ဝက်ခြံကို အင်္ဂလိပ်လို Acne လို့ခေါ်ပါတယ်၊၊ ဝက်ခြံပေါက်ရခြင်း အကြောင်းရင်းများစွာရှိပါတယ်၊၊ မျိုးရိုးဗီဇ နဲ့လဲ ဆက်စပ်မှုရှိနေပါတယ်၊၊ ဥပမာ – အဖေမှာ ဝက်ခြံဆိုးဆိုးဝါးဝါး ထွက်ခဲ့ရင် သားသမီးမှာလဲ ဝက်ခြံ ပေါက်မယ့် အန္တရာယ်တွေ ရှိနေပါတယ်။ ဝက်ခြံဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ သွေးသား ဟော်မုန်းဓာတ် ပြောင်းလဲမှုကြောင့်ပါ၊၊ အတိအကျ ပြောရရင် ကျားဟော်မုန်း (Androgen) ပမာဏဟာ ရှိရင်းစွဲထက် သွေးထဲမှာ ပိုများလာတာပါ။ ဒီလို Androgen များနေတဲ့ အခြေအနေကို Hormone Imbalance ဟော်မုန်းဓာတ် မညီမျှလို့ ဖြစ်တယ်လို့ ပြောတတ်ကြတယ်၊၊
ယောကျ်ားလေးတွေမှာဆို လူပျိုဖော်ဝင်စ ဆယ်ကျော်သက် အရွယ်မှာ အဖြစ်များတတ်ပြီး မိန်းကလေးတွေကျတော့ အသက် နှစ်ဆယ်ကျော် မှာ စပြီး ဖြစ်တတ်ကြပါတယ်၊၊ Androgen ကျားဟော်မုန်းများခြင်းရဲ့ နောက်ဆက်တွဲသက်ရောက်မှုအနေနဲ့ အဆီထုတ်တဲ့ဂလင်းလေး ( Sebaceous Gland ) တွေဟာ မွေးညှင်းပေါက်တွေက တဆင့် ဆီဘမ် (Sebum) လို့ခေါ်တဲ့ အဆီတစ်မျိုး ကို ပိုထွက်စေပါတယ်၊၊
အချိန်တွေကြာလာတဲ့အခါမှာ မွေးညှင်းပေါက်တွေဟာ ဆီဘမ်ခေါ် အဆီတွေနဲ့ ခဲပြီး ပိတ်ဆို့ကုန်ပါတယ်၊၊ အဲဒီအနေအထား ကို အဆီဖု ထွက်တယ်လို့ ပြောတတ်ကြပါတယ်။ ဆေးပညာအရတော့ Closed Comedones လို့ ခေါ်ပါတယ်၊၊ တကယ်လို. P.acnes လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ဝင်လာရင်တော့ ရောင်ရမ်းဝက်ခြံအဖြစ် ပြောင်းလဲသွားပြီး နီနေသော ဝက်ခြံဖု (Papule)တွေ ပြည်တည်သော ဝက်ခြံဖုတွေ (Pustules) အဖြစ် မြင်တွေ့ရတတ်ပါတယ်၊၊ ဝက်ခြံပေါက်ခြင်း က များသောအားဖြင့် ဟော်မုန်းကြောင့်ဖြစ်တာမို့ အချိန်ယူကုသဖို့လိုအပ်ပါတယ်။
ဝက်ခြံ ပေါက်ခြင်းက နေ့စဉ်လူနေမှုပုံစံ Lifestyle နဲ့လည်း ဆက်စပ်မှု ရှိနေတယ်လို. ဆရာဝန်အများစုက လက်ခံထားကြပါတယ်၊၊ အစားအသောက်၊ အနေအထိုင် မဆင်ခြင်ရင် ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်၊၊ ကျွန်တော်တို့ဟာ မြန်မာလူမျိူးပီပီ ငါးပိ၊ ငါးခြောက် ပါမှ ထမင်းမြိန်တတ်ကြပါတယ်၊၊ ပင်လယ်စာ စပ်စပ် လေးတွေဆို ပိုခံတွင်းတွေ့တတ်ကြတယ်။ ဒါပေမယ့် ပင်လယ်စာ Seafood တွေမှာ အိုင်အိုဒင်း ဓာတ်များလို့ ဝက်ခြံပိုထွက်စေပါတယ်၊၊
ဝက်ခြံထွက်နေတဲ့သူတွေအဖို့ ဟင်းချက်တဲ့အခါမှာလည်း အိုင်အိုအင်းဆား ကို မသုံးပဲ ပုံမှန်ဆားကိုသာ သုံးသင့်ပါတယ်၊၊ နွားနို့ နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ ထောပတ်၊ ချိစ် စတာတွေကလဲ ဆီဘမ်ခေါ် အဆီ ကိုပိုထွက်စေလို့ ရှောင်ရှားသင့်ပါတယ်၊၊ ဖြစ်နိုင်ရင်တော့ ဆီများတဲ့အစားအစာတွေနဲ့ Soda ပါတဲ့အအေးဖျော်ရည်တွေကို ရှောင်ကြဉ်ပါလို့ အကြံပေးပါရစေ။
အိပ်ရေးပျက်တာများရင်ဖြစ်စေ၊ စိတ်ဖိစီးမှုများရင်ဖြစ်စေ မျက်နှာကို အောက်ဆီဂျင် ရောက်တာနည်းစေတာမို. ဝက်ခြံပိုထွက်စေပါတယ်။ အင်ဂျင်ဝိုင်၊ ဆီချေး စတဲ့ စက်ဆီ၊ ချောဆီတွေနဲ. အမြဲတစေ ထိတွေ့လုပ်ကိုင်နေရတဲ့ ကားပြင်ဆရာတွေ၊ အင်ဂျင်နီယာတွေရဲ့ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောတွေမှာလည်း ဝက်ခြံဖြစ်တတ်ပြီး ဒီဝက်ခြံကိုတော့ Occupational acne လို့ခေါ်ပါတယ်၊၊ ထို့အတူပဲ အမျိုးသမီးတွေမှာလည်း အသုံးပြုနေတဲ့ Cosmetic အလှပြင်ပစ္စည်း မိတ်ကပ်တွေမှာ Vegetable Oil ၊ Mineral Oil ၊ Coconut Oil စတဲ့ အဆီများစွာ ပါဝင်နေတတ်ပါတယ်၊၊ ဒါ့အပြင် မိတ်ကပ်မှာပါတဲ့ အဆီတွေက မွေးညှင်းပေါက်တွေကို ပိုပိတ်စေမှာ အသေအချာပါ၊၊ ဒါကြောင့် မိတ်ကပ်ကို အသုံးပြုပြီးရင် Toner နဲ့ သေချာစွာသန့်စင်ပေးရပါမယ်၊၊
တကယ်လို့ ကိုယ်က အဆီပြန်တတ်တဲ့အသားရေ၊ ဝက်ခြံပေါက်လွယ်တဲ့အသားရေ ဆိုရင် Skin Care ရွေးချယ်အသုံးပြုတဲ့ နေရာမှာလည်း အဆီများတဲ့ Cream ပျစ်ပျစ်တွေအစား Serum လို အရေကျဲတဲ့ အလှကုန်တွေသာ ပြောင်းသုံးသင့်ပါတယ်။ သို့မဟုတ်ပါက မွေးညှင်းပေါက်ကလေးများ ပိတ်ဆို့သွားပြီး အဲဒီကနေတစ်ဆင့် ဝက်ခြံဖြစ်လာတတ်တာကို သတိပြုစေချင်ပါတယ်။
Author – Dr. Ye (Clinique de Skin – Dermatology & Laser Clinic)