အပူလောင်ခြင်းဟုဆိုရာတွင် အမျိုးအစား များစွာရှိပါသည်။ လျှပ်စစ်ကြောင့်လောင်ကျွမ်းခြင်း( မိုးကြိုးပစ်ခြင်းနှင့် ဓာတ်လိုက်ခြင်း)၊ပူသောအရည်များကြောင့် လောင်ကျွမ်းခြင်း(ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်း)၊ မီးလောင်ခြင်းနှင့် နေလောင်ခြင်း ဆိုပြီး ရှိပါသည်။
နေလောင်ခြင်းနှင့် လျှပ်စစ်ကြောင့်လောင်ကျွမ်းခြင်းမျိုးမှလွဲ၍ တခြားအပူလောင်ဒဏ်ရာများတွင် အရေပြားများပေါက်ပြဲကုန်တတ်သည်။ အရေပြားသည် ကိုယ်ခန္ဓာတွင် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပြင်ပမှ ရောဂါပိုးမွှားများ မ၀င်ရောက်နိုင်အောင်ကာကွယ်ပေးရုံသာမက ကိုယ်ခန္ဓာမှရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးထားခြင်းဖြစ်သည်။
အပူလောင်ဒဏ်ရာကို အေးသွားသည့်အထိ ရေနှင့်လောင်းပေးခြင်းရေသန့်သန့်ထဲ စိမ်ထားခြင်းမျိုးပြုလုပ်ပေးရမည်။ အပူလောင်ဒဏ်ရာသေးလျှင် ဒဏ်ရာကို သေချာစွာဆေး၍ Silverderm ဟုခေါ်သောဆေးလိမ်းထားလို့ရသည်။ ရောဂါပိုးမွှားများ၀င်ရောက်ပါက သွေးဆိပ်တက်ကာ အသက်သေဆုံးနိုင်ပါသည်။
အပူလောင်ဒဏ်ရာများပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူသင့်သည်။ အပူလောင်ဒဏ်ရာများကြောင့် ရေဓာတ်ဆုံးရှုံးမှုများသည့်အတွက် ဓာတ်ဆားရည်များလည်း ပြန်လည်သောက်သုံးသင့်သည်။
အပူလောင်ဒဏ်ရာများကြောင့် နောက်ဆက်တွဲအနေနှင့် အမာရွတ်များ ကျန်ခဲ့မည်ဖြစ်သည်။ ဆိုးရွားစွာမီးလောင်ဒဏ်ရာများကြောင့်အရေပြားတင်မကဘဲ ကြွက်သားတွေ၊ တစ်သျှူးတွေကိုပါ လောင်ကျွမ်းခဲ့လျှင် လှုပ်ရှားသည့်အခါ အခက်အခဲ ဖြစ်တတ်ပါသည်။ ထိုအခါမျိုးတွင် Plastic Surgery လုပ်ကာ အရေပြားအား ပြန်လည်ကုသမှုမျိုးလုပ်ဆောင်ရသည်။ အချို့အမာရွတ်များတွင် အရေပြားအပေါ််ဘက်ကိုကြွတက်လာပြီးအမာရွတ်ဖောင်းဖောင်းနှင့် နီနေတတ်ပါသည်။ ထိုအခါမျိုးတွင် ဆရာ၀န်နှင့်တိုင်ပင်ကာ ကုသမှုခံယူရမည်ဖြစ်သည်။ အချို့ကမူ အမာရွတ်ပေါ်တွင် တက်တူးများထိုးကာ အလှဆင်ထားတတ်သည်။
ရိုးရိုးအမာရွတ်များအတွက်မူ ရှားဆောင်းလက်ပပ်နှင့် ပြုလုပ်ထားသော Lotion များ၊ Vitamin E ပါသော လိမ်းဆေးများ လိမ်းပေးပါက အမာရွတ်များ အရောင်ဖျော့လာတတ်ပါသည်။ ယခုအခါတွင် ကျွမ်းကျင်သော ဆရာ၀န်ကြီးများထံတွင် လေဆာဖြင့် အမာရွတ်ဖျောက်ခြင်း၊ ခွဲစိတ်ခြင်း၊ ဆေးထိုးခြင်းများ ပြုလုပ်နိုင်ပြီ ဖြစ်သဖြင့် အမာရွတ်များရှိနေလျှင်လည်း စိုးရိမ်စရာမလိုတော့ပါဘူး။
အားလုံးပဲ ဒဏ်ရာအမာရွတ်တွေ ကင်းဝေးကြပါစေ။
Author: Dr. Aye Chan Moe