ဆောင်းတွင်းအခါမှာ အသားအရေခြောက်သွေ့တာတို့ အသားပတ်တာတို့ နှာခေါင်းနီမြန်းတာ စတဲ့ အသားအရေပြဿနာအမျိုးမျိုးကို အခြားရာသီတွေထက်ပိုပြီး ခံစားရပါတယ်။ ဒီလိုအသားအရေပြဿနာအမျိုးမျိုးကနေကင်းဝေးပြီး လှပချောမွေ့တဲ့အသားအရေ ပိုင်ဆိုင်နိုင်ဖို့အတွက် နည်းလမ်းများ ယခင်တစ်ပတ်ကအချက်အချို့ကို ဖော်ပြပေးခဲ့ပါတယ်။ ယခုတစ်ပတ်လည်း ဆက်လက်ပြီးဖော်ပြပေးချင်ပါတယ်။
လက်သည်းခြေသည်း ကြွပ်ဆတ်ခြင်း
ခြောက်သွေ့တဲ့လေဟာ လက်သည်း၊ ခြေသည်း အစိုဓာတ်တွေကို လျော့နည်းစေပြီး လက်သည်းခြေသည်းကြွပ်ဆတ်ခြင်း၊ ကျိုးကြေခြင်းကို ဖြစ်စေပါတယ်။ ဒါကိုပျောက်ကင်းအောင် ကုသဖို့ဆိုရင် ညအိပ်ရာမဝင်မီ လက်သည်း ခြေသည်းကို သံလွင်ဆီ သို့မဟုတ် သိုးမွှေးအဆီ (lanolin)ပါတဲ့ Lotion လိမ်းပေးပြီး လက်အိတ်စွပ်ထားပါ။ လက်သည်း ခြေသည်း ကျန်းမာလှပဖို့ဆိုရင် ဗီတာမင် B7 ကြွယ်ဝတဲ့အစားအစာ စားပေးပါ။ ဗီတာမင်ဓာတ်ဟာဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (amino acids) နဲ့ ဖက်တီးအက်ဆစ် (fatty acids) တွေကို ဖြစ်ပေါ်စေပါတယ်။ လက်သည်းခြေသည်း ကျန်းမာဖို့အတွက် မုန်လာဥနီနဲ့ အခြား မုန်ညင်းရွက်၊ ဆလပ်၊ ကိုက်လန်စားပေးပါ။ အခွံမာသီးနဲ့ ငါးအမျိုးမျိုး စားပေးပါ။
ဦးရေပြားခြောက်သွေ့ယားယံခြင်း
ဦးရေပြား ခြောက်သွေ့ယားယံတဲ့အခါ စိတ်ရှုပ်ရပါတယ်။ ဗောက်တွေကလည်း ဦးရေပြားကို ယားယံစေပါတယ်။ ဒီလို ဦးရေပြားယားယံ ခြောက်သွေ့ ဗောက်ထတာတွေ ကင်းစေဖို့ဆိုရင် ခေါင်းမလျှော်ခင် ဗီတာမင်အီး၊ သံလွင်ဆီ၊ အုန်းဆီတို့နဲ့လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒီလိုပုံမှန်လေးလုပ်ပေးသွားရင် ဦးရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဆံသားခြောက်သွေ့ခြင်းကိုလည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။ လက်ဖက်အဆီအနှစ်ကလည်း ဆံသားကျန်းမာရေးအတွက် ကောင်းစေပါတယ်။ လက်ဖက်အဆီအနှစ်ကို ပုံမှန်လေး သုံးပေးခြင်းအားဖြင့် ဆံသားခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ ဦးရေပြား ယားယံတာတွေကိုလည်း သက်သာစေပါတယ်။ ဗောက်ထတာတွေကိုလည်း သက်သာစေပါတယ်။ ခေါင်းလိမ်းဆီ သုံးတဲ့အခါမှာလည်း လက်ဖက်အဆီအနှစ်ပါတဲ့ ခေါင်းလိမ်းဆီသုံးပေးပါ။ ပန်းသီးရှာလကာရည်နဲ့လည်း ဦးရေပြားယားယံတာကို ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။ ဆံပင်ကို ပန်းသီးရှာလကာရည်နဲ့ ဆေးချပါ။ နောက်မှ ခေါင်းလျှော်ချပါ။ ဦးရေပြားယားယံတာကို သက်သာစေပါလိမ့်မည်။
မျက်လုံးကျိန်းစပ်ခြင်း
လေအရမ်းတိုက်တဲ့အခါမျိုးနဲ့ လေပူတွေဟာ မျက်လုံးအတွက် မကောင်းပါဘူး။ မျက်လုံးကျိန်းစပ်ခြင်း ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ နေကိုကြည့်တဲ့အခါ မျက်မှန်တပ်ပြီးကြည့်တာက မျက်လုံးထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။ မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဥပမာ – လက်ကို မျက်လုံးရဲ့ အဝေးမှာထားပြီး လက်ညှိုးကိုစိုက်ကြည့်တာမျိုး လုပ်ပေးသင့်ပါတယ်။ အဲ့လိုလုပ်လို့ ကျလာတဲ့မျက်ရည်ဟာ သဘာဝကပေးတဲ့ မျက်စဉ်းတစ်ခုပါပဲ။
ဆံသားပျက်စီးခြင်း
ဆောင်းရာသီမှာ ဆံပင်ပျက်စီးတာထက် အပြင်သွားရင် ဦးထုပ် မဆောင်းတာက ဆံပင်ကို ပိုပျက်စီးစေပါတယ်။ ခြောက်သွေ့တဲ့ဦးရေပြားက အဆီဓာတ်လျော့နည်းတဲ့အတွက် ဆံပင်ကို ပိုပြီးတော့ ပျက်စီးစေပါတယ်။ ပျော့ဆေး သိပ်မသုံးပါနဲ့။ ညအိပ်ယာမဝင်ခင် ခြောက်သွေ့တဲ့ ဦးရေပြားကို ဗီတာမင်အီး အဆီလိမ်းပေးခြင်းအားဖြင့် ဦးရေပြားအစိုဓာတ် ပြည့်ဝကာ ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းဖီးတဲ့အခါမှာလည်း ဝက်မှင်ဘီးနဲ့သား ဖီးစေချင်ပါတယ်။ ဝက်မှင်ဘီးနဲ့ ဖီးခြင်းအားဖြင့် အခြားကော်ဘီး၊ ဖိုက်ဘာဘီးစတဲ့ ဘီးတွေနဲ့ဖီးခြင်းထက် ပိုပြီး ဦးရေပြား အဆီပျံ့နှံ့စေပြီး ဆံသားကိုတောက်ပြောင်စေပါတယ်။ အပြင်မထွက်ခင်မှာလည်း ဆံသားလိမ်းဆီတွေ လိမ်းပေးသင့်ပါတယ်။ ဆောင်းရာသီမှာဆိုရင်လည်း ဆံသားမပျက်စီးအောင် ချည်သားဦးထုပ်လေးတွေ ဆောင်းစေချင်ပါတယ်။
တံတောင်ဆစ် ညိုမဲခြင်း
တံတောင်ဆစ်တို့၊ ဒူးတို့၊ ဖနောင့်တို့မှာ အသားမာတွေပိုပြီး တက်တတ်ပါတယ်။ ဒူးနဲ့ တံတောင်ဆစ်တွေ ညိုမဲတာဟာ ဒူးထောက်ထိုင်တာတို့ ခုံပေါ်ကို လက်ထောက်တာတို့ စတာတွေကြောင့် ဖိအားပိုများပြီး ဖြစ်ရတာပါ။ ဒူး၊ တံတောင် ညိုမဲတာကြောင့် ကြည့်ရတာ ဆွဲဆောင်မှုမရှိပါဘူး။ ဒူး၊ တံတောင်နဲ့ တခြားညိုမဲတာတွေကို သက်သာစေဖို့အတွက် တစ်ပတ်နှစ်ကြိမ် ချေးချွတ်ပေးပါ။ နေ့စဉ်မှန်မှန် အစိုဓာတ်ပါတဲ့ moisturizer လိမ်းပါ။ သကြား တစ်ကော်စာ၊ သံလွင်ဆီအနည်းငယ်၊ သံပုရာသီး အနည်းငယ် ရောနယ်ပြီး ချေးချွတ်ဆေးအဖြစ် တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ ချေးချွတ်ဆေးသုံးပြီး ရေနဲ့ဆေးချပြီးနောက် အစိုဓာတ်ပါတဲ့ cream လေးလိမ်းပေးပါ။ တံတောင်ဆစ်တွေ နီရဲပြီး အဖုအပိန့် ထယားယံနေရင် နွားနို့စိမ်ပေးပါ။ သို့မဟုတ် သုတ်လိမ်းပေးပါ။ အရေပြားနီရဲ အဖုအပိန့် ထွက်တာကို သက်သာစေပါတယ်။
မျက်နှာ ခြောက်သွေ့ခြင်း
ဆောင်းရာသီ ရောက်တဲ့အခါ မျက်နှာကိုအယ်လ်ကိုဟော alcohol ပါတဲ့ products တွေလိမ်းတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ မျက်နှာကို မျက်နှာသစ်ပျော့ပျော့လေးနဲ့ပဲ သစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးရင် အစိုဓာတ်ပါတဲ့ ခရင်ကို ထူထူလေးလိမ်းပေးသင့်ပါတယ်။ မျက်နှာကို တစ်ပတ်တစ်ကြိမ် ဒိန်ချဉ်နဲ့မျက်နှာသစ်ပေးပါ။ နောက်ပြီး မီးဖိုချောင်မှာရှိနေတဲ့ ငှက်ပျောသီး၊ ထောပတ်သီး၊ ကြက်ဥအနှစ်၊ နွားနို့ စတာတွေနဲ့ ပေါင်းတင်ပြီး မျက်နှာကို လှပစိုပြေအောင် ပြုလုပ်ပေးနိုင်ပါတယ်။
Author: ဖြိုးသူဇာ, Healthcare Journal,,vol 8, no 37 (29.9.17)