အကြောပြတ်တာ ကျန်းမာရေး ပြဿနာလို့ ရေးခဲ့ပါတယ်။ လူဆိုတာမွေးတုံးကထက် ဖြစ်နိုင်ရင် ပိုလှချင်၊ ပိုကောင်းချင်၊ ပိုကျန်းမာသန်စွမ်းချင်ကြတယ်။ လျော့သွား၊ ကျသွား ပြောင်းသွားရင်လည်း နဂိုအနေ ပြန်ဖြစ်ချင်ကြတယ်။ ဒီအထိတော့ (နော်မယ်)ပါ။ မဖြစ်နိုင်ဘူး ဆိုတာကို ပါ ဖြစ်ချင်နေရင်တော့ ဝေဒနာတိုးတာပါ။ ဒါ့ကြောင့်ကံနဲ့ စိတ်ဟာ အကြောင်းတရားတွေထဲ မှာ ပါနေတာပေါ့။ အဲဒါကြောင့်လည်းစိတ်ကို ထားတတ်အောင် ပြုပြင်နည်းတွေ၊ ကံတရားကောင်း အောင် ကျင့်ကြံစရာတွေ ပေါ်ပေါက်လာခဲ့တယ်။
ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ်နဲ့အတူ အရေ၏ ကောင်းခြင်းလည်း ပါတယ်။ အမျိုးသမီး တွေသာမက အမျိုးသားတွေအတွက်လည်း ဗိုက်စူး၊ ဗိုက်ဗူးတွေ မဖြစ်ချင်ကြတာမို့ ဗိုက်ခေါက်ကျန်းမာရေးကအတော် အရေးပါလှတယ်။ ဗိုက်ကြောပြတ်တာက အရေပြားမှာ ဖြစ်တာပါ။ အရေပြားအောက်မှာ အဆီပြင်၊ ကြွက်သား၊ နောက်ခံ အရွတ်ပြား အတွင်းဆုံးကြမှ ဗိုက်ကိုဖုံးနေတဲ့ အလွှာဆိုပြီး ၅ ထပ်ရှိတယ်။ ဗိုက်မစူချင်ရင် ဗိုက်လှချင်ရင် အရေပြား လှရမယ်။ အဆီမထူရဘူး။ ဗယ်လီခေါ်တဲ့ ဗိုက်ကြွက်သားသန်နေရမယ်။ တချို့သိပ်မသိကြတာက အရွတ်ပြားရဲ့ အရေးပါမှုပဲ ဗိုက်ကို ခွဲစိတ်ရရင် ဒီအထပ်ကို ကျကျနန ပြန်ချုပ်ပေးရတာ လက်ဝင်တဲ့ အလုပ်တခုပေါ့။
လူတစ်ယောက်ကို ကြည့်တာနဲ့ ဗီတာမင်ဘီ ၂ နည်းနေတာကို သိနိုင်တယ်။ ပါးစပ်ဘေးစွန်းတွေမှာ အရောင်ဖျော့ နေ၊ နီနေ၊ အနာဖြစ်ချင်နေတာမြင်ရမယ်။ ဆက်သိဘို့က သူ့မှာ ဘီ၂နည်းနေရင် ဘီ၁လည်း နည်းနေနိုင်သလို တခြားခြား အာဟာရတွေပါ နည်းနိုင်တယ်လို့ မှန်းတတ်ရတယ်။ ဒီဆင်ခြင်မှု သဘောအတိုင်းပဲ ဗိုက်ကြောပြတ်သူတစ်ယောက်မှာ အရေပြားအောက်လွှာတွေလည်း တခုခုလိုနေနိုင်တယ်လို့ သံသယဝင်ဘို့ ထိုက်တယ်။
ရေနဲ့ အာဟာရဓါတ်ပြည့်ဝနေတဲ့ အရေပြားဆိုရင် အကြောပြတ်တာဟာ အဖြစ်နည်းတယ်။ ရေသောက် မနည်းစေနဲ့။ မျှတတဲ့ အစားအစာစားပါ။ အသားငါး၊ အသီးအရွက်၊ အသီးအနှံ၊ ပဲတွေ စုံအောင်စားရတာမျိုးပြောတာပါ။ လှုပ်ရှားရုံးကန်နိုင်ဘို့ အင်နာဂျီဖြစ်စေတဲ့အစာ၊ ကြီးထွားဘို့၊ ပျက်တာတွေပြုပြင်ဘို့ ပရိုတင်းနည်းနည်းစီနဲ့ နေ့တိုင်းမပါမဖြစ် တာတွေက ဆီ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်တယ်။ ဗီတာမင်အေနဲ့ အီးကို သောက်သင့်တယ်။ သူနည်းနေရင် ပျော့ဖတ်ဖတ် ဖြစ်နေတာမို့ ပိုတက်ဆီယံပါ ဖြည့်ပေးဘို့ လိုတယ်။ အကြောပြတ်ပြီး သူတွေ အတွက်ပါကောင်းပါတယ်။
ကြော်ငြာတွေ အများကြီးရှိတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာ ပိုများတာပေါ့။ တစ်ခုတည်းကို အားကိုးရုံနဲ့ အဆင်ပြေမှာမျိုးတော့ မဟုတ်ဘူး။ စာထဲမှာရေးခဲ့သလို လုပ်စရာတွေပါလုပ်သင့်တယ်။ ဆေးတွေကလည်း လယ်ကွင်း ယာခင်းထဲကနေ ရတာကို ပြုပြင်ပြီး ဝယ်ချင့်စဖွယ်လုပ်ထားတွေက ပါသေးတယ်။
ခွဲစိတ်ကုသတာကိုလည်း လုပ်ချင်လုပ်နိုင်၊ အခြေအနေပေးရင် မလုပ်နဲ့လို့ မတိုက်တွန်းပါ။ ကုပေးမဲ့ ဆရာဝန်နဲ့ အရင်ဆွေးနွေးပါ။ ဒီရောဂါမျိုးကအများကြီး မျှော်မှန်းမထားဘဲ ကြိုးစားသင့်တယ်။ အမှန်က ရောဂါလို့တကယ်သတ်မှတ်တာ တော့ မဟုတ်ဘူး။ အဲဒါမျိုးက ပိုပြီးကုရတာ မလွယ်ဘူး။ သက်ရှိတွေမှာ ဇရာဖြစ်စဉ်ထဲပါတာကို ပြုပြင်ဘို့က သိပ်ခက်တတ် တယ်။ ဒါပေမဲ့ငယ်တုံးကဖြစ်တာကြာရင် သက်သာရာကနေ မမြင်ရတဲ့အထိ ပြောင်းတတ်သေးတယ်။
ယောက်ျားတွေလဲ ဒူးကြောပြတ်တာ မေးကြပါတယ်။ မာစတာဘေးရှင်းလုပ်လို့ ပြတ်တယ်လို့ တရားသေမှတ်ကြ တာများတယ်။ လုပ်လေ့ရှိတာက လူပျိုဖြစ်ပြီးနောက်ဆိုတော့ အရွယ်ပြောင်းလာတာနဲ့ ကိုယ်ခန္ဓာပြောင်းလဲလာတာ တချိန်တည်း ကျနေတယ်။ အမှန်က ကိုယ်မှာ ဝရာကပိန်၊ ပိန်ရာကဝလာတဲ့ နေရာတွေမှာ အကြောပြတ်တယ်။ ဘာကြောင့်၊ ဘယ်နေရာမှာ ဖြစ်ဖြစ်ကုသနည်းကတော့ အတူတူပါဘဲ။
ဗိုက်ကြောပြတ်တာအတွက် ရေဓါတ်၊ အာဟာရဓါတ်နဲ့ စိတ်ဓါတ်၊ အလေးထားပြီး သကာလ၊ မအိုသေးသမျှ အပျိုလေးလို လှနေကြပါစေ။
Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 36(22.9.17)