ပြစ်မျိုးမှဲ့မထင်လှပသည့် အသားအရေကို ပိုင်ဆိုင်ရန်အတွက် အရေးပါသည့် အချက်တစ်ချက်မှာ အရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ရန် ရေဓာတ်ဖြည့်ဆည်းပေးခြင်းဖြင့် အသားအရေကို ထိန်းသိမ်းပေးခြင်းပင် ဖြစ်ပါသည်။
အရေပြားကို ရေဓာတ်ပြည့်၀စေရန် ပြုလုပ်ခြင်းသည် အသားအရေခြောက်သွေ့သောသူများသာမက ပုံမှန်အသားအရေပိုင်ရှင်များ၊ အဆီပြန်သည့် အသားအရေရှိသူများအတွက်လည်း လိုအပ်ကြောင်း တွေ့ရှိရပါသည်။
ထို့အတူ မည်သည့်ရာသီဥတုတွင်မဆို မျက်နှာအသားအရေစိုပြည်လှပစေရန်အတွက် ရေဓာတ်ဖြည့်ပေးရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ခြောက်သွေ့သော အသားအရေသည် အသားယားယံခြင်း ၊ အရေပြားအကွက်များဖြစ်ခြင်းနှင့် အခြားအရေပြားပြဿနာများစွာတို့ကို ဖြစ်ပေါ်ခံစားစေတတ် သောကြောင့်ဖြစ်ပါသည်။
အောက်ပါနည်းလမ်းများဖြင့် ရေဓာတ်ပြည့်၀သည့် အသားအရေကို ရရှိရန် လုပ်ဆောင် ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
( ၁ ) အဆီဖြင့် အရေပြားကို လိမ်း၍နှိပ်နယ်ပေးပါ
အဆီများတွင် အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်သည့် ဗီတာမင်အာဟာရဓာတ်များစွာ ပါဝင်ေကြာင်း လေ့လာတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း
အုန်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီ သို့မဟုတ် နှမ်းဆီ စသည့် အဆီများအနက် ကြိုက်နှစ်သက် ရာအဆီတစ်မျိုးဖြင့် အရေပြားပေါ်တွင် လိမ်း၍ တစ်မိနစ်ခန့် နှိပ်နယ်ပေးပါ။ ထိုသို့နှိပ်နယ်ပေးခြင်းဖြင့် အရေပြားမှ အဆီကို ကောင်းစွာ စုပ်ယူစေရန် အားပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ၎င်းနည်းလမ်းကို တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။
( ၂ ) ပျားရည်ဖြင့် အရေပြားခြောက်သွေ့မှုမှ ကာကွယ်ပါ
ပျားရည်သည် အရေပြားရှိ ချွေးပေါက်များတွင်ရှိသော အညစ်အကြေးများကို သန့်စင်စေပြီး အသားအရေအား ကြည်လင်လှပစေသည့် အာနိသင်ကို ပေးစွမ်းနိုင်သော Antioxidants များစွာပါဝင်ကြောင်း တွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း
မျက်နှာ သို့မဟုတ် လက်မောင်းရှိ အရေပြားပေါ်တွင် ပျားရည်ကို လိမ်း၍ ၁၅ မိနစ်ခန့် ထားပါ။ ထို့နောက် ရေနွေးဖြင့်သန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ။ ထိုသို့ တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက် ပို၍ပြုလုပ်ပေးခြင်းဖြင့် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
( ၃ ) ရှားစောင်းလက်ပပ်အနှစ်ဖြင့် လိမ်းပေးပါ
ရှားစောင်းလက်ပပ်တွင် အရေပြားကျန်းမာရေးကိုများစွာ အထောက်အကူပြုသည့် အာဟာရဓာတ်များနှင့် ရောင်ရမ်းခြင်းကို လျော့နည်းစေနိုင်သည့် Antioxidants များစွာပါဝင်ကြောင်း လေ့လာချက်များအရ သိရှိရပါသည်။
ထို့ပြင် အရေပြားခြောက်သွေ့ခြင်းကြောင့်ဖြစ်သော အသားအရေယားယံခြင်းကို ကာကွယ်ပေးနိုင်သော အာနိသင်ရှိသော အပင်တစ်မျိုး ဖြစ်ပါသည်။
အသုံးပြုရန်နည်းလမ်း
ရှားစောင်းလက်ပပ်အနှစ်ကို အရေပြားပေါ်တွင် လိမ်း၍ ၁၅ မိနစ်ခန့်ထားပါ။ ထို့နောက် ရေနွေးဖြင့် သန့်စင်ပေးပါ။
နှစ်ရက်ခြား ၊ သုံးရက်ခြားလျှင် တစ်ခါခန့်ပြုလုပ်ပေးပါ။
( ၄ ) နို့ သို့မဟုတ် ထောပတ်နို့ဖြင့် လိမ်းပေးပါ
နို့ နှင့် ထောပတ်နို့တို့သည် အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်သည့်အပြင် အသားအရေ တွန့်ခြင်းကို ကာကွယ်ပေးနိုင်သည့် ဂုဏ်သတ္တိလည်းရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း
၎င်းတို့ကို ခြောက်သွေ့သည့် အရေပြားပေါ်တွင် လိမ်း၍ အချိန် ၁၀ မိနစ်ခန့်ထားပါ။ ထို့နောက် ရေနွေးဖြင့် သေချာစွာ ဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ရေမချိုးခင် ပြုလုပ်ပေးနိုင်ပါသည်။
( ၅ ) ထောပတ်သီးအနှစ်ဖြင့် လိမ်းပေးခြင်းဖြင့် အရေပြားကို ရေဓာတ်ဖြည့်ပေးပါ
ထောပတ်သီးသည် Fatty acids, Vitamin A , Vitamin C , Vitamin E စသည့် အာဟာရဓာတ်များစွာ ပါဝင်သော သစ်သီးတစ်မျိုးဖြစ်ပါသည်။ ၎င်းတွင် ပါဝင်သည့် ဗီတာမင်စီသည် အသားအရေနုပျိုလှပစေရန် လိုအပ်သည့် ကော်လာဂျင်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း
ထောပတ်သီးအနှစ်ကို အရေပြားပေါ်တွင် သုတ်လိမ်း၍ နှစ်မိနစ်ခန့် နှိပ်နယ်ပေးပါ။
ထို့နောက် ရေနွေးဖြင့် သန့်စင်ပေးပါ။ ထိုသို့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် အသားအရေကို စိုပြည်လှပစေနိုင်မည်ဖြစ်ပါသည်။
( ၆ ) သရက်သီးထောပတ် (Mango Butter )
၎င်းတွင် အသားအရေကို စိုပြည်လှပစေနိုင်သည့် Antioxidants ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းများစွာ ပါဝင်သဖြင် အသားအရေခြောက်သွေ့ခြင်းမှကာကွယ်ရန် ကောင်းစွာ အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း
ထောပတ်ကို အရေပြားပေါ်တွင် လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ထို့နောက် ၁၀ မိနစ်ခန့် ကြာလျှင် ရေနွေးနွေးဖြင့် ဆေးပေးပါ။ အထက်ပါအတိုင်း နေ့စဉ် သို့မဟုတ် ရက်ခြားပြုလုပ်ပေးပါ။
( ၇ ) သခွားသီးဖျော်ရည်ကို လိမ်းပြီး နှိပ်နယ်ပေးပါ
သခွားသီးတွင် ရေဓာတ်များစွာ ပါဝင်သည့် သစ်သီးတစ်မျိုးဖြစ်သောကြောင့် အရေပြားခြောက်သွေ့ခြင်းကို ကောင်းစွာ ကာကွယ်ပေးနိုင်သည့် အာနိသင်ရှိပါသည်။
အသုံးပြုရန်နည်းလမ်း
သခွားသီးဖျော်ရည်ကို အဆီအနည်းငယ်ရော၍ အရေပြားတွင် လိမ်းပြီး ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။
ထို့နောက်ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။
ထိုသို့ ညစဉ်ပြုလုပ်ပေးခြင်းဖြင့် ခြောက်သွေ့သော အသားအရေကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
( ၈ ) ပျားဖယောင်းနှင့် အုန်းဆီဖြင့် အရေပြားကို လိမ်းပေးပါ
ပျားဖယောင်းတွင် အရေပြားကို နူးညံ့စေပြီး အသားအရေကို တင်းရင်းစေသည့် အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။
၎င်းကို အရေပြားရောင်ရမ်းခြင်းအား လျော့နည်းစေနိုင်သည့် အာနိသင်ရှိသော အုန်းဆီနှင့် ရော၍ လိမ်းပေးခြင်းဖြင့် စိုပြည်လှပသည့် အသားအရေကို ရရှိရန် များစွာအထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း
ပျားဖယောင်းနှင့် အုန်းဆီတို့ကို ရောနှော၍ အပူပေးပါ။ ထို့နောက် ၎င်းတို့ကို ခေတ္တခဏအအေးခံပြီး အရေပြားပေါ်တွင် လိမ်း၍ နှိပ်နယ်ပေးပါ။ မနက်အိပ်ရာမှထလျှင် ရေဖြင့် သေချာစွာ ဆေးကြောသန့်စင်ပေးပါ။
အထက်ပါနည်းလမ်းကို တစ်ရက်ခြားခန့် ပြုလုပ်ပေးပါ။