မျက်နှာအရေပြားပေါ်ရှိ အမည်းစက်တို့သည် ပြစ်မျိုးမှဲ့မထင်အသားအရေ ဖြစ်နိုင်ဖို့အတွက် ကြီးမားသော အဟန့်အတားဖြစ်ပါသည်။ မျက်နှာပေါ်ရှိ အမည်းစက်များသည် ဝက်ခြံထွက်ပြီးနောက် အမာရွတ်အဖြစ်လည်ရကောင်း၊ နေလောင်ဒဏ်ကြောင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်၏ ဟော်မုန်းအပြောင်းအလဲဖြစ်သည့် ကိုယ်ဝန်ဆောင်ချိန်နှင့် သန္ဓေသားဆေးကဲ့သို့ ဟော်မုန်းဆေးများကြောင့် သော်လည်းကောင်း ထွက်ပေါ်လာနိုင်ပါသည်။
မျက်နှာ၏ အရေပြားကိုကာကွယ်ပေးသည့်အလွှာခံတပ် Skin Barriers ပျက်စီးခြင်းသည် နေဒဏ်၊ လေဒဏ်ကြောင့် အသားအရေပျက်စီးပြီးအမည်းစက်များဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် အရေပြားခံတပ် ပျက်စီးစေနိုင်သည့် စတီးရွိုက်ပါသော အလှကုန်များ၊ အရက်ပြန်ပါသော အလှကုန်ပစ္စည်းများ၊ ကြမ်းတမ်းသော Scrub ကဲ့သို့ မျက်နှာပွတ်တိုက်ရသည့် ပစ္စည်းများ Physical Exfoliants ရှောင်ပါ။ ဝက်ခြံထွက်လျှင် မသန့်ရှင်းသောလက်ဖြင့်ကိုင်တွယ်ခြင်း၊ ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်းများက အမာရွတ်အမည်းစက်ဖြစ်စေနိုင်သဖြင့် မပြုလုပ်သင့်ပါ။
နေရောင်ခြည်တွင်ပါသည့်အရမ်းလွန်ရောင်ခြည် UV ဓာတ်တွေက အသားအရေကို ပျက်စီးစေပြီး၊ အဆီပြန်ပြီး ဝက်ခြံပိုထွက်စေကာ၊ ဝက်ခြံအမာရွတ် အမည်းစက်များဖြစ်စေတတ်ပါသည်။။ နေရောင်ခြည်ပြင်းချိန် အပြင်မထွက်မီ အနည်းဆုံးနာရီဝက်အလို ကြိုလိမ်းပေးရုံမက အိမ်မှာနေစဉ်လည်းလိမ်းပေးရပါမည်။ အပြင်ထွက်လျှင် နေရောင်ကာကွယ်နိုင်စွမ်း Sun Protection Factor-SPF 30 ရှိသည့် နေရောင်ကာလိမ်းဆေးကို ၂ နာရီခြားတစ်ခါလိမ်းပေးရပါမည်။
နေ့စဉ်အသုံးပြုသော အလှကုန်ပစ္စည်းများတွင် ဗီတာမင်စီ ကြွယ်ဝသည့် သလဲသီးမှထုတ်သော (Pomegranate Extract)ပစ္စည်း၊ အသားအရေ ရောင်ရမ်းမှုလျှော့ချပေးပြီး တောက်ပစေသည့် Vitamin C ၊ Licorice၊ ဗီတာမင်အေ Beta Carotene၊ အမည်းစက်ထွက်ပေါ်မူကို ဟန့်တားပေးသည့် ဗီတာမင်ဘီ Vitamin B3- Niacinamide စသည့်တို့ကို အခြေခံသည့် အလှကုန်များကို အသုံးပြုပေးခြင်းကလည်း အမည်းစက်ကင်းသည့် အသားအရေကို ရရှိစေနိုင်ပါသည်။
အမေရိကန်အရေပြားပညာရှင်အဖွဲ့အစည်း American Academy of Dermatology (AAD) မှ မျက်နှာပေါ်ရှိအမည်းစက်များအတွက် အသုံးပြုရန် အောက်ပါတို့ကိုညွှန်ကြားထားပါသည်။
- 2% Hydroquinone Creams/ Serums ဟိုက်ဒရိုကွီနုံးပါသောမျက်နှာလိမ်းခရင်မ်များ
- Azelaic Acid, Glycolic Acid, Kojic Acid စသည့်အပျော့စားအက်ဆစ်အခြေခံမျက်နှာလိမ်းဆေးများ
- ဗီတာမင်အေ/ရက်တီနွိုက်အုပ်စုဝင်လိမ်းဆေးများ (Retinoids, Retinol, Tretinoin, Adapalene Gel, or Tazarotene)
- Vitamin C ပါဝင်သောအလှကုန်များ
AHA (Alpha Hydroxy Acid), BHA (Beta Hydroxy Acid)၊ လက်တစ်အက်ဆစ်၊ ဆယ်လီစလစ်အက်ဆစ်စသည့် ဒြပ်ပေါင်းပါဝင်သည့်အလှကုန်၊ ဆေးများသုံး၍ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓာတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း Chemical Peeling ဖြင့်လည်း အမည်းစက်များကို ဖယ်ရှားနိုင်ပါသည်။
အထက်ပါ Peeling အရေပြားအပေါ်လွှာကို ခွာချသည့်အာနိသင်ရှိအလှကုန်များ အသုံးပြုပြီးလျှင် နေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် အထူးဂရုပြုသင့်ပါသည်။ Peeling အလွန်အကျွံ ပြုလုပ်ခြင်းသည် အရေပြားကိုကာကွယ်ပေးသည့်အလွှာကို ပျက်စီးစေပြီး အရေပြားအတွင်းလွှာကို နေရောင်နှင့်တိုက်ရိုက်ထိစေကာ အမည်းစက်၊ အမာရွတ်ပို၍ဖြစ်စေနိုင်သောကြောင့် သတိပြုသင့်ပါသည်။
ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သည့် အမည်းစက်များအတွက် အရေပြားအထူးကု၊ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။ ထို့ပြင် လေဆာရောင်ခြည်ဖြင့်ကုသခြင်း Laser Treatment နှင့် အရေပြားအပေါ်ယံလွှာဖယ်ရှားသည့် Microdermabrasion ၊ Cryotherapy စသည့် အခြားဝက်ခြံအမာရွတ်၊ အမည်းစက်ကုသမှုများဖြင့်လည်း ပျောက်ကင်းသက်သာအောင် ကုသနိုင်ပါသည်။