အသားအရည် ကျန်းမာလှပခြင်းနှင့် ပြည့်စုံသည်ဟုဆိုရာတွင် အသားအရေစိုပြည် တောက်ပမှုရှိခြင်းသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အသားအရည် ခြောက်သွေ့ပြီး စိုပြည်ခြင်းမရှိလျှင် အရေပြားအက်ကွဲ ယားယံခြင်း၊ အရေးအကြောင်း၊ အမည်းစက်နှင့် ဝက်ခြံကဲ့သို့ အရေပြားပြဿနာများ နောက်ဆက်တွဲ ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် အသားအရည် ခြောက်သွေ့ခြင်းသည် စိတ်ညစ်စရာ ပြဿနာတစ်ခု ဖြစ်ပါသည်။
အသားအရည် ခြောက်သွေ့ခြင်းသည် ပြင်းထန်သော ဓါတုပစ္စည်းပါသည့် အလှကုန်ပစ္စည်းများကို အသုံးပြုခြင်း၊ အလွန်အေးမြခြောက်သွေ့သော ရာသီဥတု၊ နေရောင်ခြည်၊ အပူဒါဏ်၊ ရေတို့နှင့် ထိတွေ့မှုများခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ မျက်နှာကို ခဏခဏသစ်ခြင်း၊ မျက်နှာသစ်ဆေးအပြင်းများ အသုံးပြုခြင်းကို ရှောင်ပါ။ အသားအရည် ခြောက်သူများသည် ခြောက်သွေ့သော အသားအရေအမျိုးအစား dry skin ရှိသူများအတွက် ထုတ်လုပ်ထားသော အလှအပပစ္စည်းများကို ရွေးချယ်အသုံးပြုသင့်ပါသည်။
အသားခြောက်သူများသည် နေ့စဉ်အသုံးပြုသော ဆပ်ပြာကဲ့သို့ လူသုံးကုန်များကို အမွှေးရနံ့မပါ၊ ပြင်းထန်သော ဓါတုပစ္စည်းမပါဝင်ပဲ အသားအရည်ထိခိုက်မှုနည်းသည့် အမျိုးအစား၊ သဘာဝပစ္စည်းဖြင့်ပြုလုပ်သော အမျိုးအစားကို အသုံးပြုပေးသင့်သည်။ အသားအရည် ခြောက်သွေ့သူများအနေဖြင့် ရေနွေးနဲ့ရေချိုးတာ၊ ရေနွေးစိမ်တာကို အချိန်ကြာကြာပြုလုပ်ခြင်းဖြင့် အရေပြားရဲ့အစိုဓါတ်ကို လျော့စေပြီး အသားအရေကို ခြောက်သွေ့စေနိုင်၍ ဆင်ခြင်သင့်ပါသည်။ ရေကူးလေ့ကျင့်သူများအနေဖြင့် ရေကူးကန်ရှိကလိုရင်းဓါတ်ကြောင့် အရေပြားခြောက်သွေ့နိုင်ပါသည်။
အသားခြောက်သူများအနေဖြင့် အသားအရည် အစိုဓါတ်ရစေသော Moisturizer အစိုဓာတ်ထိန်းလိမ်းဆေး ကို မျက်နှာသန့်စင်ပြီးနောက် တစ်နေ့လျှင် ၂ ကြိမ် ပုံမှန်လိမ်းပေးသင့်သည်။ အရေပြားအထူးကု ပညာရှင်များမှ urea, ceramides, lactic acid, or glycerol ပါဝင်သည့် အစိုဓာတ်ထိန်းလိမ်းဆေး Moisturizer များ သုံးသင့်သည်ဟု အကြံပြုထားပါသည်။ အစိုဓါတ်ပေးသည့် Body butter, Body Lotion၊ သံလွင်ဆီကဲ့သို့ အဆီတစ်မျိုးမျိုးကို ရေချိုးပြီးတိုင်း ပုံမှန်လိမ်းပေးသင့်သည်။ နှုတ်ခမ်းကို အစိုဓါတ်ပေးသော နှုတ်ခမ်းအဆီ lipbalm, lipoil တို့ကို အသုံးပြုပေးသင့်သည်။
နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်ဒါဏ်နှင့် ထိတွေ့မှုသည် အရေပြား၏ အစိုဓါတ်ကိုဆုံးရှုံးစေပြီး အသားအရည်ကို ပျက်စီးစေသည့်အတွက် အိမ်ထဲနေသည့်အချိန်တွင်ပင် နေရောင်ကာလိမ်းဆေး အသုံးပြုပေးရမည်။ နေပူထဲမထွက်မှီ နေရောင်ကာကွယ်နိုင်စွမ်း Sun Protection Factor- SPF 30 ရှိသည့် နေရောင်ကာလိမ်းဆေးကို အနည်းဆုံး မိနစ်၂၀-၃၀ ခန့် ကြိုပြီးလိမ်းပေးရပါမည်။ရာသီဥတုနှင့် ပါတ်ဝန်းကျင်ရှိ အအေးဓါတ်များလျှင် လူ့ခန္ဓာကိုယ်အရေပြားမှ အစိုဓာတ်ပမာဏလျော့ကျပြီး အသားအရည် ခြောက်သွေ့ခြင်း ဖြစ်တတ်သည်။ ထို့ကြောင့် အအေးပိုင်းဒေသများ၊ အအေးခန်းထဲတွင် အလုပ်လုပ်သူများ၊ လေအေးပေးစက် အသုံးပြုသူများအနေဖြင့် အစိုဓာတ်ထိန်းလိမ်းဆေးကို သေချာလိမ်းပေးရမည်။ ပါတ်ဝန်းကျင်လေထု၏ အစိုဓာတ်ပမာဏကိုထိန်းညှိပေးနိုင်သည့် အစိုဓါတ်ထိန်းစက် Humidifier ကို ဖွင့်ပေးခြင်းဖြင့် အသားခြောက်ခြင်း သက်သာစေနိုင်သည်။
မိမိခန္ဓာကိုယ်ရှိ ရေဓါတ်ဆုံးရှုံးစေသော ဆေးလိပ်၊ အရက်၊ ဘီယာနှင့် ကဖင်းဓါတ်ပါသော အဖျော်ယမကာများ သောက်ခြင်းကိုရှောင်ပြီး ရေဓါတ်ပြည့်ဝမှုရှိစေရန် ရေ၊ သစ်သီးဖျော်ရည်များ သောက်သင့်ပါသည်။ ဗီတာမင်ဘီ ချို့တဲ့လျှင် အရေပြားခြောက်သွေ့ပြီး နောက်ဆက်တွဲ အရေပြားပြဿနာများ ဖြစ်ပေါ်တတ်၍ ဗီတာမင် သတ္တုဓါတ်များနှင့် အာဟာရဓါတ်ပြည့်ဝအောင် စားသုံးပေးရပါမည်။ အသားအရည် ခြောက်သွေ့လို့ စိတ်ညစ်နေလျှင် အထက်ပါနည်းလမ်း ဆောင်ရန်ရှောင်ရန်များကို လိုက်နာပြီး စိတ်ညစ်စရာတွေ ကျော်လွှားကြည့်ဖို့ အကြံပြုလိုက်ပါသည်။