ဒက်ပေါက်ခြင်းသည် ဦးရေပြားမှိုရောဂါတစ်မျိုး တစ်နည်းအားဖြင့် ဦးရေပြားတွင်ပေါက်သောပွေး ဖြစ်ပါသည်။ ကလေးများတွင် ဒက်ပေါက်ခြင်းသည် အဖြစ်အများဆုံးသော အရေပြားပြဿနာ တစ်မျိုးဖြစ်သည်။ ဦးရေပြားမှိုပိုး Tinea Capitis သည် ဆံသားအရင်းပိုင်းရှိ Hair Follicles နှင့် ဆံသားများကို ပျက်စီးပြီး ဦးရေပြားတွင် ရောင်ရမ်းခြင်းမရှိဘဲ အဖတ်များကွာပြီး မီးခိုးရောင်အကွက်များ ဖြစ်လာခြင်းကို ဒက်ပေါက်ခြင်းဟုခေါ်သည်။ ထိုအကွက်များသည် တဖြည်းဖြည်းကြီးလာပြီးပွားလာနိုင်ပါသည်။ အချိန်မီမကုသလျှင် ဦးရေပြားနာကျင်ခြင်း၊ ဆံပင်များပျက်စီးကြွပ်ဆတ်ခြင်း၊ ဦးရေပြားတွင်အနာဖြစ်ပြီး ဖျားခြင်း၊ ပြန်ရည်ကြောအကြိတ်များ ပိုးဝင်ရောင်ရမ်းခြင်းတို့အထိ ဖြစ်နိုင်ပါသည်။
ဒက်ပေါက်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ကလေးငယ်များ အထူးသဖြင့် အသက် ၁၂ အောက်အရွယ်များတွင် အဖြစ်များသည်။ အခြားနေရာများတွင် ပွေးပေါက်သည့် လက္ခဏာများကဲ့သို့ ဦးရေပြားမကြာခဏ ယားယံခြင်း၊ ဦးရေပြားတွင် အရေပြားအဖတ်များ ကွာကျခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်တွင်ကွက်ပြီး ဆံပင်မပေါက်ဘဲ ဦးရေပြားနီခြင်းတို့ တွေ့ရပါတတ်ပါသည်။
အရေပြားမှိုစွဲခြင်းသည် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမှတစ်ဆင့် အဓိကကူးစက်ပါသည်။ အရေပြားတွင် ချွေးစိုမှုများခြင်းနှင့် ပူနွေးစိုစွတ်မှုများခြင်းတို့ကြောင့် အရေပြားမှိုများ ကူးစက်ပေါက်ဖွားလွယ်သည်။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းခြင်းသည် အရေပြားမှိုကို ပေါက်ပွားမှု ပိုများစေနိုင်ပါသည်။ ထို့ကြောင့် ပွေး၊ဒက်ပေါက်နေသူကို ထိတွေ့ကိုင်တွယ်မိခြင်းမှတစ်ဆင့်သော်လည်းကောင်း၊ ခေါင်းဖြီးသောဘီး သို့မဟုတ် အဝတ်အစား၊ ဦးထုပ်၊ ခေါင်းအုံးစွပ်၊ ခေါင်းအုံး၊ တဘက်ကဲ့သို့ တစ်ကိုယ်ရည်သုံး ပစ္စည်းများမျှဝေသုံးစွဲခြင်းဖြင့် ပွေးရောဂါ ကူးစက်ပြီး ဒက်ပေါက်နိုင်ပါသည်။
အိမ်မွေးတိရစ္ဆာန်များဖြစ်သော ခွေး၊ ကြောင်များမှတစ်ဆင့်လည်း အရေပြားမှိုပိုး ကူးစက်နိုင်သည်။ နွား၊ မြင်း၊ ဆိတ်၊ ဝက်စသည့်တိရစ္ဆာန်များသည်လည်း အရေပြားမှိုပိုးကို သယ်ဆောင်နိုင်ပါသည်။ ထို့ကြောင့် တိရစ္ဆာန်များ၏ အရေပြားတွင် အကွက်များ၊ အနာများရှိနေခဲ့လျှင် ထိတွေ့ကိုင်တွယ်ခြင်း မပြုရန် ကလေးကို သတိပေးထားသင့်သည်။ အိမ်မွေးတိရစ္ဆာန်များကို တိရစ္ဆာန်ဆရာဝန်နှင့် ပုံမှစစ်ဆေးပြသသင့်သည်။ အများသုံးရေကူးကန်ကဲ့သို့ နေရာတွင် လူအများနှင့်မျှသုံးပြီး ထိတွေ့မှုမှတစ်ဆင့်လည်း ကလေးများကို မှိုပိုးကူးစက်နိုင်ပါသည်။
ဒက်ပေါက်သည့် နေရာကို အဝတ်အစား၊ ဦးထုပ်စသည်တို့ဖြင့် ဖုံးအုပ်မထားရပါ။ လက်ကိုသန့်ရှင်းအောင် မကြာခဏ ဆေးကြောသန့်စင်ပေးခြင်း၊ ရေမှန်မှန်ချိုးပြီး ခေါင်းကို ပုံမှန်လျှော်ပေးခြင်းဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ အဝတ်အစားများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် သေချာပိုးသတ်သန့်စင်ပြီး ပုံမှန်လျှော်ဖွတ်သင့်သည်။
ကလေးများတွင် ဒက်ပေါက်လျှင် မှိုသတ်ဆေးပါသော လိမ်းဆေးများ ( Cream/Lotion/Powder) နှင့် ဆရာဝန် ညွှန်ကြားချက်မလိုသည့် မှိုသတ်ဆေး Ketoconazole ၂ % သို့မဟုတ် Selenium Sulfide ပါသော ဆေးခေါင်းလျှော်ရည်များကို အသုံးပြုနိုင်သည်။
ဒက်ပေါက်ခြင်းသည် အလွယ်တကူ ပျောက်ကင်းရန် ခက်ခဲပြီး အချိန်ယူရသော ရောဂါဖြစ်သည့်အပြင် မှိုသတ်ဆေးသောက်ဆေး လိုအပ်လေ့ရှိသောကြောင့် အရေပြားဆရာဝန်၊ ကလေးအထူးကု စသည့်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူရန် လိုအပ်ပါသည်။ ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုရသော Terbinafine, Itraconazole, Fluconazole, Griseofulvin စသည့် မှိုသတ်ဆေးသောက်ဆေးများ အသုံးပြု၍ ပျောက်ကင်းအောင်ကုသနိုင်ပါသည်။
Author: Dr. Yee Mon