အသားအရေထိန်းသိမ်းဖို့အတွက် အထောက်အကူဖြစ်စေမယ့် သဘာဝပစ္စည်းတွေကို စဥ်းစားတဲ့အခါ ကြက်သွန်နီဟာ သင့်အသားအရေအတွက် အကျိုးကျေးဇူးများတယ်ဆိုတာကို သိပ်မသိကြတဲ့အတွက် ထည့်သွင်းစဥ်းစားမိလေ့ မရှိကြပါဘူး။ တကယ်တမ်းလက်တွေ့မှာ ကြက်သွန်နီက အရေပြားအတွက် အထောက်အကူဖြစ်စေတဲ့ဓာတ်များ ပေါများစွာပါဝင်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကြက်သွန်နီရဲ့ အပြင်ဘက်ဆုံးအလွှာတွေမှာ antioxidents လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်များ ပေါများစွာပါဝင်နေတဲ့အပြင် အူလမ်းကြောင်းအတွက်ပါ prebiotic (အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားလေးများကို အကျိုးပြုပေးခြင်း) အနေဖြင့် လုပ်ဆောင်ပေးတာကြောင့် အသားအရေအတွက်တင်မကဘဲ အူလမ်းကြောင်းကိုပါ ကောင်းမွန်စေပါတယ်။
ဒါ့အပြင် ကြက်သွန်နီမှာ ဆာဖာဓာတ်၊ ဆီလီနီယမ်ဓာတ် နှင့် Vitamin C ဓာတ်တို့အပြင် ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ကယ်စီယမ်ဓာတ်တို့ပါ ပေါကြွယ်ဝပါတယ်။ ဒါတွေဟာ ကော်လဂျင်ထုတ်လုပ်မှုကိုအားပေးပြီး အရေပြား၊ ဆံပင်နှင့် အရိုးအတွက် အကျိုးကျေးဇူး အများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း ကြက်သွန်နီကို အစားအစာထဲတွင် ထည့်သွင်းစားသောက်ဖို့ အကြံပြုကြသလို အသားအရေထိန်းသိမ်းပေးတဲ့ skin care ပစ္စည်းများတွင်လည်း ထည့်သွင်းဖော်စပ် ထုတ်လုပ်လာကြတာပဲ ဖြစ်ပါတယ်။
ကြက်သွန်နီမှရတဲ့ အသားအရေအတွက် အကျိုးကျေးဇူးများကတော့ –
(၁) ရောင်ရမ်းမှုများနှင့် အမာရွတ်များကို သက်သာပျောက်ကင်းစေခြင်း
ကြက်သွန်နီမှာ antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ များစွာပါဝင်နေခြင်းကြောင့်ဖြစ်ပါတယ်။ Antioxidants ဓာတ်တွေဟာ free radicals လို့ခေါ်တဲ့ မကောင်းတဲ့ဓာတ်တွေကို ဖြေပေးခြင်းအားဖြင့် ရောင်ရမ်းမှုကို ကျစေပါတယ်။ Free radicals တွေဆိုတာ သွေးထဲတွင်ပျော်ဝင်နေတဲ့ မကောင်းတဲ့ဓာတ်တိုးပစ္စည်းတွေဖြစ်ပြီး ဆဲလ်များကိုပျက်စီးစေခြင်းဖြင့် အသားအရေတွန့်ခြင်းနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။
ကြက်သွန်နီထဲတွင် အဓိကပါဝင်တဲ့ antioxidant ဓာတ်ကတော့ quercetin ပဲ ဖြစ်ပါတယ်။ Quercetin ဓာတ်ဟာ ရောင်ရမ်းခြင်းကို သက်သာစေပြီး အနာကျက်မြန်စေပါတယ်။ ဒါ့ကြောင့်လည်း ကြက်သွန်နီကို အမာရွတ်များ ကုသပေးနိုင်တဲ့ လိမ်းဆေးများထုတ်လုပ်ရာတွင် ထည့်သွင်းထားကြခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ပြီး ကျန်ခဲ့တဲ့အမာရွတ်များကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
(၂) အရေပြားပေါ်ရှိ ဘက်တီးရီးယားပိုးများကို သတ်ပေးနိုင်ခြင်း
၂၀၁၆ တွင် ပြုလုပ်ခဲ့သောစစ်တမ်းများအရ ကြက်သွန်နီတွင်ပါဝင်သော ဓာတ်များဟာ အရေပြားပေါ်ရှိ ဘက်တီးရီးယားပိုးအများစုကို သေစေတယ်လို့ဆိုပါတယ်။ ဒီလိုအကျိုးကျေးဇူးကြောင့်လည်း ကြက်သွန်နီကို ဝက်ခြံထွက်တဲ့အခါအသုံးပြုပါက သက်သာစေပါတယ်။
(၃) ဝက်ခြံကုသခြင်းကို ကူညီပေးနိုင်ခြင်း
ကြက်သွန်နီတွင် အထက်ပါကောင်းကျိုးပြုဓာတ်များသာမက သဘာဝ Sulfuric acid ဓာတ်ပါ ပါဝင်နေပါတယ်။ အားပျော့အောင်လုပ်ထားတဲ့ sulfur ကို အချို့ဝက်ခြံအမျိုးအစားများ ကုသရာတွင် သုံးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကြက်သွန်နီတွင် Vitamin C လည်းပါဝင်နေတာကြောင့် အသားအရေကြည်လင်စေခြင်း၊ နီရဲမှုကိုကျစေခြင်းနှင့် ဆဲလ်သေများကို ဖယ်ရှားပေးခြင်းဖြင့် ဝက်ခြံများကိုသက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးများရစေပါတယ်။
(၄) နေရောင်ခြည်မှရသော UV ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးခြင်း
ကြက်သွန်နီမှာ ပါဝင်နေတဲ့ Vitamin A,C,E ၊ သတ္တုဓာတ်များနှင့် antioxidant ဓာတ်များဟာ UV ကြောင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။
(၅) အသားအရေ ကြည်လင်တောက်ပစေခြင်း
ကြက်သွန်နီမှာ ပါဝင်နေတဲ့ antioxidants ဓာတ်များ နှင့် Vitamin C ဟာ အမဲစက်၊ အမဲကွက်များနှင့် အသားမဲညစ်ခြင်းကို သက်သာစေပါတယ်။
(၆) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း
Quercetin နှင့် sulfur ဓာတ်များဟာ free radicals လို့ခေါ်တဲ့ မကောင်းတဲ့ဓာတ်များကို တိုက်ထုတ်ချေဖျက်ပေးတာကြောင့် အရွယ်မတိုင်ခင် အိုမင်းမှုများကို နှေးကွေးစေခြင်းဖြစ်ပါတယ်။
(၇) ကော်လဂျင်ထုတ်လုပ်မှုကို အားပေးခြင်း
ကြက်သွန်နီက ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပြီး အသားအရေနှင့်ဆံပင်ကို ပိုမိုကျန်းမာစေပါတယ်။
Author: Dr. Yin Yin Win