လောကတွင် “ဣတ္ထိ ရူပံ ဓနံ” ဟုစာဆိုရှိခဲ့ပါသည်။ ဣတ္ထိယ မိန်းမသားတို့၏ ရူပံ ရုပ်ရည်အဆင်းလှပခြင်းသည် ဓနံ ဓနဥစ္စာပစ္စည်းမည်ပေသည်ဟု အဆိုရှိပါသည်။ မိန်းမသားတို့သည် ရုပ်ရည်အဆင်းလှပခြင်းနှင့်ပင် လုံလောက်နေပြီလားဟုဆိုသော် မလုံလောက်သေးပါ။ အကြောင်းမှာ ကိုယ်သင်းရနံ့မွှေးပျံ့ခြင်းတည်းဟူသော ဂုဏ်အင်္ဂါတစ်ရပ်လည်း လိုအပ်ပေသည်။
လူမှုလောကနယ်ပယ်တွင် ကြုံဖူးကောင်းကြုံတွေ့နိုင်ကြပေမည်။ အချို့သောမိန်းမပျိုလေးများသည် ရုပ်ဆင်းအင်္ဂါလှပတင့်တယ်ပါသော်လည်း သူတို့၏ အနီးအပါးသို့ကပ်မိလျှင် ကိုယ်ရနံ့ပြင်းပြစွာရရှိ၍ တစ်ဖက်သား အသက်အောင့်ထားရသည်နှင့် ကြုံတွေ့ဖူးပေမည်။ ထိုသို့မဖြစ်ကြစေရန် ဣတ္ထိရူပံ ရုပ်ရည်အဆင်းနှင့်ပြည့်စုံပြီး ကြာညိုရနံ့ ကိုယ်သင်းရနံ့ ကြိုင်သင်းစေနိုင်မည့် သိမှတ်ဖွယ်ရာများကို စုံလင်စွာရေးသားတင်ပြလိုက်ပါသည်။
လူတိုင်းလူတိုင်းတွင် ပင်ကိုယ်ကိုယ်သင်းနံ့တစ်မျိုးစီရှိကြပါသည်။ သို့သော် လူ၏ မျိုးရိုး၊ အသက်မွေးလုပ်ငန်း၊ စားသောက်နေထိုင်ကြသည့် အလေ့အထ၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုသဘောတရား၊ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းဓာတ်တို့၏ အပြောင်းအလဲ၊ ရှေးရှေးသော အတိတ်ဘဝမှပါလာသော ကံကြမ္မာတို့ကြောင့် ကိုယ်သင်းနံ့မွှေးခြင်း၊ ဆိုးခြင်း စသည်အားဖြင့် ကွဲပြားခြားနားမှုရှိကြပေသည်။ အချို့မှာ အကြောင်းကံအကျိုးပေး နည်းခဲ့သည့်အတွက်ကြောင့် ခန္ဓာကိုယ်မှထွက်ရှိလာသော ရနံ့သည် ဆိုးဝါးခြင်းအဖြစ်သို့ ရောက်ရှိရပေသည်။ ထိုသို့သောသူများအတွက် ကိုယ်သင်းရနံ့ဆိုးခြင်းကို ပြုပြင်ဖန်တီးနိုင်မည့် နည်းလမ်းတို့ကို တင်ပြပေးပါမည်။
ကိုယ်တွင်းရနံ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းသည့်အခါ “ကံ၊ စိတ်၊ ဥတု၊ အာဟာရ” ဆိုသည့် အကြောင်းတရား (၄)ပါးအပေါ် အခြေခံကာ ပြုပြင်ယူရပါမည်။
“ကံ” ဆိုသည်မှာ “ကမ္မ” မိမိပြုပြင်ဖန်တီးမှုအလုပ်ဟု ဆိုရပါမည်။ သို့သော်ရှေးရှေးသော ဘဝများစွာမှ ပြုလုပ်ခဲ့သော အကြောင်းကံတရားပေါ်တွင်လည်း တည်နေပါသည်။ ဆိုကြပါစို့ . . . . .။
မိမိသည် တစ်ခုသောဘဝက သူတစ်ပါးအပေါ်တွင် မကောင်းသောစိတ်ဖြင့် သွားပုပ်လေလွင့် ပြောဆိုခဲ့ဖူးခြင်း။ သူတစ်ပါးအပေါ် မကောင်းသော ရနံ့များဖြင့် ပက်ဖြန်းမိခဲ့ခြင်း။ ဥပမာ သင်္ကြန်လို အခါသမယမျိုးတွင် မကောင်းသောရေ၊ မြောင်းပုပ် ရွှံ့ပုပ်ရေ၊ အက်စစ်ရေ စသည်တို့ဖြင့် လောင်းမိခဲ့ခြင်း။
အစေအပါး၊ ကျေးကျွန်တို့ကို မကောင်းသော အနံ့ထွက်နေသည့် အစားအသောက်၊ အသုံးအဆောင်တို့ကို ပေး၍ စားသုံးစေခဲ့ခြင်း။
တစ်ပါးသူ၏ ကိုယ်ရနံ့ကို ကဲ့ရဲ့ဆဲဆိုမိခြင်း စသော မကောင်းမှု အကုသိုလိကံဆိုးများကို ပြုမှုပြစ်မှားမိခဲ့ခြင်းကြောင့် ယခုဘဝတွင် မိမိသည် ကိုယ်တွင်းအနံ့ဆိုးထွက်ရသည့် အကျိုးဆက်ကို ခံစားရခြင်းပင်။
ထိုအကျိုးဆက်တို့မှ ကင်းလွတ်ရန် –
ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးတို့အား မွှေးပျံ့လန်းဆန်းသည့် ပန်း၊ နံ့သာများကို ဝတ်မပျက် ကပ်လှူပူဇော်၍ ဆုတောင်းခြင်း။
အများသူငါ သွားလာထားသော ရေအိမ် (သို့) ဘုန်းကြီးကျောင်းကုဋီ၊ ရေအိမ်တို့ကို သန့်ရှင်းစင်ကြယ်အောင် လုံ့လပြု အားစိုက်ဆေးကြောခြင်း။
မြောင်းပုပ် ရေပုပ်များကို ဖော်ထုတ်သန့်ရှင်းခြင်း။
ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပရဝုဏ်များတွင် မကောင်းသော အမှိုက်သရိုက်၊ နွားချေး၊ ခွေးချေး စသည်တို့ကို သုတ်သင်ရှင်းလင်းခြင်း။ မိမိလက်အောက်ငယ်သားတို့အား သန့်ရှင်းမွှေးကြိုင်သည့် အသုံးအဆောင်၊ အစားအသောက်တို့ကို စေတနာထက်သန်စွာ ပေးဝေလှူဒါန်း စားသောက်သုံးဆောင်စေခြင်းဖြင့် ကုသိုလ်များကို မပြတ်လုပ်ပေးခြင်းဖြင့် ထူးခြားလာပေမည်။
အမြဲ ကိုယ်လက်လှုပ်ရှား၍ ခန္ဓာကိုယ်တွင်းမှ မကောင်းသော အဆီ၊ ကိုလက်စထရောနှင့် ချွေးပုပ်များထွက်အောင် နေ့စဉ်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ ချွေးအောင်းခြင်းကိုလည်း ပုံမှန်ပြုလုပ်ပေးပါ။ တစ်နေ့ (၃)ကြိမ် ရေချိုး၍ ချေးညှော်များပြောင်စင်အောင် တိုက်ချွတ်ပေးပါ။ ပါးစပ်၊ ခံတွင်းကို အမြဲသန့်ရှင်းအောင်ထားပါ။ ချိုင်းကြားပေါင်ကြားရှိ အမွှေးအမှင်များကို သန့်စင်အောင်ထားပါ။ တစ်နေ့(၃)ကြိမ်ခန့် အဝတ်အစားလဲလှယ်၍ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်ပါ။
“စိတ်” ဟူသော အကြောင်းတရားကို ပြုပြင်မည်ဆိုပါက ကိုယ်တွင်းရနံ့ မကောင်းသူများသည် များသောအားဖြင့် ဒေါသကြီးသူ၊ စိတ်တိုစိတ်ဆတ်သူ၊ စိုးရိမ်စိတ်များသူ၊ စိတ်မြန်တတ်သူ၊ သူတစ်ပါးအပေါ် မကောင်းမြင်တတ်သူများဖြစ်သည်။ ရာနှုန်းပြည့်တော့ မဆိုလိုပါ။ ၇၀ ရာခိုင်နှုန်းက ထိုစိတ်အခံရှိသူများပင်။
ထို့ကြောင့် သူတစ်ပါးအပေါ် အကောင်းမြင်စိတ်မွေး၍ ဒေါသစိတ်ကို ထိန်းချုပ်ပြီး ပူပင်သောကကင်းအောင်နေပါ။ အထူးသဖြင့် မေတ္တာတရားကို လက်ကိုင်ထားနိုင်အောင် ကြိုးစားပါ။ တတ်နိုင်လျှင် သမထ၊ ဝိပဿနာစသည် လေ့ကျင့်ပွားများပါ။ ပို၍သိသာလာပါမည်။
“ဥတု” ဟူသော အကြောင်းတရားတွင် ကိုယ်သင်းရနံ့မကောင်းကြသူများသည် နွေဥတုနှင့် မိုးဥတုတို့တွင် ခန္ဓာကိုယ်ရနံ့ ပြင်းစွာ ထွက်တတ်ကြပါသည်။
အကြောင်းမှာ နွေရာသီတွင် ပူအိုက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှ အညစ်အကြေး၊ ချွေးပုပ်များထွက်လာပြီး ရနံ့ဆိုးတတ်သည်။ မိုးရာသီတွင် စွတ်စိုထိုင်းမှိုင်းမှု များသောကြောင့် ကိုယ်တွင်းရနံ့ဆိုးစေသည်။ ဝတ်ဆင်ထားသော အဝတ်အစားများ စွတ်စိုသော ရာသီဥတုကြောင့် အနံ့မှာ အောက်သိုးသိုးနံ့ ထွက်တတ်ပါသည်။
ထို့ကြောင့် နွေရာသီနှင့် မိုးရာသီတွင် ကိုယ်တွင်းရနံ့ပြင်းသူများသည် နေပူထဲသွားလာမှုကို တတ်နိုင်သမျှ ရှောင်ပါ။ ချွေးကို အမြန်ဆုံး သုတ်သင်ဆေးကြောပေးပါ။ ရာသီဥတုနှင့် ကိုက်ညီမည့် အဝတ်ကို ဝတ်ဆင်ပါ။ မိုးရာသီတွင် ခန္ဓာကိုယ် စွတ်စိုထိုင်းမှိုင်းမှု မရှိအောင် ခြောက်သွေ့သန့်ရှင်းအောင် ဂရုစိုက်၍ နေထိုင်ပါ။ အဝတ်အစားများကို သေချာစွာ ခြောက်သွေ့အောင်ပြုပြီးမှ ဝတ်ဆင်ပါ။
ကိုယ်တွင်းရနံ့ မကောင်းသူများအတွက် “အာဟာရ” ကလည်း လွန်စွာအရေးပါလှပေသည်။ ပူစပ်သော အစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရမည်။ ရနံ့ဆိုးများကို အားပေးသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အရက်၊ ကစော်၊ ဆေးလိပ်သောက်ခြင်း၊ ဆူးပုပ်ရွက်၊ မျှစ်၊ မှို၊ တညင်းသီး၊ ဒူးရင်းသီး၊ ငါးပိကောင်း၊ ငါးပိ၊ ငါးချဉ်၊ ပုစွန်ချဉ်၊ ငံပြာရည်၊ ပဲငါးပိ၊ ပဲပုပ်၊ ငါးသလောက်၊ ကလီစာများ၊ တွင်းအောင်းသား၊ မီးမြိုက်သား စသည့် အစာအာဟာရတို့ကို ရှောင်ကြဉ်ပါ။
အရည်ရွှမ်းသော အသီးအရွက်၊ အမျှဉ်ဓာတ်ပါသော အသီးအနှံများကို များများစားသုံးပေးပါ။ ပရိုတိန်းဓာတ် မြင့်မားစွာပါဝင်သည့် အသား၊ ငါးများကို လျော့၍စားသုံးပါ။ အခါအားလျော်စွာ သက်သတ်လွတ်စားပေးနိုင်လျှင် ပိုကောင်းပါသည်။ အထက်ဖော်ပြပါ အကြောင်းအရာများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အခြေခံအကြောင်းတရားကြီး (၄)ပါးဖြင့် ခန္ဓာကိုယ်ရနံ့ဆိုးကို ပျောက်ကင်းအောင် ပြုပြင်ပုံကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
ကြာညိုရနံ့သင်းပျံ့၍ လှပကြပါစေ။
Author: ရွှေနန်းစံ, Healthcare Journal,vol 8, no 44 (17.11.17)