(၂၀၁၇)ခုနှစ်သင်္ကြန်ရောက်တော့မည်။ သင်္ကြန်ရုံးပိတ်ရက်(၅)ရက်မှာ ခရီးရှည်ထွက်သင့်မသင့်။ ကျန်းမာရေးနှင့်ညီညွတ်သောသင်္ကြန်ရေပက်ခံထွက်ခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များရေးသားလိုက်ပါသည်။ သင်္ကြန်ရက်များဖြစ်သော ဧပြီလ(၁၃၊၁၄၊၁၅၊၁၆နှင့် ၁၇) ရက်တို့သည် မြန်မာနိုင်ငံအတွက် အပူပြင်းဆုံးကာလနှင့် ခရမ်းလွန်ရောင်ခြည်စိုးရိမ်ရအမှတ် အကျရောက်နိုင်ဆုံးရက်များဖြစ်နေပါသည်။ နေ့အပူချိန်(၄၂)ဒီဂရီစင်တီဂရိတ်(သို့) (၁၀၄)ဒီဂရီဖာရင်ဟိုက် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း (၁၂)ကျော်ရှိပါသည်။
သင်္ကြန်ကာလတွင်အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်ဒဏ်မခံရစေဖို့ သင်္ကြန်ထွက်လည်သည့်အချိန် သည်မနက်(၇)နာရီမှနေ့လည်(၁၁)နာရီ၊ ညနေ(၃)နာရီခွဲမှညနေ(၆)နာရီထိဖြစ်သင့်ပါသည်။ နေပူထဲမထွက်ခင် နေရောင်ခံခရင်(cream)လိမ်းထားသင့်သည်။ (၂)နာရီကြာပြီးတိုင်း(၁)ကြိမ်လိမ်းသင့်သည်။ (သို့) သနပ်ခါးလိမ်းသင့်သည်။ မျက်စေ့ကိုခရမ်းလွန်ရောင်ခြည်(၉၉%) ကာကွယ်နိုင်သော နေကာမျက်မှန်တပ်ဆင်ရမည်။ ဦးထုပ်၊ တဘက်၊ ခြုံလွှာအအုပ်ဆောင်းပါရမည်။ ချည်ထည်အဝတ်အစား ာပွပွချောင်ချောင်ဝတ်သင့်သည်။ ရေထိုးလိုက်သည့်ဒဏ်၊ မီးသတ်ပိုက်ဒဏ်ခံနိုင်ရန်မျက်လုံး၊ နား၊ နှာခေါင်း လုံုခြုံရေးဂရုစိုက်ရမည်။ အမြဲရေစိုနေလို့ နေ့လည်ခေတ္တနားချိန်တွင် စိုသောအဝတ်အစားလဲလှယ်ဝတ်ကာ နေလှမ်းထားသင့်သည်။ ညနေဖက်ထွက်လျှင်ပြန်လဲလှယ်ဝတ်ဆင်နိုင်သည်။
ညနေ(၃)နာရီရေပက်ခံထွက်ခြင်း(သို့) မဏ္ဍပ်မှာရေကစားခြင်းမပြုမီ နေရောင်ခံခရင်ပေါ်မှ မိတ်ကပ်ထပ်လိမ်းသင့်ပါသည်။ (သို့)သနပ်ခါးလိမ်းသင့်သည်။ ရေခဲရေနှင့်ရေဆော့ကစားခြင်းမပြုသင့်ပါ။ အပူအအေးမျှတအောင် ရေစိုအဝတ်များလဲလှယ်ဝတ်ဆင်သင့်သည်။ အရက် ဘီယာမသောက်သင့်ပါ။ အရက်နှင့်ဘီယာသည်သွေးကိုကြွစေပြီး မမှားသင့်သောအမှားများကျူးလွန် ခံရတက်သည်။ ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ကိုအချိန်တိုအတွင်းညစ်နွမ်းစေသဖြင့် ရေများများသောက်ရန် ဆီးမကြာမကြာသွားပေးသင့်သည်။
ရေပက်ခံထွက်သူတိုင်း သတိထားသင့်သည်မှာ အသင့်အမြန်စားအစာများ၊ ဆင်းဒဝစ်၊ပီဇာ၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်တို့သည် ဆီအုန်း၊ ဝက်ဆီ၊ အကြော်ဆီနှင့် စီစဉ်ထားသဖြင့်သွေးအတွင်း ကိုလက်စထရောတက်စေ၊ ဝစေသောကြောင့်မစားသင့်ပါ။ အိမ်ကစီမံပြီးယူဆောင်သော အစားသောက်များသာစားသင့်ပါသည်။ သင်္ကြန်ကာလတွင်း စားသောက်ဆိုင်ကြီးများ ပိတ်ထားတက်ပြီး ခါတော်မီလမ်းဘေးဆိုင်များပေါ်လာပါသည်။ ယင်နားစာ၊ ဓာတုဆိုးဆေး၊ ရောဂါပိုးတို့နှင့်မကင်းသော လမ်းဘေးစာများမစားသင့်ပါ။
ရေပက်ခံထွက်သည့်အခါ ယာဉ်နှင့်ယာဉ်မောင်းကြံ့ခိုင်မှုရှိရမည်။ အရက်သောက်ထားသူမဖြစ်သင့်ပါ။ ယာဉ်အောက်ပိုင်းကြံ့ခိုင်မှုရှိရမည်။ မဏ္ဍပ်အတွင်းရေပက်နေလျှင်လည်း အရေးပေါ်ထွက်ပေါက်နှင့် နီးသောနေရာမှယူသင့်သည်။ ခိုက်ရန်ဖြစ်ပွားမှု၊ အန္တရာယ်တစ်ခုခုကြုံခဲ့လျှင် အမြန်ဆုံးထွက်နိုင်ရမည်။ အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားများဆုံးရှုံးမှုများပါသည်။ ယင်းဆုံးရှုံးမှုများကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ အသားအရေနေလောင်နီမြန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီးကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်း အသက်အန္တရယ်ရှိသည်။
အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရန်
(၁) နံနက်(၁၁)နာရီမှ ညနေ(၄)နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်စသည့်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရအေးမြသောနေရာ၊ အမိုးအကာအောက်မှာနေသင့်သည်။
(၂) နေပူထဲတွင်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်သင့်ပါ။ အရက်ဘီယာသောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကိုဖြစ်ပေါ်လွယ်စေခြင်း၊ ခန္ဓာကိုယ်အတွင်း၌ ရေဓာတ်ညစ်နွမ်းစေသဖြင့် မသောက်သင့်ပါ။ ရေများများသောက်ရမည်။
(၃) နေ့ခင်းအပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာရရှိနိုင်သည့်ဦးထုပ်၊ အဆောင်အကာရှိသင့်သည်။
(၄) အလင်းရောင်ပြန်သော အဖြူရောင်(သို့)အရောင် ဖျော့ဖျော့အဝတ်အထည်များ ဝတ်သင့်ပါသည်။
(၅) လေဝင်လေထွက်ကောင်းစေသော ပွပွချောင်ချောင်ချည်ထည်များ ဝတ်ဆင်သင့်ပါသည်။
(၆) ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိရေနှင့် ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန်
ဓာတ်ဆားရည် သောက်သင့်သည်။ ဓာတ်ဆားထုပ် အသင့်ဖျော်နိုင်ရန်ဆောင်သွားသင့်ပါသည်။
(၇) ကိုယ်အပူချိန်တက်ပါက ရေအေးပတ်နိုင်နိုင်တိုက်သင့်သည်။ လေအေးစက်အခန်းမှာထားသင့်သည်။
(၈)ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လည်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက်ကောင်းသော နေရာမျိုး၌နားသင့်သည်။
(၉) မိတ်ဖု၊ ယားနာထွက်ခြင်း၊ နေရောင်ကြောင့် အဖုအပိမ့်ထွက်ပါက ရေအေးပတ်တင်ခြင်း၊ သနပ်ခါးလိမ်းခြင်း၊ ကန်နဒွိုင်း(canadry) ဆေးရည်လိမ်းပေးခြင်း တို့ပြုလုပ်ပေးနိုင်ပါသည်။
(၁၀) အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းတို့ မဖြစ်အောင်အရိပ်ထဲနေရမယ်။
(၁၁) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့်အတက်ရောဂါဖြစ်လျှင် ဆေးရုံအရောက်နောက်ကျပါက အသက်ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့အမြန်ဆုံးပြသသင့်ပါသည်။
နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို သဘာဝအားဖြင့် အိုဇုန်းလွှာကကာရံထားပေးသည်။ လူတို့နှင့်ကပ်ရပ်က ထရိုပိုစပီးယား ပြီးလျှင် စထရာတိုစပီးယား နောက်အိုင်ယွန်နိုစပီးယား ဆိုပြီးကာရံထားရာ တောမီးလောင်ခြင်း၊ စက်ရုံအလုပ်ရုံ၊ ယာဉ်များမှရုပ်ကြွင်းလောင်စာများလောင်ကျွမ်းမှု၊ လူတို့မဆင်မခြင်အသုံးများတဲ့ လေအေးစက်၊ ရေခဲသေတ္တာ၊ လက်သည်းဆိုးဆေး၊ ဖျက်မင်နှင့် ရင်ကျပ်ရှူဆေးတို့မှ ကလိုရို-ဖလူအို-ကာဗွန်(chloro-fleuro-carbon)များလေထုထဲထုတ်လွှတ်ရာမှ ပေါ့ပေါ့ပါးပါးအထက်သို့တက်ပြီး အိုဇုန်းလွှာပေါက်ပြဲစေသည်။အိုဇုန်းလွှာပေါက်ပြဲလျှင် နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်က မ္ဘာမြေပေါ်ကိုတိုက်ရိုက်ကျစေသည်။
ခရမ်းလွန်ရောင်ခြည်အမှတ်သည် ညဖက်တွင်သုညဖြစ်ပြီး နေပူပြင်းထန်သော သင်္ကြန်ရက်နေ့လည်ဖက်တွင် (၁၂)မှ(၁၄)ထိရှိနိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားနေလောင်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အရေပြားညိုမည်းစွဲခြင်း၊ ယားနာပေါက်ခြင်း၊ အရေပြားအနာ၊ အရေပြားကင်ဆာဖြစ်ခြင်း၊ သက်ကြီးရေတိမ်(cataract)မျက်လုံးတွင်ဖြစ်ခြင်း၊ ပါးရေနားရေတွန့်ခြင်း၊ အရေပြားထူကာ ကြမ်းပြီးတွန့်ခေါက်ခြင်း၊ အနာဖြစ်ခြင်း၊ အိုစာရုပ်ထွက်ခြင်းဖြစ်စေသည်။ဖန်လုံအိမ်အာနိသင်ကြောင့် ကမ္ဘာကြီးပူနွေးလာသလို အခြားတစ်ဖက်မှာ ပတ်ဝန်းကျင်ဂေဟစနစ်ပြောင်းလဲလာကာ လူတွေမဆင်မခြင်စွန့်ပစ်တဲ့အညစ်အကြေးများ၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကျွတ်ကျွတ်အိတ်မီးရှို့ခြင်း၊ လေအေးစက်၊ ရေခဲသေတ္တာ၊ မြက်ပင်တို့မှာ စီအက်စီ(CFC-Chloro-Fluro-Carbon)ဓာတ်ငွေ့တွေ ကောင်းကင်ပျံ့လွင့်ပြီး အိုဇုန်းလွှာပေါက်ပြဲကာ နေကတစ်ဆင့် ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ကျရောက်မှုပိုများနေလို့ လူတွေခရမ်းလွန်ရောင်ခြည်သင့်ခြင်းခံကြရပါသည်။
ခရမ်းလွန်ရောင်ခြည်သင့်ခြင်း မခံစေလိုပါက နေရောင်ရှောင်ရန်လိုပါသည်။
သင်္ကြန်ကာလ ရေကစားထွက်လျှင်အအုပ် အဆောင်း အကာဆောင်ထားရန် လိုအပ်သည်။ ခရမ်းလွန်ရောင်ခြည်(၉၉%)
ကာကွယ်နိုင်သောနေကာမျက်မှန်တပ်ဆင်ရမည်။ အဝတ်အထည် ချည်ထည် ပွပွချောင်ချောင် အရောင်ဖျော့ဖျော့ ဝတ်ဆင်ရမည်။ သင်္ကြန်ကာလ အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်သင့်ခံရမှုမှ ကင်းစေလိုလျှင်စနစ်တကျ အစီအမံထားရှိကာ သတ်မှတ်ထားသောအချိန်မှသာ ရေကစားထွက်လည်ခြင်း ပြုလုပ်သင့်ပါသည်။ သင်္ကြန်ကာလ ပျော်ရွှင်နိုင်ကြပါစေ။ ။
Author: Dr.လွင်သန့်