ဗိုက်အကြောပြတ်တယ်လို့ ပြောတာရောဂါတော့မဟုတ်တတ်ဘူး။ ကျန်းမာရေးပြဿနာတော့ ဖြစ်တယ်။ ဗိုက်မှာတင် မဟုတ်ပါ။ ရင်သား၊ တင်ပါး၊ ပေါင်စတဲ့နေရာတွေမှာပါ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာမှာ ပြိုင်နေတဲ့မျဉ်းကြောင်း တွေလို၊ ပါးလျ၊ ပြောင်ချော၊ အရောင်ဖျော့၊ ဖြစ်စမှာ အနီရောင်ကြာရင် ငွေရောင်၊ အမာရွတ်လိုလို အပိုတွေ ဖြစ်လာတယ်။ အနားရှိတဲ့ ပုံမှန်အရေပြားထက် နဲနဲနိမ့်ပြီး ထိကိုင်ကြည့်ရင်ခံစားမှုမတူဘူး။
ကိုယ်ဝန်ဆောင်ရလို့ ဖြစ်ရတာက အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန် ၇၅ရာခိုင်နှုန်းကနေ ၉ဝ ရာခိုင်နှုန်း မိခင် လောင်းတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်မဟုတ်ပဲ ရုတ်တရက် ဝလာတာ ပိန်သွားတာကနေလည်း ဖြစ်တတ်တယ်။ တခြားအကြောင်းခံရောဂါတွေလည်း ရှိသေးတယ်။ (ကော်တီဇုန်း) လိမ်းဆေးကြာကြာသုံးလို့၊ ဆီးချိုရောဂါ၊ Cushing syndrome, Ehlers-Danlos syndrome, Lichen planus ရောဂါ တခုခုရှိလို့ ဖြစ်တတ်တယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ်ရောက်ချိန်မှာ ကိုယ်ခန္ဓာအချိုးအစား ပြောင်းလာလို့လည်း ဖြစ်ရပါတယ်။
ကိုလာဂျင်တွေ ပုံမှန်မဟုတ်ဖြစ်လာလို့၊ အရေပြားရဲ့ အလယ်ထပ် ဒါးမစ်မှာသွားဖြစ်ပါတယ်။ Glucocorticoid ဟော်မုန်းနဲ့ဆိုင်သေးတယ်။ လူမဲတွေမှာ အဖြစ်နည်းတယ်။ မျိုးရိုးလိုက်တယ်လည်း ရှိတယ်။ အမေဖြစ်ရင် သမီးတွေမှာ အဖြစ်များလို့ မိန်းမ မယူခင် သူ့အမေကို ပါ လေ့လာသင့်တယ်။ ဈေးအကြီးဆုံးမော်ဒယ် ၁ဝ ယောက်စာရင်းဝင် သြစတြေးလျက မိရင်ဒါကား ကလေးယူတော့မယ်ဆိုတော့ သူ့အဖွားက ပြောတယ်။ မိသားစုမှာ ဗိုက်ကြောပြတ်တဲ့ ရာဇဝင် မရှိဘူးတဲ့။
ဘယ်လိုကုရမလဲဆိုတာ ပြောရမှာတော့ ဆောရီးပါ။ ကြော်ညာပြီးရောင်းတဲ့ခရင်မ်တွေက လက်တွေ့မှာ တကယ် ကောင်းတယ်လို့ အာမ မခံနိုင်ပါ။ အကြောပြတ်တာ ဖြစ်စေတဲ့ အခံရောဂါရှိရင် ကုသဘို့လိုတယ်။ မဖြစ်အောင် ကာကွယ်ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာအလေးချိန်ကို အပြောင်းအလဲမမြန်အောင် သတိထားရမယ်။ ကော်တီဇုံးဆေးတွေ သိပ်လိုအပ်မှသာ သုံးပါ။ ကိုယ်ဝန်ဆောင်နေတုံးမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဆီးချို ရှိမရှိစစ်ပါ။ ကုပါ။ ဟော်မုန်းပါဆေးတွေကို သတိထားပါ။
အကြောပြတ်တာက အမာရွတ် သဘောနဲ့တူတယ်။ အမာရွတ်ဆိုတာမျိုးက ပျောက်သွားအောင် လုပ်လို့ မရသ လောက်ပါ။ အနာဒဏ်ရာ ဖြစ်တုံးကအရေပြားကို ဘယ်လောက်ထိ နက်သွားခဲ့သလဲ အပေါ်မှာမူတည်ပြီး အကြီးအသေး၊ အပျောက်နှေးမြန်ကွာတယ်။ ဖြစ်တဲ့နေရာအရလည်း မတူကြသလို၊ လူအပေါ်မှာပါ တည်သေးတယ်။ အသားအရေကောင်း သူ ၊ အရွယ်ငယ်မှာ အပေါ်ယံဖြစ်တဲ့ အမာရွတ်ဆိုရင် ကြာလေလေ ပျောက်လေလေ။
နောက်သုတေသနတခုက Vitamin E, Panthenol, Hyaluronic acid, Elastion နဲ့ Menthol တွေပါတဲ့ Serum Cream က ကောင်းတယ်လို့ ဆိုတယ်။ Cocoa butter ဆိုတာကလည်း ရေငွေ့ပေးတာမို့ ကောင်းတယ်ပြော တယ်။ သုတေသနတော့ မရှိသေးဘူး။ အရေပြားခွဲစိတ်ဂျာနယ်က ရေဒီယိုလှိုင်း 585-nm pulsed dye laser နဲ့ ၃၇ယောက်ကို ကုတာ၊ ၃၃ယောက်မှာ အလွန်ကောင်းတဲ့ ရလဒ်ကို ဆိုပါတယ်။ Tummy tuckခေါ်တဲ့ ခွဲစိတ်ဖယ်ရှားမှုလည်း လုပ်ကြတယ်။ Fractional laser resurfacingလေဆာနည်းသစ်ကလည်း ပိုကောင်းသတဲ့။
အရေပြားကုသရေး ဂျာနယ်စာတမ်းမှာ အမျိုးသမီး ၁၇ ယောက်ကို ၆ ပါတ်ကုသပေးတာ ဆေးပါတ်ပြည့်ပြီးနောက် ၁ ပါတ်မှာ ၃၈.၂ ရာခိုင်းနှုန်းက ၂၅.၅ ရာခိုင်နှုန်းနဲ့ ၁၁.၈ ရာခိုင်နှုန်းက ၅၁.၇၅ရာခိုင်နှုန်း တိုးတက်မှုတွေ့ရတယ်။ ၂၃ရာခိုင်နှုန်းက ကျေနပ်ကြပြီး၊ ၁၂ ရာခိုင်နှုန်းကတော့ ကျေနပ်မှု မရှိဘူး ဆိုပါတယ်။ ဆက်ရန်……..
Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 36(22.9.17)