ချွေးအနံ့ဆိုးကင်းအောင်
ကျွန်တော်တို့ ကိုယ်ခန္ဓာကို အရေပြားနဲ့ဖုံးအုပ်ထားပါတယ်။ အရေပြားဆိုတာ လူခန္ဓာကိုယ်ရဲ့ ကြီးမားကျယ်ပြန့်ဆုံး အင်္ဂါတစ်ခုပါ။ အရေပြားသည် ခန္ဓာကိုယ်အတွင်းသို့ ပိုးမွှားများနှင့် အဆိပ်အတောက် ဝင်ရောက်ခြင်းများကို ကာကွယ်ပေးနိုင်သလို ရာသီဥတုဒဏ်ကိုလဲ အကာအကွယ် ပေးပါသည်။
အရေပြားသည် ခန္ဓာကိုယ် အပူရှိန်ထိန်းညှိပေးသော အစိတ်အပိုင်းလည်း ဖြစ်သည်။ အဲ့အရေပြားမှာ ချွေးပေါက် (မွှေးညင်းပေါက်) တွေ သန်းချီရှိပါတယ်။ပတ်ဝန်းကျင် အပူချိန်မြင့်မားနေချိန်တွင် အရေပြားအတွင်းရှိ မွှေးညှင်းပေါက် (ချွေးပေါက်) များမှ ချွေးထွက်ခြင်းအားဖြင့် ခန္ဓာကိုယ်အပူချိန် လျှော့ချ ပေးပါသည်။
တစ်နေ့ကို ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ ချွေး တစ်လီတာခန့် ထွက်ပါတယ်။ ကိုယ်ခန္ဓာပူလျှင်၊ စိတ်လှုပ်ရှားလျှင်၊ ခန္ဓာကိုယ်လှုပ်ရှားမှုများလျှင်၊ ချွေးများစွာ ထွက်တတ်ပါတယ်။
အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး ချွေးထွက်သန်ပါတယ်။ ချွေးသက်သက်ကတော့ အနံ့မရှိပါဘူး။ ထွက်လာတဲ့ချွေးတွေနဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေရယ် ပတ်ဝန်းကျင်ကကပ်ငြိလာတဲ့ ဖုန်မှုန့်တွေ အမှုန်အမွှားတွေရယ် ပေါင်းမိတဲ့ပြီး ချွေးက အက်စစ်ဓါတ် (အချဉ်ပေါက်) ပေါက်သွားတဲ့အခါမှာ ချဉ်စုပ်စုပ် ချွေးအနံ့ဆိုးတွေ ထွက်ပေါ်လာပါတယ်။
အရက်သောက်တဲ့သူတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့သူတွေ၊ ကိုယ်အလေးချိန်များပြီး ဝတဲ့သူတွေ၊ ရောဂါအခံတစ်ခုခုရှိလို့ဆေးစွဲသောက်နေရသူတွေ၊ အပူအစပ်တွေ၊ အသား၊ ကာဘိုဟိုက်ဒရိတ်၊ ဒိန်ခဲ တို့လို အနံ့ပြင်းတဲ့ အစားအသောက်တွေကို နေ့စဉ် ရေရှည်အစားများတဲ့ သူတွေရဲ့ ကိုယ်ခန္ဓာကထွက်တဲ့ ချွေးဟာ ပိုပြီး အနံ့အသက် ဆိုးဝါးနိုင်ခြေများပါတယ်။
ချိုင်းကနေ ထွက်တဲ့ချွေးနံ့ဟာ ပိုအနံ့ဆိုးပါတယ်။ ဘာလို့လဲဆိုတော့ ချွေးများဟာ ချိုင်းအောက်မှ စီးကျမှုမရှိဘဲ ပိတ်လှေင်နေသောကြောင့် ဖြစ်ပါတယ်။ လူအများနဲ့ ဆက်ဆံပြီး စီးပွားရေးလုပ်နေရသူတွေဆိုရင် ကိုယ်သင်းနံ့လေး ကောင်းမွန်တာမျိုးမဟုတ်ရင်တောင် အနံ့ဆိုးမထွက်ဖို့ လိုပါတယ်။ ဒါမှသာ မိမိကိုယ်မိမိ ယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေးမှာလည်း အောင်မြင်မှာပါ။
ဒါကြောင့် ချွေးနံ့ဆိုးမှ သက်သာစေမည့် နည်းလမ်းအချို့ကို တင်ပြလိုက်ရပါတယ်။ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးကတော့ ရေများများသောက်ပေးပါ။ ပူပြင်းတဲ့ရာသီဥတုမှာ ချွေးပိုထွက်နိုင်တဲ့အတွက် အေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ပါ။ သို့သော် အင်္ကျီလက်ပြတ်ဝတ်ဆင်ခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ်အစား တစ်နေ့ပုံမှန်လျှော်ပြီး မီးပူတိုက်ပါ။ အဝတ်အစားများကို မလျှော်ဘဲ မီးပူမတိုက်ဘဲ ထပ်တလဲလဲ ဝတ်ဆင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ ရာသီဥတုပူချိန်မှာ အရက်၊ ဘီယာသောက်သုံးခြင်းမျိုးကို ရှောင်ပါ။
အဆုံးသတ်အနေနဲ့ကတော့ အသားကို သင်တင့်ရုံလောက်သာစားပြီး အမျှင်ဓါတ်များများပါတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို များများစားခြင်းဖြင့် ကိုယ်သင်းရနံ့လေး ကောင်းလာပြီး ဝမ်းချုပ်ခြင်းမှလည်း သက်သာနိုင်ပါတယ်လို့ အကြံပြုရင်း အဆုံးသတ်လိုက်ရပါတယ်။
Author : Dr. 528