လန်းဆန်းနုပျိုပြီး အစဉ်အမြဲလှပတဲ့ မျက်နှာလေး ပိုင်ဆိုင်ဖို့ဆိုတာ မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီ အချိုးကျကျ တောက်ပစိုပြေမှု ရှိဖို့လိုအပ်ပါတယ်။ မိတ်ကပ်၊ ပါးနီ၊ နှုတ်ခမ်းနီ၊ မျက်လုံးချယ်သတာကစလို့ အလှပြင်ပစ္စည်း၊ Skin careတွေ ဝယ်သုံးဖို့ သတိတရ ရှိကြပေမယ့် နှုတ်ခမ်းသားတွေကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲ၊ အစားအသောက်နဲ့ အလှကုန်ပစ္စည်းတွေကြောင့် နှုတ်ခမ်းသားတွေဟာ မည်းညစ်ညစ် ဖြစ်လာတတ်သလို အမည်းစက်တွေပါ ဖြစ်လာတာတွေ့ရတတ်ပါတယ်။
နှုတ်ခမ်းသား ခြောက်သွေ့ပျက်စီးကာ အရေပြားတွေလန်လို့ ကွဲအက်လာတာတွေ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုသာဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ Sexy Lip လေးတွေ ဘယ်လိုမှ ဖြစ်လာနိုင်မှာမဟုတ်သလို ပြီးပြည့်စုံတဲ့ မျက်နှာအလှကိုလည်း ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ နှုတ်ခမ်းလေးတွေ နူးညံ့ဖို့၊ ပိုးသားလိုတောက်ပစေဖို့နဲ့ သဘာဝပန်းနုရောင် နှုတ်ခမ်းသားလေးတွေ ရဖို့ဆိုရင် နှုတ်ခမ်းမှာ ကပ်ငြိနေတဲ့ ဖုန်နဲ့ အညစ်အကြေးတွေ အတွင်းပိုင်းအထိ သန့်စင်နိုင်ဖို့လိုသလို လုံလောက်တဲ့ အစိုဓာတ်ထိန်းပေးတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အပူဒဏ်၊ အအေးဒဏ်တွေခံရတဲ့အခါမှာ နှုတ်ခမ်းသားတွေ ခြောက်သွေ့ပျက်စီးတတ်လို့ အိမ်မှာတင်ရရှိပြုလုပ်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေနဲ့ ကာကွယ်သင့်ပါတယ်။
ပူလွန်းအေးလွန်းတဲ့ ရာသီဥတုနဲ့ ဆိုးဝါးလွန်းတဲ့ နေရောင်ခြည်ဒဏ်ဟာ နှုတ်ခမ်းသားတွေကို အလွန်ပျက်စီးစေပြီး နှုတ်ခမ်းအတွင်းက အစိုဓာတ်ကို ဖယ်ရှားပေးတဲ့အတွက် နှုတ်ခမ်းသားတွေ ခြောက်သွေ့ကာ ကြမ်းတမ်းလာစေပါတယ်။ ဒီပြဿနာကို တုန့်ပြန်ဖို့ဆိုရင် အစိုဓာတ်ထိန်းပေးတဲ့ Lip blams နဲ့ နေရောင်ဒဏ်ကို ကာကွယ်ပြီး လျှင်မြန်စွာ နူးညံ့ချောမွေ့စေဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုပါ။
အရည်အသွေးနိမ့်တဲ့ နှုတ်ခမ်းအလှကုန်ပစ္စည်းတွေဟာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့အတွက် နှုတ်ခမ်းသားတွေ ပျက်စီးကာ စပ်ဖျဉ်းဖျဉ်းဖြစ်လာတတ်ပါတယ်။ ဒီလိုပစ္စည်းတွေကလည်း နှုတ်ခမ်းသားတွေကို ခြောက်သွေ့စေဖို့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းအတွက် ကျန်းမာပြီးလှပစေဖို့ သဘာဝအသီးအနှံတွေက ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။ အနံ့အရသာတွေ အလွန်အကျွံပါတဲ့ သွားတိုက်ဆေးတွေကလည်း ဓာတ်မတည့်မှုတွေဖြစ်ပြီး နှုတ်ခမ်းသားတွေ ပျက်စီးဒဏ်ရာရတတ်ပါတယ်။
နှုတ်ခမ်းသား နူးညံ့ပျော့ပြောင်းဖို့ဆိုရင် အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေကိုသာ သုံးစွဲဖို့ အကြံပေးပါရစေ။ နေလောင်ဒဏ်ကို ကာကွယ်ပေးမယ့် အနည်းဆုံး SPF 25 ပါဝင်တဲ့ အစိုဓာတ်ထိန်း အလှကုန်ပစ္စည်းကို အသုံးပြုပါ။ အစိုဓာတ်ထိန်းသိမ်းတာဟာ နှုတ်ခမ်းတွေ ခြောက်သွေ့ကွဲအက်တာတွေကနေ ပထုတ်ပေးနိုင်ပြီး နှုတ်ခမ်းသားတွေ စိုလက်နူးညံ့လာစေဖို့ ကူညီရာရောက်ပါတယ်။ နှုတ်ခမ်းတွေ အစိုဓာတ်ထိန်းဖို့ဆိုရင် ဗက်စလင်းဟာ အကောင်းဆုံးပါပဲ။ ဒ့ါပြင် အမျိုးအစားများစွာရှိတဲ့ Lip blams တွေကလည်း နှုတ်ခမ်းသားတွေကို ပိုးသားလို နူးညံ့တောက်ပစေပါတယ်။ နူးညံ့ပျော့ပျောင်းတဲ့ နှုတ်ခမ်းသားလေးတွေ ပိုင်ဆိုင်ဖို့ရာ သဘာဝနည်းလမ်းတွေက သံလွင်ဆီနဲ့ မက်မွန်ဆီတို့ကို ဆတူရောပြီး နေ့စဉ် နှုတ်ခမ်းမှာ သုတ်လိမ်းပေးပါ။
နှုတ်ခမ်းခြောက်သွေ့မှုနဲ့ ကွဲအက်မှုတွေ မရှိတော့တာကို တစ်ပတ်အတွင်း သိသိသာသာတွေ့ရမှာပါ။သခွားသီးကို အကွင်းလေးတွေလှီးပြီး အေးသွားအောင်ပြုလုပ်ကာ နှုတ်ခမ်းမှာ ၁၀ မိနစ်လောက် နေ့စဉ်ကပ်ပေးပါ။ အစိုဓာတ်ထိန်းပြီး တောက်ပလာတာတွေ့ရမှာပါ။နှင်းဆီပန်းနီနီရဲရဲကြီးတစ်ပွင့်ရဲ့ ပွင့်ချပ်တွေကို ခြွေကာ ထောပတ်နဲ့ ရောချေပေးပါ။ ပြီးရင် နှုတ်ခမ်းသားပေါ်လိမ်းကာ တစ်နာရီလောက်ထားပေးပြီး ရေအေးနဲ့ဆေးချပါ။ နှုတ်ခမ်းသားလေးတွေဟာ သဘာဝအတိုင်း လှနေမှာပါ။
နှုတ်ခမ်းတွေ မည်းခြောက်လာရင် သံပုရာသီးနဲ့ ဂလစ်စလင်းကိုရောပြီး နှုတ်ခမ်းကို သုတ်လိမ်းကာ တစ်ညထားပြီး မနက်ရောက်မှ ဆေးကြောပစ်လိုက်ပါ။နှုတ်ခမ်းကိုက်တာ၊ နှုတ်ခမ်းကို လျှာနဲ့လျက်တာဟာ နှုတ်ခမ်းကို ခြောက်ပြီးကွဲအက်စေလို့ အဲဒီအကျင့်ဆိုးကို ပြောင်းလဲပါ။ အပူအစပ်တွေနဲ့ အငံပါတဲ့ အစာတွေကို ရှောင်ကြဉ်ပါ။ ရေဓာတ်များစွာပါတဲ့ အသီးဖျော်ရည်တွေ သောက်ပါ။ ရေများများသောက်ပါ။ ပူလွန်းတဲ့ ကော်ဖီ၊ လက်ဖက်ရည် သောက်ရင် အတော်အတန် အအေးခံပြီးမှ သောက်ပါ။ နှုတ်ခမ်းကို ၂၄ နာရီ အစိုဓာတ်ရှိပြီး ပျော့ပျောင်းနူးညံ့အောင်ထားပါ။ ဆေးလိပ်သုံးစွဲသူဆိုရင် ပျော့ပျောင်းနူးညံ့တဲ့ နှုတ်ခမ်းသားရမှာ မဟုတ်လို့ ဆေးလိပ်သောက်ကျင့်ကို ဖြတ်ပါ။ဘယ်လိုရာသီမျိုးပဲဖြစ်ဖြစ် ဒီအချက်တွေကို လက်တွေ့အသုံးချလို့ စိုစိုဖူးဖူးနဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်နိုင်ကြပါစေ။
Author: ရွှေနန်းစံ, Healthcare Journal, vol 8,no 40 (20.10.17)