လက်ရှိ လူငယ်လူရွယ်တွေကြားတွင် ဆေးမင်ကြောင်တက်တူးထိုးခြင်း အလေ့အထ ခေတ်စားလာနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ ဘောလုံးအကျော်အမော်များ၏ ခန္ဓာကိုယ်ပေါ်တွင် တက်တူးရုပ်ပုံအနည်းဆုံး တစ်ခုထက်ပို၍ ထိုးထားသောကြောင့် လူငယ်များသည် အားကျလာရခြင်း ဖြစ်သည်။ လူငယ်များသည် သူတို့ကြိုက်နှစ်သက်သော ကမ္ဘာကျော်များ တက်တူးထိုးခြင်းကို အတုယူပြီး မိမိတို့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း တက်တူးများ ထိုးလာကြသည်။ ယခုခေတ်တွင် လူငယ်များသည် တက်တူးထိုးမှသာ ခေတ်မီသည်ဟု ယူဆလာကြသည်။ အမျိုးသားလူငယ်များသာမက အမျိုးသမီးလူငယ်များတွင်လည်း တက်တူးထိုးလာကြသည်ကို တွေ့လာရသည်။
ရှေးမြန်မာလူကြီးများ၏ ဆိုရိုးတစ်ခုဖြစ်သော “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ကြောင်စုတ်ထိုး ဤသုံးချက်ကယ် မပိုင်လျှင် နောင်ပြတ်ရန်ခက်သည့်အမျိုး” ဟူသော အဆုံးအမအရ ဆေးမင်ကြောင်စုတ်ထိုးခြင်းသည်လည်း ထိုးပြီးပါက တစ်သက်လုံး ခန္ဓာကိုယ်ပေါ်တွင် သေရာပါဖြစ်သွားပြီး ပြန်ဖျက်ရန် မလွယ်ကူလှပါ။ ဤနေရာတွင် စောကတက်စရာရှိပါသည်။ ယခုခေတ်ကဲ့သို့ ခေတ်မီလှသော ဆေးပညာကုထုံးများ ပေါ်လာချိန်တွင် ဆေးမင်ကြောင်တက်တူးများကို လေဆာဖြင့် ဖျက်ပါက အကုန်အကျ အလွန်များပြားပြီး သာမန်လူများ မတက်နိုင်ပါ။ ထို့အပြင် ဖျက်သည့်နေရာတွင် နဂိုအသားအရည်အရောင်အတိုင်း ပြန်လည်မရရှိနိုင်ဘဲ အနည်းငယ် အနီရောင်သမ်းနေနိုင်သည်။ ထို့ကြောင့် ဆေးမင်ကြောင်တက်တူးထိုးရာတွင် အကုန်အကျခံ ထိုးရသလို မကြိုက်နှစ်သက်၍ ပြန်ဖျက်မည်ဆိုပါကလည်း ငွေကြေးအကုန်အကျ များနိုင်သည်။
ထို့ကြောင့် ယခုခေတ်လူငယ်များ တက်တူးထိုးရာတွင် ငွေကြေးအကုန်အကျ များနိုင်သလို ကျန်းမာရေးဆိုးကျိုးများကိုလည်း ရရှိနိုင်ကြောင်း သတိပြုနိုင်ရန် တင်ပြပေးလိုက်ပါသည်။
တက်တူးထိုးခြင်းမှ ကျန်းမာရေးပြဿနာများစွာ ဖြစ်လာစေနိုင်သည်။ တက်တူးထိုးရာတွင် အရေပြား၏ ခုခံမှုအပိုင်းကို ပျက်စီးစေသောကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်သော ရောဂါကူးစက်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ကို ဖြစ်လာစေနိုင်သည်။ ခေတ်ပေါ်တက်တူးပညာရှင်များက နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာပြီး တစ်ခါသုံး ပိုးသတ်ထားသော ပစ္စည်းများ အသုံးပြုခြင်း၊ အသုံးပြုပြီးတိုင်း ပစ္စည်းများကို ပိုးသတ်ခြင်းဖြင့် အဆိုပါ ကျန်းမာရေး ပြဿနာများကို လျှော့ချနိုင်သည် ဟုဆိုလာကြသည်။
ကျန်းမာရေးပညာရှင်များက တက်တူးပညာရှင်များအနေဖြင့် သွေးမှကူးစက်တတ်သော ရောဂါပိုးများ အကြောင်း ပညာပေးသင်ကြားပေးသော ကျန်းမာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ပေးသော သင်တန်းများကို တက်ရောက်လေ့လာရန် လိုအပ်ကြောင်း အကြံပေးထားသည်။
ထို့အပြင် တက်တူးမထိုးမီကတည်းက တက်တူးထိုးခြင်းဖြင့် ကျန်းမာရေးပြဿနာများ ဖြစ်လာစေဖို့ အခွင့်အရေးလည်း ရှိနိုင်ကြောင်းလည်း သတိပြုထားသင့်ကြောင်း ဆိုထားသည်။
တက်တူးထိုးရာတွင် အသုံးပြုသော ပစ္စည်းများနှင့် သွေး၊ ခန္ဓာကိုယ် အရည်များ ထိတွေ့ရာ၌ ပစ္စည်းများသည် ပိုးမသတ်ဘဲ တစ်ယောက်ထက်မနည်း ပိုသုံးမိပါက ရောဂါများ ကူးစက်နိုင်သည်။ ခေတ်မီတက်တူးစတူဒီယိုများ၌ တစ်ခါသုံးအပ်များဖြင့် သန့်သန့်ရှင်းရှင်း ပိုးသတ်၍ တက်တူးထိုးပါက ရောဂါကူးစက်နိုင်ရန် အခွင့်အလမ်း နည်းပါးနိုင်သည်။ အပျော်တမ်း တက်တူးထိုးသော နေရာများဖြစ်သော ဘုရားပွဲဈေးများ၊ လမ်းမဘေးများတွင် အပျော်သက်သက် တက်တူးထိုးလျှင် ရောဂါကူးစက်နိုင်ရန် အခွင့်အလမ်း ပိုမိုများပြားနိုင်သည်။
အမေရိကန်နိုင်ငံတွင် တက်တူးထိုးထားပါက ထိုးပြီး ၁၂ လအတွင်း သွေးလှူဒါန်းမှုကို တားမြစ်ထား၍ တက်တူးကို ခေတ်မီလိုင်စင်ရ တက်တူးစတူဒီယိုတွင် ပိုးသတ်ထားသော ပစ္စည်းများဖြင့် ထိုးခဲ့လျှင်တောင်မှ သွေးပြန်လည်စစ်ဆေးပြီး လှူဒါန်းရသည်။
ကူးစက်ရောဂါများသည် သီအိုရီအရ မသန့်ရှင်းသော တက်တူးပစ္စည်းများ ဆေးရည်များကြောင့် ကူးစက်တတ်ပြီး အရေပြားကူးစက်ရောဂါ၊ အသည်းရောင် ဘီ၊ စီ၊ တီဘီရောဂါနှင့် အိပ်ချ်အိုင်ဗီ ဖြစ်ပွားစေနိုင်သည်။ အမေရိကန်နိုင်ငံတွင် ခေတ်မီသန့်ရှင်းသော နည်းပညာဖြင့် တက်တူးထိုးသောသူများအပေါ်တွင် လေ့လာချက်အရ အိပ်ချ်အိုင်ဗီ ကူးစက်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရကြောင်း တင်ပြထားသည်။
ဝါရှင်တန် O SHA ၏ သုတေသနအရ တက်တူးထိုးခြင်းတွင် အသုံးပြုသော အပ်သည် အခေါင်းပေါက် မဟုတ်သောကြောင့် NeedleStickတွင် အိပ်ချ်အိုင်ဗီ ကူးစက်ရန် အရည်များ လုံလောက်စွာ မရောက်ရှိနိုင်ကြောင်း၊ ကူးစက်ရန် အခွင့်အလမ်းနည်းကြောင်း တွေ့ရသည်။ ရာခိုင်နှုန်းပြည့် အာမ မခံနိုင်ကြောင်းလည်း ထပ်လောင်း တင်ပြထားသည်။
မေးခိုင်ရောဂါကို တက်တူးမထိုးခင် မေးခိုင်ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သည်။ ဓာတ်မတည့်ခြင်းသည် တက်တူးဆေးရည်များကြောင့် ဖြစ်စေနိုင်ပြီး အများအားဖြင့် အနီရောင်၊ အဝါရောင်ဆေးရည်များကြောင့် ဖြစ်စေနိုင်သည်။ ဓာတ်မတည့်ခြင်းသည် နေရောင် ထိတွေ့မှုများပြားလျှင် ပိုမိုဆိုးရွားနိုင်သည်။ အရေပြားရှိ ဆေးရည်များနှင့် ထိတွေ့ပြီး ရောင်ရမ်းခြင်း၊ ယားခြင်း၊ အရည်ကြည်ဖုများ ဖြစ်ခြင်းကို ဖြစ်စေသည်။ ပညာရှင်အများစုက ဓာတ်တည့်မတည့် ကြိုတင်စမ်းသပ်သင့်ကြောင်း ဆိုကြသည်။ အဘယ်ကြောင့် ဆိုသော် ဆေးရည်အနီရောင်ရှိ မာကျူရီနှင့် Azo ဓာတုပစ္စည်းသည် အခြားအရောင်များထက် ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည်။ အနက်ရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်ဆေးရည်များသည် ဓာတ်မတည့်ခြင်းဖြစ်စေနိုင်ရန် အခွင့်အလမ်းနည်းပါးသည်။
MRI Scan ရိုက်ရာတွင် တက်တူးထိုးထားပါက သတိပြုရန် လိုအပ်ပါသည်။ MRI ရိုက်ရာတွင် တက်တူးကြောင့် အပူလောင်မှု ခံစားခဲ့ရသူ အနည်းငယ် ရှိခဲ့ဖူးသည်။ ပြ ဿနာ အများအပြားရှိသော တက်တူးတွင်ဖြစ်၍ အမည်းရောင်ဆေးရည်တွင် ပုံမှန်အားဖြင့် Iron oxide ပါဝင်ပြီး MRI scanသည် Iron ကို ဓာတ်ပြုအပူတက်စေကာ လောင်ကျွမ်းမှုများအနေဖြင့် MRI Scanလုံးဝမရိုက်ရဟု ဆေးပညာအရ တားမြစ်ထားခြင်း မရှိပါဘူး။
အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာများလည်း ဖြစ်စေနိုင်ပြီး တက်တူးဆေးရည်များနှင့် ဓာတ်ပြုကာ အရေပြားနီရဲခြင်း၊ အကွက်များထခြင်း၊ အရည်ကြည်ဖုများ စသည်တို့ ဖြစ်စေနိုင်သည်။ ထို့အပြင် ဆေးရည်များနှင့် ဓာတ်ပြုကာ ရောင်ရမ်းခြင်း၊ အရောင်ပြောင်းခြင်းများ ဖြစ်စေ၍ မှည့်ကင်ဆာ၏ လက္ခဏာဖြစ်လာစေနိုင်သည်။ တက်တူးထိုးထားသော လူနာတွင် မှည့်ကင်ဆာခွဲခြားရန်မှာ ခက်ခဲပြီး ရောဂါမှားမတပ်အောင်လည်း အထူးသတိပြုရမည်။
သွေးကျဲအောင်ကုသမှု ခံယူနေရသူများတွင် တက်တူးထိုးခြင်းသည် သွေးကို ပိုမိုထွက်လာစေနိုင်သည်။ သွေးထွက်များခြင်းကြောင့် အရေပြားဆီသို့ ဆေးမင်ရည်ရောက်ရှိမှု နှေးကွေးစေပြီး အနာကျက်မှုကို ကြာရှည်စေနိုင်သည်။
ထိုကြောင့် တက်တူးထိုးလိုသူလူငယ်များအနေဖြင့် တက်တူးထိုးခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုသိရှိပြီး မဖြစ်မနေတက်တူးထိုးပါက သန့်ရှင်းပိုးသက်ထားသော တစ်ခါသုံး ပစ္စည်းများအသုံးပြုသော တက်တူးစတူတီယိုတွင်သာ ပြုလုပ်ကြရန် တင်ပြအပ်ပါသည်။
Author : Dr.ဖြူစင် ,Healthcare Journal , vol 8, no 25 (7.7.17)