ဝက်ခြံအကြောင်းဆောင်းပါးတွေ ကျွန်တော်အရင်တုန်းက ရေးခဲ့ဖူးပါတယ်။ ဝက်ခြံဟာ ဖြစ်နေတဲ့သူရဲ့ စိတ်ခံစားမှု ပေါ်မူတည်ပြီး ဘယ်လောက်အရေးကြီးသလဲဆိုတာ ဖြစ်တဲ့အရေပြား အခြေအနေတစ်ခုဖြစ်တာကြောင့် ဒီ စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီတစ်ပတ်မှာ ဝက်ခြံအကြောင်း ထပ်ရေးဖြစ်တာပါ။ ဝက်ခြံဟာ ရောဂါတစ်ခုလို့ ယူဆချင်ရင်လဲ သတ်မှတ်ရင်လဲ ရသလို ဖြစ်ရိုးဖြစ်စဉ် ပြောင်းလဲမှုတစ်ခုလို့ ယူဆချင်ရင်လဲ ရနိုင်တာမျိုးပါ။ ဝက်ခြံဘယ်လောက် ဆိုးသလဲဆိုတာဟာလဲ ဖြစ်နေတဲ့သူရဲ့ စိတ်ခံစားမှုပေါ်မှာ အများကြီး မူတည်နေတာဖြစ်ပါတယ်။ မျက်နှာတစ်ခုလုံးနည်းပါး ဝက်ခြံပေါက်နေတဲ့ သူတစ်ယောက်ဟာ ဘာကုသမှုမှခံယူဖို့ မလိုဘူးလို့ ထင်နေတာမျိုး ရှိနိုင်သလို ဝက်ခြံဖုလေး တစ်ဖုနှစ်ဖုကြောင့် အိပ်မပျော်တဲ့သူမျိုး ရှိနိုင်ကြတာလဲဖြစ်ပါတယ်။
ဝက်ခြံဟာ အဆီဂလင်းနဲ့ တွဲနေတဲ့ မွေးညင်းပေါက်ကလေးတွေ ရောင်ရမ်းမှု ဖြစ်တာကနေ ဖြစ်လာတာဖြစ်ပါတယ်။ ဝက်ခြံဟာ အဖြစ်အများဆုံး အရေပြားရောဂါတစ်ခုလို့ ပြောရမှာပါ။ တစ်ကမ္ဘာလုံး ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးမှာမဆို ဖြစ်ပွားပါတယ်။ လူပျိုပေါက် အပျိုပေါက် အရွယ်မှာ အဖြစ်များပြီး ဆယ်ကျော်သက်အရွယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ ဝက်ခြံဖြစ်ပွားတယ်လို့ ဆိုပါတယ်။ ဝက်ခြံဟာ အချိန်ခပ်ကြာကြာ ဖြစ်နေတတ်တာမျိုးပါ။ သက်သာလိုက် ပြန်ဖြစ်လိုက်လဲ ဖြစ်တတ်ပါတယ်။ ဝက်ခြံဟာ တစ်ချိန်တုန်းကတော့ ဆယ်ကျော်သက်အရွယ်တွေမှာ ခဏတာဖြစ်တဲ့ အခြေအနေလို့ ယူဆခဲ့ကြတာပါ။ အခုအချိန်မှာတော့ ဝက်ခြံဖြစ်တာဟာ စောလာသလို ပိုပြီးတဲ့ကြာကြာဖြစ်လာတာကို တွေ့ကြရပါတယ်။ ဝက်ခြံ စောစောဖြစ်လာတာဟာ အပျိုဖော် လူပျိုဖော်ဝင်တာ စောလို့ဖြစ်နိုင်သလို အစားအသောက်၊ အဝလွန်မှုစတဲ့ နေ့စဉ်နေထိုင်မှုပုံစံနဲ့လဲ ပတ်သက်နိုင်ပါတယ်။ နောက်တစ်ခုကတော့ လူတွေက ပိုပြီးသတိထားမိနေတာလဲ ဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာဆိုရင် ဝက်ခြံစဖြစ်တဲ့အရွယ်ဟာ အများအားဖြင့် ၁၀ နှစ်ကနေ ၁၃ နှစ်ကြားလို့ ဆိုကြပါတယ်။
မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် နည်းနည်းပိုပြီး စောစောဝက်ခြံစဖြစ်ကြပါတယ်။ တစ်ချို့သော ကလေးတွေမှာဆိုရင် အပျိုဖော် လူပျိုဖော်မဝင်ခင် ဝက်ခြံစထွက်တာကိုလည်း တွေ့နိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုဟာ သိသာတဲ့အပျိုဖော် လူပျိုဖော်ဝင်တဲ့ အချိန်မတိုင်ခင်မှာ စတင်ပြီး အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု မြင့်တက်စေတဲ့အတွက်လို့ ယူဆကြပါတယ်။ မိန်းကလေးတွေမှာဆိုရင် အဲဒီလို စောပြီးဝက်ခြံထွက်တာဟာ သားဥအိမ်မှာ အရည်အိတ်တည်တာတို့ အင်ဆူလင်မတိုးတာတို့နဲ့ တွဲပြီးတွေ့ရတတ်တာကြောင့် သတိထားသင့်တာပါ။ ဒီအပြင် စောစောဖြစ်တဲ့ ဝက်ခြံဟာ နောက်ပိုင်းမှာ ပိုပြင်းထန်တဲ့ရောဂါ ဖြစ်နိုင်တာကိုလဲ ပြဆိုတာဖြစ်နိုင်ပါတယ်။ စောစောဖြစ်တဲ့ ဝက်ခြံဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုပြီးဖြစ်နိုင်သလိုပဲ နောက်ကျပြီးဖြစ်တဲ့ ဝက်ခြံဟာလဲ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်တာကို တွေ့ကြရပါတယ်။
နိုင်ငံအများစုမှာ ပြုလုပ်တဲ့ လေ့လာမှုတွေမှာ အသက် ၃၁ ကနေ ၄၀ အတွင်း အမျိုးသမီးတွေရဲ့ ၂၆ ရာခိုင်နှုန်းနဲ့ အသက် ၄၁ ကနေ ၅၀ အတွင်း အမျိုးသမီးတွေရဲ့ ၁၂ ရာခိုင်နှုန်းမှာ ဝက်ခြံဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဖြစ်ပွားမှုနှုန်း ကွာခြားတာကိုလဲ တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လူမျိုးမဆို ဝက်ခြံအဖြစ်အများဆုံး အသက်အရွယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၀ ကြားကိုတွေ့ရှိခဲ့ကြပါတယ်။ ဝက်ခြံဖြစ်ပွားတဲ့ အသက်အရွယ်ဟာ ပိုပြီးကျယ်ပြန်လာနေတယ်လို့ ဆိုပါတယ်။ အဲဒီလို ကျယ်ပြန့်လာနေတာဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါလို့ ဆိုကြပါတယ်။
ဝက်ခြံဟာ တစ်ကမ္ဘာလုံးမှာ အဖြစ်အများဆုံးရောဂါ ၁၀ ခုထဲမှာ တစ်ခု အပါအဝင်လို့ ဆိုပါတယ်။ အမေရိကန်မှာ အရေပြားဆရာဝန်တွေဆီကို လာအပြဆုံးရောဂါတွေထဲမှာ ဝက်ခြံဟာ ထိပ်ဆုံး ဒါမှမဟုတ် နံပါတ် ၂ နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။ ဝက်ခြံဟာ အထက်မှာ ပြောခဲ့သလိုပဲ သားဥအိမ်မှာ အရည်အိတ်တည်တာနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုရင် အဲဒီအခြေအနေမှာ အင်ဒရိုဂျင်ဟော်မုန်းများနိုင်တဲ့အတွက် ဖြစ်ပါတယ်။ သားဥအိမ်အရည်အိတ်တည်တဲ့အခါမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ အင်ဒရိုဂျင်ဟော်မုန်းများလာတဲ့အတွက် ဖြစ်လာတတ်တဲ့ အမျိုးသမီးတွေမှာ အမျိုးသားပုံစံ အမွေးပေါက်တာ ဥပမာ – နှုတ်ခမ်းမွေးပေါက်လာတာမျိုး၊ ဝက်ခြံထွက်တာ၊ ဆံပင်ကျွတ်လာတာတွေဖြစ်လာတာ၊ ရာသီလာတာ ပုံမှန်မဟုတ်တော့တာဖြစ်လာတာ ဥပမာ – ရာသီလာလိုက်မလာလိုက်ဖြစ်တာ၊ အာထရာစောင်း ရိုက်ကြည့်ရင် သားဥအိမ်မှာ အရည်အိတ်တွေတွေ့ရတာ စတာတွေ ဖြစ်ပါတယ်။ အဲဒီအမျိုးသမီးတွေဟာ ကိုယ်အလေးချိန် ရှိသင့်တာထက်ပိုနေတာ၊ အင်ဒရိုဂျင်ဟော်မုန်းများနေတာ၊ အင်ဆူလင်ဟော်မုန်း မတိုးတာ စတာတွေ ဖြစ်နေတတ်ပါတယ်။ နောက်ထပ်ဝက်ခြံနဲ့တွဲပြီး တွေ့ရတတ်တဲ့ ဟော်မုန်းအပြောင်းအလဲဖြစ်စေတတ်တဲ့ အခြေအနေကတော့ Congenital Adrenal Hyperplasia, Hypercortisolism, Cushing, Actomegaly စတာတွေဖြစ်ပါတယ်။
Author: ဒေါက်တာကေ (အရေပြား), Healthcare Journal, vol 8, No42 (3.11.17)