နွေရာသီ နေပူပူမှာ ခရီးသွားတာ၊ အပြင်ထွက်တာများပြီး နေလောင်ဒါဏ် sunburn ရနေကြပြီလား? Sunburn အတွက် အိမ်တွင်းကုထုံးတွေသုံးပြီး သက်သာအောင် လုပ်လို့ရပါတယ်။ နေလောင်ဒါဏ်သည် အပေါ်ယံအရေပြားကို ထိခိုက်စေလျှင် အဆင့်(၁) First Degree Burn ဟု သတ်မှတ်ပြီး အခြားအပူနဲ့ပါတ်သက်တဲ့ ကျန်းမာရေး ပြဿနာများမရှိလျှင် နေအိမ်မှာပဲ ကုသနိုင်ပါတယ်။ နေလောင်ဒါဏ်ဟာ ရေဓါတ်ဆုံးရှုံးခြင်းကိုပါ ဖြစ်စေ၍ အမေရိကန် အရေပြားပညာရှင်များ အဖွဲ့အစည်းမှ နွေရာသီအပြင်သွားလျှင် ရေဓါတ်၊ ဓါတ်ဆားလုံလောက်စွာ ဖြည့်တင်းပေးဖို့ ညွှန်ကြားထားပါတယ်။
နေလောင်ဒါဏ်ရထားသည့်နေရာကို ရေအေးဖြင့်လောင်းပေးခြင်း၊ ရေချိုးပေးခြင်းကို မကြာခဏပြုလုပ်ပေးပြီး ရေချိုးပြီးသည်နှင့် အစိုဓါတ်ပေးသော အလှဆီ၊လိမ်းဆေးများ ချက်ချင်းအသုံးပြုပေးသင့်ပါတယ်။ ရေဆွတ်ထားသော အဝတ်ဖြင့် နေလောင်ထားသည့်နေရာကို ၅-၁၀မိနစ်ခန့် ကြာ အေးမြအောင်တင်ထားပေးနိုင်ပါတယ်။ ထိုသို့အဝတ်စိုဖြင့် သက်သာအောင် လုပ်ခြင်းကို တစ်နေ့လျှင် ၄-၅ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ရေအေးကဲ့သို့ နို့အေး၊ ဒိန်ချဉ် သို့မဟုတ် ပန်းသီးရှာလကာရည်နှင့် ရေကို၎င်း၊ အုတ်ဂျုံနှင့် ရေရောစပ်ပြီးသော်၎င်း မိနစ်၂၀မှနာရီဝက်အထိ အရေပြားပေါ်တင်ပြီး နေလောင်ဒါဏ်အတွက် အသုံးပြုနိုင်ပါတယ်။
နေလောင်ဒါဏ် Sunburn အတွက် အသုံးဝင်တဲ့ သဘာဝပစ္စည်းတစ်မျိုးမှာ ရှားစောင်းလက်ပါတ်ပင်အနှစ်ဖြစ်ပါတယ်။ ရှားစောင်းလက်ပါတ်နဲ့ ဓါတါမတည့်ခြင်းမရှိလျှင် ရှားစောင်းလက်ပါတ်ကို ရေခဲသေတ္တာမှာထည့်ပြီး နေလောင်သည့်နေရာပေါ် အသုံးပြုနိုင်ပါတယ်။ နေလောင်ဒါဏ်ကို သက်သာစေတဲ့ လူသုံးကုန်ပစ္စည်းအများစုဟာ ရှားစောင်းလက်ပါတ်ကို အခြေခံပြီး ပြုလုပ်ထားပါတယ်။ ထိုသို့နေလောင်ဒါဏ်သက်သာစေသည့် အလှကုန်ပစ္စည်း လိမ်းဆေး၊ ဖြန်းဆေး၊ soothing gel များလည်း သုံးပေးနိုင်ပါတယ်။ သဘာဝ သနပ်ခါးအနှစ်၊ နံ့သာဖြူအနှစ်တို့ကို လိမ်းပေးခြင်းကလည်း နေရောင်ကို ကာကွယ်ပေးပြီး နေလောင်ဒါဏ်ကို သက်သာစေပါသည်။
နေရောင်နှင့်ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားဆဲလ် ဒီအန်အေ ပျက်စီးမှု DNA damage ဖြစ်တဲ့အခါ ခန္ဓာကိုယ်မှ proinflammatary ယောင်ရမ်းမှုဒြပ်ပေါင်းမော်လီကျူး ပရိုစတာဂလန်ဒင် prostaglandin ကို ထွက်စေပါတယ်။ ထို့ကြောင့်နေလောင်ဒါဏ် ခံစားရလျှင် ယောင်ရမ်းနာကျင်မှုများ ခံစားရလေ့ရှိသည်။ နာကျင်မှုသက်သာအောင် ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ Over-the-counter (OTC) ibuprofen လို အကိုက်အခဲပျောက်ဆေးအချို့ကို သောက်သုံးခြင်းနှင့် အရေပြားလောင်ခြင်းအတွက် 1% hydrocortisone cream ပါသော လိမ်းဆေးများ သုံးနိုင်ပါတယ်။
နုနယ်သည့် မျက်လုံးတဝိုက် နေလောင်ဒါဏ်ခံရလျှင် တပ်ထားသော မျက်မှန်၊မျက်ကပ်မှန်ကနု ဖယ်ရှားပြီး အေးမြအရိပ်ရသော နေရာတွင်နေပါ။ မျက်လုံးပေါ်တွင် ရိုးရိုး ရေအေးစွတ်ထားတဲ့ ရေစိုအဝတ် ကပ်ပေးနိုင်ပါတယ်။ cool eyes ကဲ့သို့ မျက်စဉ်းခပ်ပေးနိုင်ပါတယ်။ အရေပြားပေါ်တွင် အရည်ကြည်ဖုများပေါ်သည်အထိ နေလောင်ခံရလျှင် အရည်ကြည်ဖုများမှ ပိုးဝင်နိုင်သဖြင့် မဖောက်ရပါ။
နေလောင်ဒါဏ် မပြင်းထန်လျှင် ရက်အနည်းငယ်အကြာတွင် သက်သာပျောက်ကင်းနိုင်ပါသည်။ အကယ်၍ ပြင်းထန်သည့် နေလောင်ဒါဏ်ကြောင့် အပူလောင်အဆင့်၂/၃ထိ ဆိုးလျှင် ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသ ကုသမှုခံသင့်သည်။ ယခုလို ပူပြင်းတဲ့ နွေရာသီမှာ နေလောင်ဒါဏ် မခံရအောင် နေရောင်ပြင်းသည့်အချိန်တွင် တတ်နိုင်သမျှ အရိပ်ထဲနေခြင်း၊ အပြင်ထွက်လျှင် ထီး၊ဦးထုပ်၊ လက်ရှည်၊ နေကာမျက်မှန်စသည့် အကာအကွယ်များ ဝတ်ဆင်ခြင်း၊ အပြင်မထွက်ခင် နေရောင်ကာလိမ်းဆေး ပုံမှန်လိမ်းပေးခြင်းတို့ ပြုလုပ်ပေးပြီး ကာကွယ်သင့်ပါတယ်။
Author: Dr. Yee Mon