ဒီဆေးမတည့်မှုဟာ ဆေးမတည့်ခြင်းတွေ အားလုံးရဲ့ ၄ ရာခိုင်နှုန်းကနေ ၃၉ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုကြပါတယ်။ လေ့လာမှုပြုလုပ်တဲ့နေရာဒေသပေါ်မူတည်ပြီး ဖြစ်ပွားမှုဟာ ကွာခြားမှုရှိတာကို ပြောချင်တာပါ။ အသက်အရွယ်အားလုံးမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ ကနေ ၈၀ ကြားသူတွေမှာ အဖြစ်အများဆုံးလို့ဆိုပါတယ်။ ကျားမမရွေး ဖြစ်နိုင်တယ်လို့ ဆိုကြပေမယ့် အမျိုးသမီးတွေမှာ နည်းနည်းပိုပြီး အဖြစ်များတယ်လို့လဲ ယူဆကြပါတယ်။ အရမ်းကြီး သိသိသာသာ အမျိုးသမီးတွေမှာမှ ဖြစ်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
ဒီ ထပ်ကာ ထပ်ကာ အညိုအမဲကွက်တွေ ဖြစ်တဲ့ဆေးမတည့်မှုဟာ မျိုးရိုးဗီဇနဲ့လဲ သက်ဆိုင်နိုင်ပါတယ်။ တစ်ချို့ မျိုးရိုးဗီဇတွေ (ဥပမာ Septrin ဆေးမတည့်မှုနဲ့ HLA ASO ) ဟာ ဒီဆေးမတည့်မှုမျိုး ဖြစ်နိုင်ဖို့အတွက် ပိုပြီး လွယ်ကူစေတယ် ဒါမှမဟုတ် အဲဒီမျိုးရိုးဗီဇရှိတဲ့သူတွေ အဲဒီဆေးသောက်မိရင်ဖြစ်တယ်။ စသဖြင့် လေ့လာတွေ့ရှိချက်တွေရှိပါတယ်။ ဒါပေမယ့် ဒီဆေးမတည့်တာမျိုး အားလုံးအတွက်တော့ မျိုးရိုးဗီဇကို ရှာမပြနိုင်သေးဘူး။ ဒီဆေးမတည့်မှုဟာ ဖြစ်စေတဲ့ ဖြစ်စဉ်အရ ပြောရမယ်ဆိုရင်တော့ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီး အဲဒီရောင်ရမ်းမှု ဖြစ်စဉ်ထဲမှာပါတဲ့ ဆဲလ်တွေဟာ အရေပြားမှာ သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာတွေကို ရောက်ရှိလှုံ့ဆော်ရင်းနဲ့ အဲဒီနေရာမှာ အမဲကွက် အညိုကွက်တွေ ဖြစ်ဖြစ်လာတာဖြစ်ပါတယ်။
ဒီ ဖြစ်ပြီးသားနေရာတွေမှာ ထပ်ကာ ထပ်ကာ အမဲကွက် အညိုကွက်တွေဖြစ်တာက ဆေးမတည့်မှုမှာ ပုံမှန်အားဖြင့် တွေ့ရတာကတော့ အဝိုင်း ဒါမှမဟုတ် ဘဲဥပုံ အမဲကွက်တွေ ဖြစ်လာ တာပဲဖြစ်ပါတယ်။ ဖြစ်ကာစမှာ အနီရောင်နဲနဲထွက်နေတာကို တွေ့ရမှာပါ။ တဖြည်းဖြည်းနဲ့ အနီရောင်ပျောက်ပြီး ညိုမဲသွားတာမျိုးပါ။ ထပ်ကာထပ်ကာ ဖြစ်ပါများလေလေအရောင်ဟာ ရင့်လာ လေလေဖြစ်မှာပါ။ တစ်ခါတစ်လေမှာ အမဲ အညိုကွက်ရဲ့အလယ်မှာ ရေကြည်ဖုထနေသလိုမျိုးလဲ တွေ့ရတတ်တာမျိုးပါ။ ဒီဆေးမတည့်မှုဟာ စဖြစ်ခါစမှာ အညိုကွက် အမဲကွက်ဟာ တစ်ခုတည်း ဒါမှမဟုတ်လဲ နှစ်ခု သုံးခု စသည်ဖြင့် အရေအတွက် နည်းနည်းလေးနဲ့ စတွေ့တာမျိုးပါ။
ထပ်ထပ်ပြီး ဖြစ်ရင်းဖြစ်ရင်းနဲ့ အရေအတွက်တွေလဲ တိုးတိုးလာ အရောင်လဲ ပိုပိုပြီးရင့်လာတာပါ။ များသောအားဖြင့် အဖြစ်များ အတွေ့များတဲ့ နေရာတွေကတော့ နှုတ်ခမ်းတွေ၊ မျိုးပွားအင်္ဂါတွေ၊ လက်ဖဝါး၊ ခြေဖဝါးတွေဖြစ်ပါတယ်။ ကိုယ်ခန္ဓာ အရေပြားမှာလဲ ဖြစ်နိုင်တာပါပဲ။ တဖြည်းဖြည်းနဲ့ ထပ်ထပ်ဖြစ်ရင်း များလာမှာ ဖြစ်ပါတယ်။
တစ်ချို့တွေကတော့ ဖြစ်စေတဲ့ဆေးနဲ့ ထပ်ကာထပ်ကာ အညိုကွက် အမဲကွက်ဖြစ်တဲ့ နေရာတွေဟာ ဆက်စပ်မှုရှိတယ်လို့လဲ ပြောကြပါတယ်။ NSAID တွေကြောင့် ဖြစ်ရင် နှုတ်ခမ်းနဲ့ လိင်အင်္ဂါတွေမှာ အမဲကွက် အညိုကွက်တွေ့ဖြစ်တယ်။ တက်ထရာဆိုင်ကလင်းနဲ့ Septrin ကြောင့်ဖြစ်ရင် လိင်အင်္ဂါတွေမှာ ဖြစ်တယ်။ Metro ကြောင့်ဆိုရင် ကိုယ်ခန္ဓာရဲ့ ခြေလက်တွေမှာ ဖြစ်တယ်။ Carbocystine ကြောင့်ဆိုရင် မျက်နှာမှာ ဖြစ်တယ် စသည်ဖြင့် ပြောဆိုကြတာ တွေရှိပါတယ်။ ဒါပေမယ့် ဖြစ်တဲ့နေရာကို ကြည့်ရုံနဲ့ ဖြစ်စေတဲ့ဆေးကို တပ်အပ်ပြောဖို့ကတော့ မလွယ်လှပါဘူး။
အထူးသဖြင့် ထပ်ကာထပ်ကာဖြစ်တဲ့လူနာတွေမှာဆို နေရာအများမှာဖြစ်နေနိုင်တာဖြစ်ပါတယ်။ နည်းနည်းပိုဆိုးတဲ့ ထပ်ကာထပ်ကာဖြစ်တဲ့ ဆေးမတည့်မှုမှာတော့ အညိုအမဲကွက်တွေပေါ်မှာ ရေကြည်ဖုဖြစ်နေမှာဖြစ်ပါတယ်။ ဒီလိုဆိုးတဲ့ ထပ်ကာ ထပ်ကာဖြစ်တဲ့ ဆေးမတည့်မှုမှာ ပါးစပ်အတွင်းတို့ အစာအိမ် အူလမ်းကြောင်းတို့လို အသားနုတွေမှာ ဖြစ်လေ့မရှိတာကြောင့် အဲဒီနေရာတွေမှာဖြစ်တတ်တဲ့ ဆေးမတည့်မှုတွေလောက်တော့ မဆိုးရွားပါဘူး။
ဒီဖြစ်ပြီးသားနေရာတွေမှာ ထပ်ထပ်ပြီး အညိုအမဲကွက်တွေ ဖြစ်တဲ့ဆေးမတည့်မှုမှာ အဓိက လုပ်ရမှာကတော့ ဖြစ်စေတဲ့ဆေးကို ရှောင်လိုက်ဖို့ပဲဖြစ်ပါတယ်။ ရောဂါရာဇဝင်မေးတာကနေပြီး ဖြစ်စေတဲ့ဆေးကို ဖော်ထုတ်လို့ရရင်တော့ တစ်ခါတည်း အဲဒီဆေးကို ရှောင်ခိုင်းလိုက်ရမှာပါ။ မဟုတ်ရင်တော့ နောက်တစ်ခါဖြစ်လာတဲ့အခါမှာ ဘာကြောင့်ဖြစ်သလဲဆိုတာကို တိတိကျကျသိအောင် သောက်တဲ့ဆေးတွေ၊ စားတဲ့ အစားအစာတွေကို မှတ်ထားရပြီး ဖြစ်စေတဲ့ အကြောင်းကို သိအောင်လုပ်ရမှာဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းရင်းကို ရှောင်ကြဉ်ခြင်းဟာ ဒီဆေးမတည့်မှုရဲ့အဓိက ကုသမှုပဲဖြစ်ပါတယ်။ အညို အမဲကွက်တွေ ထပ်ကာ ထပ်ကာ ဖြစ်နေခြင်းမှ ကင်းဝေးပြီး စိတ်ဒုက္ခများလျော့ပါးနိုင်ကြပါစေလို့ . . . . ။
Author: Dr.ကေ (အရေပြား), Healthcare Journal, vol 8,no 31 (18.8.17)