တိုးတက်ပြောင်းလဲလာသည့် ယနေ့ခေတ်တွင် လူကြီးလူငယ်၊ ကျားမမရွေး အရေပြားအသားအရေ အလှအပထိန်းသိမ်းမှုကို ပိုမိုအလေးထားလာကြပါသည်။ ထိုသို့ အလေးထားလာတာနှင့်အမျှ အသားအရေထိန်းသိမ်းမှု အလှကုန်ပစ္စည်းများကို အသုံးပြုမှုပြီး Skin Care အသားအရေထိန်းသိမ်းမှု ပိုလုပ်လာကြပါသည်။ နေ့စဉ် Skin Care ပြုလုပ်ခြင်းကဲ့သို့ အရေးကြီးသည့်အချက်မှာ မိမိတို့သတိမမှုမိဘဲ အရေပြားကိုထိခိုက်စေသည့်နေ့စဉ်အမူအကျင့်များ ဖြစ်ပါသည်။
မိမိတို့၏ နေ့စဉ်စားသောက်နေထိုင်မှုပုံစံသည် အရေပြားကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါသည်။ အာဟာရစုံလင်မျှတအောင် စားသောက်မှုမရှိခြင်း၊ ရေဓာတ်လုံလောက်အောင် ဖြည့်တင်းမှုမရှိခြင်းတို့သည် အရေပြားကိုထိခိုက်စေသည့် အမူအကျင့်များ ဖြစ်ပါသည်။ အသားအရေကိုအကျိုးပြုသည့် ဓာတ်တိုးဆန့်ကျင်ဓာတ် Antioxidants ကြွယ်ဝသည့် သစ်သီးဝလံ၊အရွက်များကို လုံလောက်အောင်မစားဘဲ သကြားဓာတ်များပြီး ပြုပြင်ထားသော အသင့်စားအစာများ၊ တာရှည်ခံဆေးနှင့် ဆိုဒီယမ်ဓာတ်များသည့် အစားအစာများ၊ ဆီကြော်များကို စားသုံးခြင်းသည် အသားအရေကို ထိခိုက်စေနိုင်ပါသည်။
မျက်နှာအရေပြားရှိ ချွေးပေါက်များကို အဆီ၊ချွေး၊ ဖုန်နှင့်အညစ်အကြေးများပိတ်ဆို့ခြင်းသည် ဝက်ခြံ၊ အဆီဖုဖြစ်ခြင်းနှင့် အသားအရေကိုပျက်စီးစေနိုင်သည်။ ထို့ကြောင့်ချွေးပေါက်များ ပိတ်ဆို့စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး ထူထူလိမ်းခြယ်ခြင်းသည် အရေပြားအတွက် မကောင်းသောအလေ့အကျင့်ဖြစ်သည်။ မိတ်ကပ်၊ သနပ်ခါး၊ ဖုန်စသည့် အညစ်အကြေးများကို မိတ်ကပ်သန့်စင်ဆေးနှင့် သေချာသန့်စင်ပြီး မျက်နှာသစ်ဆေးပျော့ပျော့ဖြင့် တစ်နေ့၂ကြိမ် မျက်နှာသစ်ပေးခြင်း Double Cleansing ကို ပုံမှန်ပြုလုပ်ရမည်။ မျက်နှာသန့်စင်မှုမပြုဘဲ ညအိပ်ရာဝင်ခြင်းသည် အရေပြားကိုပျက်စီးစေနိုင်သည့် အမူအကျင့်တစ်ခုဖြစ်ပါသည်။
မျက်နှာပေါ် ဝက်ခြံထွက်လျှင် မသန့်ရှင်းသောလက်ဖြင့်ကိုင်တွယ်ခြင်း၊ ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ဝက်ခြံပျောက်ဆေးများ လိုအပ်သည်ထက် ပိုအသုံးပြုခြင်းသည် အရေပြားကို ထိခိုက်ပျက်စီးစေနိုင်သည့် အမူအကျင့်ဖြစ်၍ သတိပြုသင့်ပါသည်။ မျက်နှာနှင့်ထိကပ်မှု အမြဲရှိသော မိမိလက်ကိုင်ဖုန်း၏ မျက်နှာပြင်သန့်ရှင်းမှုမရှိခြင်း၊ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါ၊ မိတ်ကပ်လိမ်းခြယ်သည့်ဖော့၊ စုတ်တံတို့ သန့်ရှင်းမှုမရှိခြင်း၊အိပ်ရေးဝအောင် အိပ်စက်မှုမရှိဘဲညနက်သည့်အထိနေခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းစသည့် အမူအကျင့်များသည် အရေပြားကိုထိခိုက်စေသည့် အမူအကျင့်များဖြစ်၍ ရှောင်ကြဉ်သင့်ပါသည်။
မျက်နှာကို ခဏခဏသစ်ခြင်း၊ မျက်နှာသစ်ဆေးအပြင်းများ အသုံးပြုခြင်း၊ အရေပြားအပေါ်ယံလွှာကို ဖယ်ရှားပေးသည့် Exfoliation/ Scrub ကြေးချွတ်ပွတ်တိုက်ခြင်းကို အလွန်အကျွံပြုလုပ်ခြင်း၊ နေ့စဉ်အသုံးပြုသည့် အသားအရေထိန်းသိမ်းမှု အလှကုန်ပစ္စည်းများကို မကြာခဏပြောင်းလဲ အသုံးပြုခြင်းတို့သည်လည်း မိမိတို့သတိလက်လွတ်ဖြစ်တတ်သည့်အရေပြားကိုထိခိုက်စေသော နေ့စဉ်အမူအကျင့်များ ဖြစ်ပါသည်။
နေရောင်ခြည်တွင်ပါသော ခရမ်းလွန်ရောင်ခြည် Ultraviolet-UV ဒါဏ်နှင့် အညစ်အကြေးအဆိပ်အတောက်များကြောင့် အရေပြားပျက်စီးမှုကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် နေရောင်ခြည်ဒဏ်ကာကွယ်သည့် Sun Protection Factor- SPF ပါဝင်သော နေရောင်ကာလိမ်းဆေးကို ပုံမှန်မလိမ်းပဲ အိမ်မှာနေခြင်း၊ အပြင်ထွက်ခြင်းနှင့် အစိုဓာတ်ထိန်းမျက်နှာလိမ်းဆေး Moisturizer ပုံမှန်အသုံးပြုမှု မရှိခြင်းသည်လည်း အရေပြားကို ထိခိုက်စေနိုင်သည်။ မျက်နှာအရေပြားကဲ့သို့ လည်ပင်းနှင့်ခန္ဓာကိုယ်အသားအရေကို ထိန်းသိမ်းရန် သတိလက်လွတ်ဖြစ်လေ့ရှိသောကြောင့် ဂရုပြုသင့်ပါသည်။
အထက်ပါအမူအကျင့်များသည် မိမိတို့သတိလက်လွတ်ဖြစ်တတ်သည့် အရေပြားကိုထိခိုက်စေသည့် အလေ့အကျင့်များဖြစ်သောကြောင့် အထူးဂရုပြုဆင်ခြင်ပြီး နှစ်စဉ်ပုံမှန်ပြုလုပ်သင့်သည့် တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ် အရေပြားကျန်းမာရေးစစ်ဆေးခြင်း အမူအကျင့်ကို ဆောင်ရွက်သင့်ကြောင်း မျှဝေလိုက်ရပါသည်။