြီး အလယ်က ဖြူချွဲချွဲအနှစ်ကိုယူကာ နေလောင်ထားတဲ့နေရာတွေကို လိမ်းပေးပါ။ ထို့နောက် ၁၅ မိနစ်လောက်အကြာမှာ ရေဆေးချပေးပါ။
ရေခဲသေတ္တာထဲထည့် အအေးခံပြီးမှ လိမ်းရင် အေးအေးလေးလည်းလိမ်းရပြီး ပိုလည်းထိရောက်နိုင်ပါတယ်။
၃။ သဘောင်္သီးမှည့်နဲ့ ပျားရည် ရောစပ်ပြီးလိမ်းပါ။
သဘောင်္သီးမှည့်ကို ချေပြီး ပျားရည်အသင့်တင့်ရောကာ နေလောင်ပျက်စီးနေတဲ့ အသားအရေတွေပေါ်ကို လိမ်းပေးပါ။ ပြီးရင် ၁၅မိနစ်လောက်ထားပြီးနောက် ရေသန့်နဲ့ဆေးချပေးပါ။
ရေခဲသေတ္တာထဲထည့် အအေးခံပြီးမှ လိမ်းရင် အေးအေးလေးလည်း လိမ်းရပြီး ပိုလည်းထိရောက်နိုင်ပါတယ်။
ဒါတွေကတော့ နေလောင်တဲ့အခါ လုပ်နိုင်တဲ့ အိမ်တွင်းဆေးမြီတို သဘာဝနည်းလမ်းလေးတွေပါပဲ။
ဒီလိုသဘာဝနည်းတွေ မသုံးချင်ဘူး သုံးလို့အဆင်မပြေဘူးဆိုရင်တော့ အစိုဓါတ်များများပါတဲ့ ခရင်မ် (Cream) သို့မဟုတ် မွိုင်ချာရိုက်စာ (Moisturizer) တမျိုးမျိုးလည်းလိမ်းနိုင်ပါတယ်။
မလိမ်းခင်မှာ ရေခဲသေတ္တာထဲထည့်ထားပြီးမှ လိမ်းရင် အေးအေးလေးလည်းလိမ်းရပြီး ပိုလည်းထိရောက်နိုင်ပါတယ်။
နေလောင်တဲ့အခါ အသားအရေနီရဲနာကျင်မှုကို ခံစားရတာအတွက် သောက်ဆေးတွေအနေနဲ့ ibuprofen သို့မဟုတ် naproxen လို အကိုက်အခဲပျောက်ဆေး တခုခုသုံးနိုင်ပါတယ်။အစာအိမ်ရောဂါအခံရှိတဲ့ သူတွေဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီးမှပဲ သုံးသင့်ပါတယ်။
နေလောင်ဒဏ် ပျောက်တဲ့အထိ နေပူထဲထွက်ခြင်းကို တတ်နိုင်သလောက်ရှောင်ဖို့လိုပါတယ်။
နေလောင်ဒဏ်ခံရတဲ့အခါမှာ
– ဖျားပြီး အဖျားက ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်များရင်၊ ချမ်းတုန်နေရင်
– နာကျင်မှုက အရမ်းဆိုးဝါးရင်
– အဖုအပိန့် အရည်ကြည်ဖုတွေထွက်တာကလည်း ခန္ဓာကိုယ်အရေပြားရဲ့ ၂၀ ရာခိုင်နှုန်းအထက်ရှိရင် (ဆိုလိုတာကများတယ်ထင်ရင်)
– ပါးစပ်တွေခြောက်တာ၊ ဆီးသွားနဲသွားတာ စတဲ့ ကိုယ်တွင်းရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာတခုခုရှိရင်
– အသက်အန္တရာယ် စိုးရိမ်ရနိုင်လို့
– နီးစပ်ရာ ဆေးရုံဆေးခန်း ချက်ချင်းပြသပါ။
– နေလောင်ဒဏ် ခံရနိုင်ခြေနည်းအောင်
– တတ်နိုင်သလောက် အထူးသဖြင့် နွေရာသီမှာ မနက်၁၀နာရီကနေ ညနေ ၄ နာရီအတွင်း နေပူထဲမထွက်ပါနဲ့။
– မလွဲမရှောင်သာထွက်ရမယ်ဆိုပါက ဦးထုပ်၊ ထီး၊ လက်ရှည်တွေကို ဝတ်ဆင်ပါ။
– Sun protection factor (SPF) အနည်းဆုံး 30 ပါတဲ့ sunscreen (နေလောင်ကာလိမ်းဆေး) တမျိုးမျိုးကို နေပူထဲမထွက်ခင် နာရီဝက်လောက်အလိုမှာ လိမ်းပေးပါ။
ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်များများစားပါလို့ အကြံပေးချင်ပါတယ်။
Dr 528