ဝက်ခြံထွက်ခြင်းသည် ခန္ဓာကိုယ်၏ ဟော်မုန်းဓာတ်များ လွှမ်းမိုးမှုကြောင့် အဓိကဖြစ်ပါသည်။ ထိုဟော်မုန်းဓာတ်များသည် မျက်နှာအရေပြားမှ အဆီဓာတ်ကို ပိုမိုထွက်ရှိစေပြီး အရေပြားရှိ အပေါက်ငယ်လေးများတွင် ဆဲလ်သေများစုဝေးကာ ဝက်ခြံများထွက်လာစေပါသည်။
အချို့သောသူများသည် အသက်အရွယ်ကြီးလာလျှင် ဝက်ခြံထွက်ခြင်းလျော့နည်းသွားတတ် ကြောင်းတွေ့ရှိရပါသည်။
အချို့မှာမူ ခုခံအားစနစ်လုပ်ငန်းနှင့်မျိုးရိုးဗီဇ အကြောင်းရင်းများကြောင့် ဝက်ခြံများပို၍ ဆိုးရွားများပြားစွာ ထွက်တတ်ပါသည်။
ဝက်ခြံထွက်ခြင်းကို လျော့နည်းသက်သာစေနိုင်သော အစားအစာများ။
အောက်ပါအစားအစာများသည် ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်သော အစားအစာများဖြစ်ကြပါသည်။
( ၁ ) အချိုဓာတ်နည်းပါးသော အစားအစာများ။
အချိုဓာတ်နည်းပါးသော အစားအစာများကို စားသုံးခြင်းသည် ဝက်ခြံထွက်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သော Androgen ဟော်မုန်းထုတ်လွှတ်ခြင်းကို လျော့နည်းစေသည့်အတွက် ဝက်ခြံအထွက်များသောသူများ စားသင့်သော အစားအစာများဖြစ်ကြပါသည်။
အချိူဓါတ်နည်းပါးသော အစားအစာများမှာ
– ဂျုံ
– ကန်စွန်းဥ
– အခွံမာသီး
– မြေပဲ
– ပဲနီလေး
– မုန်လာဥနီ
– ခရမ်းသီး
– ခရမ်းချဉ်သီး
– ဘရိုကိုလီ
– မှို စသည်တို့ ဖြစ်ကြပါသည်။
( ၂ ) Omega- 3 Fatty acids
လေ့လာတွေ့ရှိချက်များအရ Omega- 3 Fatty acids တွင် ရောင်ရမ်းခြင်းကို လျော့နည်းစေသော အာနိသင်များရှိကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် Omega- 3 Fatty acids ပေါကြွယ်၀သော အစားအစာများသည် ဝက်ခြံထွက်ခြင်းကို လျော့နည်းစေနိုင်သော အစားအစာများဖြစ်ကြပါသည်။
Omega- 3 Fatty acids များကို အောက်ဖော်ပြပါအစားအစာများတွင် ပေါများစွာတွေ့ရှိရပါသည်။
– ကမာကောင်
– အစေ့အဆန်များ
– ဆာဒင်းငါး
– တူနာငါး
– ဆယ်လ်မွန်ငါး
– ကြက်ဥဘဲဥ စသည့်အစားအစာများ ဖြစ်ကြပါသည်။
( ၃ ) ဗီတာမင် အေ၊ ဒီ ၊ အီး ပေါကြွယ်၀သော အစားအစာများ။
ဗီတာမင် အေ တွင် ဝက်ခြံကြောင့်ရောင်ရမ်းခြင်းကို ကုသနိုင်သည့် အလွန်ထိရောက်သော ဂုဏ်သတ္တိရှိသောကြောင့် ဝက်ခြံပျောက်လိမ်းဆေးများ၌ ဗီတာမင် အေကို ထည့်သွင်းအသုံးပြုကြောင်း တွေ့ရှိရပါသည်။
ထို့အတူ ဗီတာမင် ဒီ ပြည့်၀သော အားဆေးများကို သောက်သုံးခြင်းဖြင့် ဝက်ခြံထွက်ခြင်းကို များစွာသက်သာနိုင်ကြောင်း လေ့လာချက်များအရတွေ့ရှိရပါသည်။
ဗီတာမင် အီးနှင့် ဗီတာမင် စီ တို့သည်လည်း ဝက်ခြံများကို ဖြစ်ပေါ်စေသော ဘက်တီးရီးယားပိုးများပေါက်ပွားမှုကို ကာကွယ်နိုင်သော အာဟာရဓာတ်များဖြစ်ကြပါသည်။
အောက်ပါတို့တွင် Vitamin A, D , E များပေါကြွယ်၀စွာ တွေ့ရှိရပါသည်။
– ကန်စွန်းဥ
– မုန်လာဥနီ
– ကြက်ဥဘဲဥအနှစ်
– တူနာငါး
– မှို
– ဟင်းနုနွယ်
– ထောပတ်သီး
– သံလွင်ဆီ
– ခရမ်းချဉ်သီး စသည်တို့ဖြစ်ကြပါသည်။
( ၄ ) Antioxidants ( ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ )
ဓာတ်တိုးဖိစီးမှုသည် ဝက်ခြံထွက်ခြင်း၏ အဓိကအကြောင်းရင်းများမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ Antioxidants ပမာဏနည်းပါးသောသူများတွင် ဓာတ်တိုးဖိစီးမှု ပို၍ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ဝက်ခြံထွက်ခြင်းမှ ကာကွယ်လိုလျှင် Antioxidants များပေါကြွယ်၀သော အစားအစာများကို စားသုံးသင့်ကြောင်း တွေ့ရှိရပါသည်။
အောက်ပါတို့သည် Antioxidants ပေါကြွယ်၀သော အစားအစာများဖြစ်ကြပါသည်။
– ချောကလက်အမည်း
– ဘယ်ရီသီးများ
– ပဲကြီး
– ဘရိုကိုလီ
– ခရမ်းချဉ်သီး
– Green Tea စသည်တို့တွင် Antioxidants များ ပေါများစွာ တွေ့ရှိရပါသည်။
( ၅ ) ဇင့်ဓါတ်မြောက်များစွာ ပါဝင်သော အစားအစာများ။
ဇင့်ဓါတ်သည် ဝက်ခြံ၏ ရောင်ရမ်းခြင်းကို လျော့ချနိုင်သည့်ပြင် ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်နိုင်သော အာဟာရသတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။
လေ့လာချက်များအရ ဇင့်ဓာတ်မလုံလောက်သောသူများတွင် ဝက်ခြံပို၍ထွက်တတ်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်လိုသောသူများသည် ဇင့်ဓာတ်ပါဝင်သော အစားအစာများကိုစားသုံးသင့်ပါသည်။
၎င်းအစားအစာများမှာ
– ဟင်းနုနွယ်ရွက်
– ကြက်သား
– မှို
– ဒိန်ချဉ်
– ဖရုံစေ့ စသည့်အစားအစာများဖြစ်ကြပါသည်။
( ၆ ) ချောကလက်
ကာဗိုဟိုက်ဒရိတ်ဓာတ်နှင့် သကြားဓာတ်များသော ချောကလက်များသည် ဝက်ခြံထွက်ခြင်းကို အားပေးကြောင်းလေ့လာတွေ့ရှိရပါသည်။
သို့သော် Antioxidants ပါဝင်မှုများသော ချောကလက်အမည်းများကို စားသုံးလျှင်မူ ဝက်ခြံထွက်ခြင်းကို သက်သာနိုင်ကြောင်း တွေ့ရှိရပါသည်။