မျက်နှာတွင် အမာရွတ်များဖြစ်ရခြင်း၏ အကြောင်းရင်းများထဲကတစ်ခုမှာ ဝက်ခြံထွက်ခြင်း ဖြစ်ပါသည်။
ဝက်ခြံထွက်ရခြင်းအကြောင်းရင်းများမှာ
-မျက်နှာအရေပြားတွင် ရှိသော ချွေးပေါက်များသည် ဖုန်မှုန့်များ ၊ အဆီများဖြင့် ပိတ်ဆို့နေခြင်း
-ခန္ဓာကိုယ်ရှိ ဟော်မုန်းဓာတ်များ အပြောင်းအလဲဖြစ်ခြင်း
-မျိုးရိုးလိုက်ခြင်း
-အချို့သော အလှကုန်ပစ္စည်းများကြောင့် ဖြစ်ခြင်း
– အချို့သော ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာများ စားသုံးမှုများခြင်းကြောင့် ဖြစ်ခြင်း ( ဥပမာ-ဆီကြော်အစားအစာများ ၊ ချိုလွန်း ၊ ငန်လွန်းသော အစားအစာများ ) စသည်တို့ ဖြစ်ကြပါသည်။
မျက်နှာတွင်ရှိသော အမာရွတ်များပျောက်ကင်းပြီး ကြည်လင်လှပသော အသားအရေရရှိ နိုင်သည့် နည်းလမ်းများ
( ၁ ) အာလူးအစိမ်း
အာလူးတွင်ပါဝင်သည့် Catecholase ဟူသော အင်ဇိုင်းတစ်မျိုးသည်
-အရေပြားရောင်ခြယ်များပြားခြင်းကြောင့် အသားအရေအရောင်မညီခြင်းကို သက်သာစေခြင်း
-အရေပြားကို ကြည်လင်စေခြင်း
-အမည်းစက်များကို မှေးမှိန်စေခြင်း
-အမာရွတ်များကို ပျောက်ကင်းစေခြင်း စသည့် အကျိုးအာနိသင်များရှိကြောင်း တွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း
အာလူးကို အခွံခွာပြီးလျှင် ရေဖြင့်ဆေးပါ။ ထို့နောက် ၎င်းအာလူးအချပ်ပြားလေးများဖြင့် မျက်နှာပေါ်တွင်ရှိသော အမာရွတ်နေရာများကို ညင်သာစွာ ပွတ်ပေးပါ။ ထိုသို့ ၁၀မိနစ်ခန့်ပြုလုပ်ပြီးလျှင် ရေဖြင့် သန့်စင်ပေးပါ။
( ၂ ) သံပရာရည်နှင့် ပျားရည်
သံပရာရည်နှင့် ပျားရည်နှစ်မျိုးလုံးတွင်
-ဝက်ခြံအမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်ခြင်း
-အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးခြင်း စသည့်အကျိုးအာနိသင်များရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
( ၃ ) သင်္ဘောသီးနှင့် ပျားရည်
သင်္ဘောသီးတွင် ပါဝင်သည့် အင်ဇိုင်းဓာတ်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည်
-အသားအရေတွင် ရှိသည့် ရောင်ခြယ်များခြင်းကြောင့် အသားအရောင်မညီခြင်းကို မှေးမှိန်သက်သာစေခြင်း
-ဝက်ခြံအမာရွတ်များကို သက်သာစေခြင်း
-အမည်းအစက်အကွက်များကို လျော့နည်းစေခြင်း စသည့် ဂုဏ်သတ္တိများရှိပါသည်။
အသုံးပြုရန်နည်းလမ်း
သင်္ဘောသီးအနှစ် နှင့် ပျားရည်တို့ကို ရောနှော၍ အမာရွတ်နေရာများပေါ်တွင် ပွတ်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။
ထို့နောက် ၁၀ မိနစ်ခန့်အကြာတွင် မျက်နှာကို သေချာစွာ ပြန်လည်သန့်စင်ပေးပါ။ အထက်ပါနည်းလမ်းအတိုင်း တစ်ပတ်လျှင် နှစ်ကြိမ် ၊ သုံးကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်များကို သိသိသာသာ သက်သာပျောက်ကင်းသွားစေမည် ဖြစ်ပါသည်။
( ၄ ) ပန်းသီးရှာလကာရည်နှင့် ပျားရည်
ပန်းသီးရှာလကာရည်သည်လည်း အမာရွတ်များကို သက်သာပျောက်ကင်းစေရန် များစွာ အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိရပါသည်။ သို့သော် သတိပြုရမည့်အချက်တစ်ချက်မှာ ပန်းသီးရှာလကာရည်သည် အက်ဆစ်တစ်မျိုး ဖြစ်သောကြောင့် ၎င်းကို အသုံးပြုလျှင် ရေနှင့် ရောနှောပြီးမှ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အသုံးပြုရန်နည်းလမ်း
ရေနှင့် ပန်းသီးရှာလကာရည်တို့ ရောစပ်ထားသော အရည်ကို ဂွမ်းလုံးလေးဖြင့် စွတ်၍ အမာရွတ်နေရာများပေါ်တွင် လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့်ကြာလျှင် မျက်နှာကို ပြန်လည်သန့်စင်ပေးပါ။
( ၅ ) နနွင်း နှင့် ရှားစောင်းလက်ပပ်
နနွင်းနှင့် ရှားစောင်းလက်ပပ်နှစ်မျိုးလုံးတွင် အသားအရေလှပစေရေးအတွက် အလွန်အကျိုးပြုသည့် ဒြပ်ပေါင်းများ ပါဝင်ကြောင်း လက်ခံယုံကြည်ထားကြပါသည်။ ၎င်းတို့ကို ရောနှောပြုလုပ်ထားသည့် မျက်နှာဖုံးကို အသုံးပြုခြင်းဖြင့်
-အမာရွတ်များကို သက်သာပျောက်ကင်းစေခြင်း
-တင်းတိတ် နှင့် နေလောင်ခြင်းကြောင့်ဖြစ်သော အမည်းစက်များကို လျော့နည်းစေနိုင်ခြင်း စသည့် ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါသည်။
အထက်ဖော်ပြပါ မျက်နှာဖုံးကို တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် အသုံးပြုပေးခြင်းဖြင့် အမာရွတ်များကို သက်သာပျောက်ကင်းနိုင်မည် ဖြစ်ပါသည်။
( ၆ ) သံလွင်ဆီ
သံလွင်ဆီတွင် ပါဝင်သည့် ဒြပ်ပေါင်းအချို့သည် အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ အရေပြားဆဲလ်အသစ်များဖြစ်ပေါ်ရန် အားပေးကူညီခြင်း စသည့် ကောင်းကျိုးများ ရှိသဖြင့် အသားအရေလှပလိုသောသူများ အနေဖြင့် အသားအရေထိန်းသိမ်းရာတွင် အသုံးပြုသင့်သည့် အဆီတစ်မျိုးဖြစ်ပါသည်။
( ၇ ) နွားနို့နှင့် ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသည့် မျက်နှာဖုံး
နွားနို့တွင် ပါဝင်သည့် Alpha Hydroxy Acid ဟုခေါ်သော Lactic Acid ဓာတ်များ ကြွယ်၀သည့် အစားအစာတစ်မျိုးဖြစ်ပါသည်။
Alpha hydroxy acid သည် အမာရွတ်များကို မှေးမှိန်စေနိုင်ခြင်း ၊ အရေပြားပေါ်ရှိ အမည်းစက် အကွက်များကို ပျောက်ကင်းစေခြင်းတို့ကို ကူညီပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သည့် Vitamin C ဓာတ်များသည်လည်း ဝက်ခြံအမာရွတ်များကို လျင်မြန်စွာ ပျောက်ကင်းစေသည့် အာနိသင်ရှိသဖြင့် ၎င်းကို နွားနို့နှင့် ရော၍ အသုံးပြုခြင်းဖြင့် အမာရွတ်များကို အချိန်တိုအတွင်း မှေးမှိန်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
Author: Dr. CK