လူ့ခန္ဓာကိုယ်အတွက်အရေးပါပြီး မရှိမဖြစ်လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်နှင့် သက်စောင့်ဓာတ်အများစုကို လူ့ခန္ဓာကိုယ်မှ မထုတ်လုပ်နိုင်ပါ။ ထိုကြောင့် စားသောက်သော အစားအစာအာဟာရနှင့် ဖြည့်စွက်ဆေးများမှတစ်ဆင့် ခန္ဓာကိုယ်၏ လိုအပ်ချက်အရ ဖြည့်စွက်ပေးရသည်။ ထိုဓာတ်များအနက် Vitamin C- Ascorbic Acid ဟာ ခန္ဓာကိုယ်တစ်ခုလုံး၏ အရေးကြီးသည့် ဇီဝကမ္မဖြစ်စဉ်များအတွက် အရေးပါသော ဗီတာမင်တစ်မျိုးဖြစ်ပါသည်။
လူ့ခန္ဓာကိုယ် အရေပြားအတွင်းရှိ မယ်လနိုစိုက်ဆဲလ်များ Melanocyte Skin Cells မှ Melanin Pigment မယ်လနင်ရောင်ခြယ်ကိုထုတ်ပြီး အသားအရောင်ကိုဖြစ်ပေါ်စေသည်။ အရေပြားမှမယ်လနင်များများထွက်လေ အရေပြားအရောင် မည်းနက်လေလေဖြစ်သည်။ ဗီတာမင်စီသည် မယ်လနင်ထွက်ခြင်းနှင့် ဆက်စပ်သည့် အင်ဇိုင်းကိုဓာတ်ပြုပေးပြီး အရေပြားမှမယ်လနင်ထွက်ခြင်းကို လျော့နည်းစေပြီး အရေပြားရှိ အမည်းစက်၊ အစက်အပြောက်များကို လျော့နည်းစေသည့် Anti Pigmentation အာနိသင်ရှိပါသည်။ ထို့ကြောင့် အမည်းစက်သက်သာပြီး အသားအရေ တောက်ပမှုအတွက် ထုတ်လုပ်ထားသော အလှကုန်ပစ္စည်းများတွင် Vitamin C ကို ထည့်သွင်းပြီး ထုတ်လုပ်ကြသည်။
ဗီတာမင်စီသည် ခန္ဓာကိုယ်ဆဲလ်များကို ဖျက်ဆီးသည့် နာတာရှည်ရောင်ရမ်းမှုကို ဆန့်ကျင်တားဆီးပေးသည့် (Antioxidant Properties ) ဓာတ်တိုးဆန့်ကျင်အစွမ်းရှိပါသည်။ ထို့ကြောင့် နေရောင်ခြည်တွင်ပါသော ခရမ်းလွန်ရောင်ခြည် Ultraviolet-UV ဒဏ်နှင့် အညစ်အကြေးအဆိပ်အတောက်များကြောင့် အရေပြားပျက်စီးမှုကို တားဆီးပေးနိုင်သည်။ ထို့ပြင် ဗီတာမင်စီသည် အရေပြားဆဲလ်များ ကော်လဂျင်များ ဖွဲ့စည်းမှုအတွက် မရှိမဖြစ်လိုအပ်သောဓာတ်တစ်ခု ဖြစ်ပါသည်။ အသက်အရွယ်ရလာသည်နှင့် ကော်လဂျင်အမျိုးအစား ၂ မျိုးထုတ်လုပ်မှု လျော့လာပြီး အရေပြားလျော့ရဲလာသည်။
ဗီတာမင်စီသည် ဆဲလ်အတွင်းမှ ကော်လဂျင်ထုတ်လုပ်မှုကို မျိုးရိုးဗီဇဒီအန်အေ DNA အထိ လှုံ့ဆော်ပေးခြင်းဖြင့် အရေပြားတင်းရင်းမှုကို ဖြစ်ပေါ်စေနိုင်သည်။
ဗီတာမင်စီသည် အရေပြားကျန်းမာရေးတွင် အဓိကကျသည့်ဓာတ်ဖြစ်သည့်အတွက် Vitamin C ချို့တဲ့လျှင် အရေပြားခြောက်သွေ့ ကြမ်းတမ်းပျက်စီးတာ၊ အရေးအကြောင်း၊ ကြာဆူး၊ ဝက်ခြံ၊ အဆီဖု၊ အမည်းစက်ပြဿနာများ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် အရေပြား အညိုအမည်း၊အကွက်စွဲ၊ အနာကျက်နှေးတာတွေ၊ ယောင်ယမ်းနာကျင်တာတွေလည်း ခံစားရနိုင်ပါသည်။ ခန္ဓာကိုယ်အမွှေးအမျှင်ထွက်သည့် မွှေးညင်းအိတ်လေးများတွင် ပုံမမှန်တာတွေလည်း ဖြစ်နိုင်ပါသည်။ ခြေသည်းလက်သည်းခွံပေါ်တွင် အစင်းကြောင်းထွက်တာ Spoon-shaped ဇွန်းပုံစံ လက်သည်းခွံပုံမမှန်ဖြစ်တာတွေ ဖြစ်နိုင်ပါသည်။
ဗီတာမင်စီသည် ရေတွင်ပျော်ဝင်နိုင်သော ဓာတ်ဖြစ်သည့်အတွက် ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူနိုင်ပါသည်။ Ascorbic Acid ဖြစ်သည့်အတွက် ချဥ်သောအရသာရှိသည့် သံပရာသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ခရမ်းချဥ်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီနှင့် ဘယ်ရီသီး၊ ကီဝီသီး၊ ပန်းငရုတ်ပွရောင်စုံ၊ မာလကာသီး၊ စပျစ်သီးစသည့် အစားအစာများတွင် ပါဝင်ပါသည်။ ထို့ကြောင့် အထက်ပါအစားအစာများနှင့် ဖြည့်စွက်ဆေးများကို တစ်နေ့တာခန္ဓာကိုယ်လိုအပ်ချက် ၁၀၀ ဂရမ်ရရှိအောင် မှီဝဲပေးခြင်း သို့မဟုတ် ဗီတာမင်စီလိမ်းဆေး၊ အလှကုန် ဖြည့်စွက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲပေးခြင်းဖြင့် ကျန်းမာသောအသားအရေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
Author: Dr. Yee Mon