ဆောင်းရာသီသည် အေးအေးချမ်းချမ်းနှင့် နေချင့်စဖွယ်ရာသီဖြစ်ပါသည်။ သို့သော် အသားအရေအတွက်မူ ရာသီဥတုအေးမြမှုနှင့် လေထု၏ ခြောက်သွေ့မှုသည် ကောင်းမွန်သော အခြေအနေတစ်ခု မဟုတ်ပေ။
ထို့ကြောင့် ဆောင်းတွင်းကာလတွင် အသားပပ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်း စသော ပြဿနာများကို ကြုံကြရလေ့ရှိပါသည်။ အဆိုပါ ပြဿနာများကို ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းများ မပြုလုပ်ပါက အသားအရေ ပျက်စီးခြင်း ပြဿနာများ ပိုမိုဆိုးရွားလာတတ်ပါသည်။ ထို့ကြောင့် ဆောင်းရာသီတွင် အသားအရေ မပျက်စီးစေရန် ထိန်းသိမ်းသည့် နည်းလမ်းများကို ဖော်ပြလိုက်ရပါသည်။
ရေများများသောက်ပါ
ရေဓာတ်သည် အသားအရေအတွက် မိတ်ဆွေဖြစ်ပါသည်။ ကျန်းမာလှပသော အသားအရေကို ပိုင်ဆိုင်နိုင်ရန်အတွက် ရေဓာတ်ပြည့်ဝနေရန် အရေးကြီးလှပါသည်။ ထို့ကြောင့် ရေများများ သောက်ခြင်းဖြင့် အသားအရေကို ရေဓာတ်ပြည့်ဝစေကာ မပျက်စီးစေရန် ကာကွယ်ပေးနိုင်ပါသည်။
သို့သော် ဆောင်းရာသီတွင် အေးမြမှုကြောင့် ရေသောက်ရန် မေ့လျော့နေတတ်သည်။ ခန္ဓာကိုယ်အတွင်းပိုင်း၏ အပူချိန်သည် အပြင်ပိုင်းထက်များစွာ ပိုများပါသည်။ ထို့ကြောင့် ရေသောက်နည်းခြင်း၊ ရေသောက်ရန် မေ့နေခြင်းများကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း၏ အပူချိန်ကို ချိန်ညှိရန် ရေပမာဏ မလုံမလောက်ဖြစ်ကာ အပူချိန် မြင့်တက်လာခြင်းများ ဖြစ်ပွားတတ်ပါသည်။ နောက်ဆက်တွဲအနေဖြင့် အပူကန်ခြင်း၊ အရေပြားအပေါ်တွင် အဖုအပိန့်များ ဖြစ်လာခြင်း စသည်တို့ ဖြစ်ပေါ်လာကာ အသားအရေ ကို ထိခိုက်ပျက်စီးစေပါသည်။ ထို့ပြင် အသားအရေ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းစသော ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။
Moisturizer လိမ်းပါ
အသားအရေကို ရေဓာတ်ဖြည့်တင်းရန်အတွက် ရေသောက်ခြင်းသည် အရေးကြီးသကဲ့သို့ ရေဓါတ်ဖြည့်တင်းပေးသော Moisturizer များကိုလည်း လိမ်းပေးသင့်ပါသည်။ Moisturizer များသည် အသားအရေကို ရေဓာတ်တိုက်ရိုက်ဖြည့်တင်းပေးနိုင်သဖြင့် အသားအရေ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများအတွက် လွန်စွာမှ အကျိုးရှိလှပါသည်။
ထိုသို့ လိမ်းရာတွင် ပုံမှန်အသားအရေရှိသူများ၊ ခြောက်သွေ့သော အသားအရေ ရှိသူများသာ လိမ်းသင့်ပြီး အဆီပြန်သော အသားအရေရှိသူများအနေဖြင့် Moisturizer များကို လိမ်းရန် မလိုအပ်ပါဟု တစ်ခါတစ်ရံ ထင်မြင်မိတတ်ပါသည်။ ထိုသို့မဟုတ်ပါ။ အဆီပြန်သော အသားအရေရှိသူများလည်း အေးမြသော ဆောင်းရာသီတွင် Moisturizer များကို လိမ်းပေးပြီး အသားအရေကို ရေဓာတ်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။ ထိုသို့ Moisturizer များကို လိမ်းသောအခါ မျက်နှာသစ်ပြီးတိုင်း၊ ရေချိုးပြီးတိုင်း လိမ်းသင့်သလို ညအိပ်ရာဝင်ခါနီးတိုင်းလည်း လိမ်းပေးသင့်ပါသည်။
အလွန်ပူနွေးသောရေဖြင့် ရေချိုးခြင်းကို ရှောင်ကြဉ်ပါ
အေးမြသော ဆောင်းရာသီတွင် ရေချိုးရန် နောက်တွန့်နေမိတတ်ပါသည်။ ကာလကြာရှည်စွာ ရေမချိုးပါက အပူအအေးမမျှကာ အပူကန်ခြင်း ဖြစ်နိုင်ပါသည်။ အအေးဒဏ်ကို ကြောက်၍ ရေနွေးပူပူဖြင့် ရေချိုးပါကလည်း အသားအရေကို ခြောက်သွေ့ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ရေကို မပူလွန်း၊ မအေးလွန်း အနေတော်ဖြစ်အောင်စပ်ကာ ခပ်မြန်မြန်လေး ချိုးပေးနိုင်ပါသည်။
ထို့ပြင် ရေချိုးပြီးနောက်၊ မျက်နှာသစ်ပြီးနောက်တွင်လည်း ရေဓာတ်ဖြည့် Moisturizer များကို လိမ်းပေးသင့်ပါသည်။
လေထုစိုထိုင်းဆကို မြှင့်တင်ပါ
ဆောင်းရာသီတွင် လေထုသည် အေးမြပြီး ခြောက်သွေ့နေတတ်ပါသည်။ ထိုသို့ ခြောက်သွေ့နေခြင်းသည် အရေပြားကိုပါ ခြောက်သွေ့လာအောင် လုပ်ဆောင်ပေးပါသည်။ ထို့ကြောင့် အရေပြား အက်ကွဲ ခြောက်သွေ့ခြင်းပြဿနာများ မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။
ထို့ကြောင့် မိမိတို့နေထိုင်သော အခန်းများတွင် လေထုစိုထိုင်းဆကို မြှင့်တင်ရန် အတွက် ရေငွေ့ထုတ်စက် (Humidifier) များကို အသုံးပြုပေးသင့်ပါသည်။
နေရောင်ကာ လိမ်းဆေးများကို အသုံးပြုပါ
ဆောင်းရာသီတွင် မနက်နှင့် ညနေပိုင်းများတွင် အေးမြသော်လည်း နေ့လည်ခင်းအချိန်များတွင် နေရောင်ခြည်၏ အပူရှိန်မှာ စူးရှ ပြင်းထန်လေ့ရှိပါသည်။ ဆောင်းရာသီ၏ အေးမြမှုကြောင့် ခြောက်သွေ့နေသော အသားအရေပေါ်သို့ စူးရှပြင်းထန်သော နေရောင်ခြည် ကျရောက်လာသောအခါ အသားအရေပျက်စီးခြင်းကို ပိုမို ဖြစ်ပေါ်စေပါတော့သည်။
ထို့ကြောင့် အပြင်သို့ ထွက်မည်ဆိုပါက အရေပြားကို နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့စေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ထီး၊ ဦးထုပ် စသည်တို့ကို တတ်နိုင်သ၍ ဝတ်ဆင်အသုံးပြုသင့် သကဲ့သို့ နေရောင်ကာ လိမ်းဆေးများကိုလည်း လိမ်းသွားသင့်ပါသည်။ ဤသို့ လိမ်းပေးခြင်းအားဖြင့် နေရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ထိခိုက်ပျက်စီးခြင်းများကို ကာကွယ်ပေးနိုင်ပါသည်။
ထို့ပြင် နေကာမျက်မှန်ကို တပ်ပေးခြင်းအားဖြင့်လည်း မျက်လုံးတစ်ဝိုက်ရှိ အရေပြားများပျက်စီးခြင်း၊ အရေးအကြောင်း ဖြစ်ခြင်း စသည်တို့ကို ကာကွယ်ပေးနိုင်ပါသည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းသည် အေးမြသော ဆောင်းရာသီတွင် အနွေးဓာတ်ရရှိစေနိုင်ရုံသာမက သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်လာစေပါသည်။ ထို့ပြင် ချွေးထွက်ခြင်းကြောင့် အရေပြားတွင်ကိန်းအောင်းနေသော အညစ်အကြေးများကိုလည်း ဖယ်ရှားပြီးသား ဖြစ်စေပါသည်။ အရေပြားကို အစိုဓာတ်လည်း ရရှိစေကာ အရေပြား ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် ချွေးထွက်စေမည့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို တစ်နေ့လျှင် နာရီဝက်ခန့် ပြုလုပ်ပေးသင့်ပါသည်။
Author: ဒေါက်တာမိုး (ဆေး ၁)