လူ့ခန္ဓာကိုယ်သည် အသက်ရှင်လှုပ်ရှားရှင်သန်ရန်အတွက် လိုအပ်သောစွမ်းအင်ကယ်လိုရီကို အစားအစာမှရရှိပါသည်။ ထိုစွမ်းအင်ကယ်လိုရီသည် လိုအပ်သည်နှင့်ပိုလျှင် ကိုယ်အလေးချိန်တိုးကာလိုအပ်သည်ထက်နည်းလျှင် ကိုယ်အလေးချိန်လျော့ကျလာပါသည်။ ကျွန်ုပ်တို့သည်ကိုယ်အလေးချိန်လျော့ကျစေရန် ကယ်လိုရီအဝင်နှုန်းလျှော့ချကာ Diet များပြုလုပ်ကြပါသော်လည်း ပြင်းထန်စွာ Diet မလုပ်ဘဲ ဝိတ်ကျစေသောအချက်များရှိပါသည်။
Diet မလုပ်ဘဲ ဝိတ်ကျစေရန် အစားစားသည့်အခါတွင် အလေ့အကျင့်ကောင်းများရှိရန်လိုသည်။ အစားစားရာတွင် ဖြည်းဖြည်းနှင့်မှန်မှန် အစာကိုကြေညက်စွာဝါး၍စားရပါမည်။ ဖြည်းဖြည်းနှင့်မှန်မှန်စားခြင်းသည် မိမိ၏စိတ်တွင်ဗိုက်တင်းလာခြင်းကိုခံစားရစေပြီ းဝိတ်ကျစေကာ မြန်မြန်စားခြင်းက ဝိတ်ပိုတက်စေသည်ဟုတွေ့ရပါသည်။ ကယ်လိုရီနည်းနည်းနှင့်ဗိုက်ကိုပြည့်ဝခြင်းတွင်အထောက်အကူပြုပါသည်။
ထို့ပြင် ထမင်းစားသည့်အခါတွင် ထမင်းပန်းကန်အရွယ်သေးနှင့်စားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဦးနှောက်ကို လှည့်စားကာ မိမိသည် မိမိစားသင့်သည်ထက်ပို၍စားနေသည်ဟုထင်မှတ်ပြီး မိမိ၏စိတ်ထိန်းချုပ်မှုဖြင့် ပမာဏနည်းနည်းသာစားတော့သည်။ ထို့ပြင် ဖုန်း၊ တီဗီ၊ ဂိမ်းကစားရင်းအစားစားခြင်းသည် မိမိကိုယ်ကို မိမိစားသည့်ပမာဏကို သတိမထားမိဘဲပိုမိုစားမိကာ ဝိတ်တက်လာရပါသည်။ မိမိ၏ သတိမမူမိသောအကျင့်များကို ပြောင်းလဲပေးခြင်းဖြင့် ဝိတ်ကျနိုင်ပါသည်။
Diet မလုပ်ဘဲ ဝိတ်ကျစေသောနည်းလမ်းများတွင် ပုံမှန်ပမာဏအစာစားနေလျက်နှင့်ပင် ဝိတ်ကျစေပါသည်။ သို့သော်လည်း မိမိစားသောအစားအစာသည် မှန်ကန်ရန်လိုအပ်ပါသည်။ ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများ စားခြင်းအားဖြင့်တော့ ဝိတ်မကျနိုင်ပါ။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သောအစာများ၊ အသားဓာတ်များ၊ ဆယ်လ်မွန်၊ တူနာငါး၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ ဖရုံသီး၊ အစေ့အနှံများ၊ အာလူး၊ထောပတ်သီး၊ သစ်သီးဝလံများ၊ ကြက်ဥ၊ ဒိန်ချဉ်၊ အမျှင်ဓာတ်ပါသောအစာများ၊ အုတ်ဂျုံ၊ အဆီနည်းသောအသားများ စသည့်၊ ပမာဏများစွာစား၍လည်းကယ်လိုရီများစွာမတက်သောအစားအစာများကို စားပေးသင့်ပါသည်။ အမျှင်ဓာတ်ပါသောအစားအစာများသည် ဗိုက်ပြည့်စေရုံသာမက အစားစားချင်စိတ်ကိုလည်းလျော့ကျ၍ အစာချေဖျက်ခြင်းကိုလည်းနှေးစေသောကြောင့်ဗိုက်ခဏခဏဆာခြင်းကိုလျော့ကျစေပါသည်။
မိမိတို့၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ညီညွတ်သောအစားအစာများကို ပုံမှန်စားသောက်ပြီးဝိတ်ကျစေရန်အတွက်မိမိတို့အနေဖြင့်လည်း ဝိတ်တက်စေသောအစားအစာများဖြစ်သည့် အချိုဓာတ်၊သကြားဓာတ်ပါသောအစားအစာများ၊ တာရှည်ခံပစ္စည်းများနှင့်ထုတ်လုပ်ထားသော အစားအစာများ၊ သရေစာများ၊ အချိုရည်၊ ဖျော်ရည်၊ အရက်၊ ဘီယာ စသည်တို့ကိုရှောင်ရှားရန်လိုအပ်ပါသည်။ သို့မှသာ Diet လုပ်စရာမလိုဘဲ ပုံမှန်စားနေကျ ပမာဏစားခြင်းဖြင့်ဝိတ်ကျနိုင်ပါမည်။
ထိုမျှသာမက ရေများများသောက်ခြင်းဖြင့်လည်း Diet မလုပ်ဘဲ ဝိတ်ကျနိုင်ပါသည်။ ရေသောက်ခြင်းသည် မိမိတို့၏ ဇီ၀ဖြစ်ပျက်မှု (Metabolism) ကိုမြန်စေ၍ ကယ်လိုရီလောင်ကျွမ်းမှုကိုတိုးမြင့်စေပါသည်။ ရေလီတာဝက်ခန့်ကို ထမင်းမစားမီ မိနစ်(၃၀) အလိုတွင်သောက်ခြင်းသည် ဗိုက်ဆာခြင်းကိုလျော့ကျစေပြီး အစာများများမစားအောင်ပြုလုပ်ပေးပါသည်။
ထို့ပြင်အိပ်စက်ခြင်းသည် ကိုယ်အလေးချိန်တက်ခြင်း၊ လျော့ကျခြင်းပေါ်မူတည်ပါသည်။ အိပ်စက်ချိန်နည်းခြင်း၊ စိတ်ဖိစီးမှုများခြင်းဖြစ်လျှင် ခန္ဓာကိုယ်မှကော်တီဆော ဟော်မုန်းထွက်ကာ ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများကိုစားချင်သောစိတ်ဖြစ်ပေါ်စေကာ ဝိတ်တက်လာနိုင်ပါသည်။ လှုပ်ရှားမှုအနေဖြင့်လည်း အားကစားလုပ်ပေးသင့်ပါသည်။
ထိုကဲ့သို့သောအကြောင်းရင်းများကြောင့် မိမိတို့အနေဖြင့် Diet မလုပ်ဘဲဝိတ်ကျစေရန် မိမိပုံမှန်စားနေသောအစားအစာပမာဏတွင် ကျန်းမာရေးနှင့်မညီညွတ်သောအစားအသောက်များကို ကျန်းမာမှန်ကန်သောအစားအသောက်များနှင့် အစားထိုးကာ၊ အလေ့အကျင့်များကိုပြုပြင်ပြောင်းလဲလုပ်ဆောင်ခြင်းဖြင့် ကိုယ်အလေးချိန်ကို လျော့ချရန် Dietလုပ်စရာမလိုဘဲ ကျန်းမာစွာကိုယ်အလေးချိန်လျှော့ချနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။
Author: Dr. Win