အုန်းဆီကို လူအများစုက ဆံပင်အတွက်သာ အသုံးပြုလေ့ရှိကြပါတယ်။ အုန်းဆီဟာ အရေပြားအတွင်းထဲကို အလွယ်တကူစိမ့်ဝင်နိုင်ပြီး ခြောက်သွေ့ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ ဒါ့ပြင် အုန်းဆီမှာ ပိုးသတ်နိုင်စွမ်းနဲ့ မှိုသတ်နိုင်စွမ်းလည်းရှိပါတယ်။
အရေပြားအကြောပြတ်ရာဆိုတာဟာ အရေပြားရဲ့အတွင်းပိုင်းအလွှာက ဆွဲဆန့်နိုင်တဲ့အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလို့ဖြစ်လာရခြင်းဖြစ်ပါတယ်။ အရေပြားဟာ အလွန်အမင်းဆန့်ရတဲ့အခါမှာ Collagen Fibers တွေကျိုးပျက်ကုန်ပြီး အောက်မှာရှိတဲ့သွေးကြောလေးတွေကို မြင်နေရပါတော့တယ်။ အဲဒါကြောင့် အကြောပြတ်ရာတွေဟာ အနီရောင်သန်းတာ၊ ခရမ်းရောင်သန်းနေတာမျိုးတွေတွေ့နိုင်ပြီး အနည်းငယ်ဖောင်းနေတာမျိုးလည်းတွေ့ရနိုင်ပါတယ်။
အကြောပြတ်ရာအဖြစ်များတဲ့နေရာတွေကတော့ ဝမ်းဗိုက်၊ ပေါင်၊ လက်မောင်း၊ တင်ပါးနဲ့ ရင်ဘတ်တို့ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်အလေးချိန်တိုးလာတဲ့အချိန်နဲ့ အရွယ်ရောက်ချိန်တွေမှာ အရေပြားအကြောပြတ်ရာတွေဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ ယားယံတာမျိုးရှိတတ်ပေမဲ့ ကျန်းမာရေးအတွက်တော့စိုးရိမ်စရာမလိုပါ။ ဒါပေမဲ့ အလှအပအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
အုန်းဆီဟာ အကြောပြတ်ရာတွေသက်သာစေဖို့ အသုံးများတဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာ ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် အသားအရေကိုစိုပြည်စေကာ အကြောပြတ်ရာတွေကို မှေးမှိန်လာစေနိုင်ပါတယ်။ အုန်းဆီရဲ့ကောင်းကျိုးတွေကတော့-
(၁) ရေဓာတ်ဖြည့်တင်းပေးနိုင်ခြင်း
အုန်းဆီဟာ အရေပြားကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အကောင်းဆုံးသဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အရေပြားအလွှာအသီးသီးမှရေဓာတ်ဆုံးရှုံးမှုကိုတားဆီးပေးတဲ့အတွက် အသားအရေကိုစိုပြည်လာစေပါတယ်။ ရေဓာတ်ပြည့်ဝပြီးစိုပြည်နေတဲ့အသားအရေပေါ်မှာ အကြောပြတ်ရာဖြစ်ပေါ်နိုင်ခြေနည်းပါတယ်။
(၂) Collagen ထုတ်လုပ်မှုကိုအားပေးခြင်း
အုန်းဆီမှာ Lauric Acid ပါဝင်တာတဲ့အတွက် အရေပြားအလွှာအတွင်းသို့ လွယ်ကူစွာစိမ့်ဝင်စေကာ Collagen ထုတ်လုပ်မှုကို အားပေးပါတယ်။ Collagen တွေဟာ အနာကျက်ရာမှာ အရေးပါပါတယ်။ ဒါကြောင့် အုန်းဆီကို အရေပြားအကြောပြတ်ရာတွေပေါ်လိမ်းပေးရင် Collagen ထုတ်လုပ်မှုများလာစေပြီး အကြောပြတ်ရာတွေကိုလည်းမှေးမှိန်လာစေနိုင်ပါတယ်။
(၃) နေလောင်ဒဏ်ကိုကာကွယ်ပေးနိုင်ခြင်း
နေလောင်ဒဏ်နဲ့ UV တွေဟာ အမာရွတ်တွေပြန်လည်ကောင်းမွန်စေဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။ အုန်းဆီလိမ်းခြင်းဟာ အရေပြားကို UV တိုက်ရိုက်မထိတွေ့နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အုန်းဆီဟာအကြောပြတ်ရာတွေကို လုံးဝပျောက်ကင်းစေတာမျိုးမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိတော့ မှေးမှိန်သွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ကတော့ အကြောပြတ်ရာတွေသက်သာစေဖို့အုန်းဆီလိမ်းတော့မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှလိမ်းတာက အကောင်းဆုံးဖြစ်ပါတယ်။
အုန်းဆီကိုအကြောပြတ်ရာတွေမဖြစ်လာအောင် ကာကွယ်နိုင်ဖို့အတွက်လည်း လိမ်းပေးနိုင်ပါတယ်။ မိမိကိုယ်ဝန်စရှိချိန်ကတည်းက အုန်းဆီလူးပေးမယ်ဆိုရင် အရေပြားကိုရေဓာတ်ပြည့်ဝစေပြီး အရေပြားဆွဲဆန့်နိုင်အားကိုလည်း တိုးမြင့်လာစေနိုင်ပါတယ်။ ဒါကြောင့် အကြောပြတ်ရာတွေအလွယ်တကူမဖြစ်လာနိုင်အောင် အုန်းဆီကကာကွယ်ပေးနိုင်ပါတယ်။
အုန်းဆီက ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အတွက် ရှိပြီးသားအကြောပြတ်ရာတွေကို မြန်မြန်သက်သာလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့ပြင် အရေပြားအတွင်းပိုင်းထိ ရေဓာတ်ဖြည့်တင်းပေးနိုင်လို့ အကြောပြတ်ရာကြောင့်ဖြစ်တဲ့ ယားယံခြင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ အုန်းဆီဟာအသားအရေကို နဂိုအရောင်ထက်ပိုမိုကြည်လင်ဝင်းပစေနိုင်ပြီး အကြောပြတ်ရာတွေကိုလည်း မှေးမှိန်ဖျော့တော့လာစေပါတယ်။ သဘာဝအုန်းဆီဟာ လူအများစုအတွက်အန္တရာယ်မရှိပေမဲ့ အုန်းဆီနဲ့မတည့်တဲ့သူတွေကတော့ လုံးဝစမ်းမသုံးကြည့်သင့်ပါဘူး။
အရေပြားအကြောပြတ်ရာတွေဟာ လူအများစုမှာရှိနေနိုင်ပြီး သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပဲ ဖြစ်ပါတယ်။ မိမိရဲ့အကြောပြတ်ရာတွေဟာ သိသာထင်ရှားတဲ့နေရာမှာဖြစ်နေလို့ သက်သာချင်တယ်ဆိုရင်တော့ လွယ်ကူပြီး အန္တရာယ်ကင်းတဲ့ သဘာဝအုန်းဆီကို ပုံမှန်လူးပေးပါက အကြောပြတ်ရာတွေမှေးမှိန်လာကာ စိုပြည်ဝင်းပတဲ့အသားအရေကို ရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။
Author: Dr. Aye Myat