နောက်ထပ် ပြောစရာတစ်ခုကတော့ သောက်သုံးနေတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ တစ်ချို့သော ဆေးဝါးတွေဟာ ဝက်ခြံထွက်စေနိုင်တာဖြစ်ပါတယ်။ ဆေးကြောင့်ဖြစ်တဲ့ အရေပြား အခြေအနေတွေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ဝက်ခြံဖုလို ထွက်လာတာမျိုး ဖြစ်ပါတယ်။ ဆေးကြောင့်ဖြစ်တဲ့ ဝက်ခြံလိုဖုတွေဟာ တစ်ပုံစံတည်းဖြစ်ပြီး မျက်နှာနှင့် ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အဖြစ်များပါတယ်။ အဲဒီလို ဝက်ခြံလိုအဖုတွေ ထွက်စေတဲ့ ဆေးတွေထဲမှာ ထိပ်ဆုံးကပါတာကတော့ စတီးရွိုက်ဆေးတွေဖြစ်ပါတယ်။ စတီးရွိုက်ဆေးတွေကို သောက်တာပဲဖြစ်ဖြစ်၊ ထိုးတာပဲဖြစ်ဖြစ်၊ လိမ်းတာပဲဖြစ်ဖြစ်၊ ဝက်ခြံလိုအဖုတွေ ထွက်စေနိုင်တာပါ။ နောက်ထပ် ဆေးတွေကတော့ ကိုယ်ခံအားကျစေတဲ့ ဆေးတွေဖြစ်ပါတယ်။ Ciclosporin လိုကိုယ်ခံအားကျစေတဲ့ ဆေးတွေဟာလည်း ဝက်ခြံလို အဖုတွေကို ထွက်စေတတ်ပါတယ်။ ဝက်ခြံလို အဖုတွေကို ထွက်စေနိုင်တဲ့ ဆေးတွေထဲမှာ စိတ်ကျရောဂါမှာပေးတဲ့ ဆေးတွေလည်းပါဝင်ပါတယ်။ Lithium လိုဆေးတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တီဘီဆေးတစ်မျိုးဖြစ်တဲ့ Isoniazid ဖြစ်ပါတယ်။ ကိုယ်ဝန်တားဆေးထဲမှာပါတဲ့ဆေးတွေ၊ အတက်ရောဂါမှာပေးတဲ့ဆေးတွေ Iodide တွေနဲ့ Bromide တွေ၊ ဗီတာမင် ဘီ ၂၊ ဘီ ၆ နှင့် ဘီ ၁၂ တွေဟာလည်း ဝက်ခြံလိုအဖုတွေ ထွက်စေနိုင်တဲ့ဆေးတွေထဲမှာ ပါဝင်ပါတယ်။
ဝက်ခြံဖြစ်စေဖို့အတွက် အားပေးတဲ့အရာတွေအကြောင်း နည်းနည်းပြောချင်ပါတယ်။ မျိုးရိုးဗီဇဟာ ဒီအချက်တွေထဲမှာ မပါမဖြစ်လို့ ဆိုရမှာပါ။ ဝက်ခြံဖြစ်စေဖို့ လွယ်ကူတဲ့ မျိုးရိုးဗီဇရှိနေတဲ့သူတွေဟာ ဝက်ခြံကို ပိုပြီးဖြစ်လွယ်တာပါ။ ဘယ်မျိုးရိုးဗီဇလို့ တစ်ခုတည်း အတိအကျ မပြောနိုင်သေးပေမယ့် ဝက်ခြံဖြစ်စေဖို့ ပိုလွယ်တဲ့ မျိုးရိုးဗီဇရှိနေတာကိုတော့ အားလုံးလက်ခံထားကြပါတယ်။ နောက်တစ်ခုကတော့ လူတစ်ဦးချင်းစီ နေပုံထိုင်ပုံနှင့် ပတ်ဝန်းကျင်က သက်ရောက်တဲ့အချက်တွေဖြစ်ပါတယ်။ အငြင်းအခုံ အဖြစ်ရဆုံးအချက်ကတော့ အစားအသောက် ဖြစ်ပါတယ်။ ဝက်ခြံဖြစ်နေတဲ့ လူအများစုဟာ အစားအသောက်ကြောင့် သူတို့ရဲ့ ဝက်ခြံတွေ အပြောင်းအလဲ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ လေ့လာမှုတွေရဲ့ ရလဒ်ကတော့ တသမတ်တည်း မဟုတ်ပါဘူး။ တချို့သော လေ့လာမှုတွေမှာ အစားအသောက်နဲ့ ဝက်ခြံထွက်တာ ပတ်သက်မှုရှိတာကို တွေ့ရှိကြပြီး တစ်ချို့သော လေ့လာမှုတွေမှာတော့ အစားအသောက်နဲ့ ဝက်ခြံပတ်သက်တာကို မတွေ့ရှိကြပါဘူး။ သကြားဓာတ်များတဲ့ အစားအစာတွေနဲ့ ဝက်ခြံထွက်တာ ပတ်သက်တယ်လို့ တစ်ချို့က ယူဆကြပါတယ်။ တစ်ချို့ကတော့ နို့နှင့် နို့ထွက်ပစ္စည်းတွေနဲ့ ဝက်ခြံထွက်တာ ပတ်သက်တယ်လို့ ယူဆကြပါတယ်။ ဒီအချက်မှာလဲ လေ့လာမှုတွေရဲ့ရလဒ်က တသမတ်တည်း မဟုတ်ပြန်ပါဘူး။ ကျန်းမာရေးကောင်းစေတဲ့ အစားအသောက်တွေ (ဥပမာ – မြေထဲပင်လယ်စာ) ဖြစ်တဲ့ ငါး၊ ငါးကထွက်တဲ့အဆီတွေနဲ့ အူအတွင်းက ဘက်တီးရီးယားတွေကို ပွားစေတဲ့ အစားအသောက်တွေဟာ ဝက်ခြံရဲ့ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ဝက်ခြံထွက်တာကို နည်းစေနိုင်တယ်လို့ ယူဆကြတာတွေလဲ ရှိပါတယ်။ အစားအစာကနေပြီးတော့ ဝက်ခြံထွက်တာကို သက်ရောက်မှုရှိနိုင်တယ်လို့ ယူဆကြတာကတော့ ကိုယ်အလေးချိန်ဖြစ်ပါတယ်။ အဝလွန်တဲ့သူတွေမှာ ဝက်ခြံ ပိုထွက်နိုင်ပြီး ပိုလဲဆိုးနိုင်တယ်လို့ ယူဆကြပါတယ်။ နောက်တစ်ခုကတော့ ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာဟာ အနည်းအကျဉ်းတော့ ဝက်ခြံထွက်တာအပေါ်မှာ သက်ရောက်မှုရှိတယ်လို့ ယူဆကြပါတယ်။ အရက်သောက်တာကြောင့် ဝက်ခြံပိုထွက်သလားဆိုတာဟာလည်း အဖြေမထွက်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။ လေ့လာမှုလဲ အနည်းအကျဉ်းပဲ ပြုလုပ်ထားကြသေးပြီး အဖြေကလဲ တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဝက်ခြံထွက်တာဟာ ရာသီလာတာနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆကြပါတယ်။ အမျိုးသမီး ဝက်ခြံထွက်တဲ့သူတွေရဲ့ ၇၀ ရာခိုင်နှုန်းက ရာသီမလာမီ တစ်ပတ်ကနေ နှစ်ရက်အတွင်းမှာ ဝက်ခြံပိုထွက်တတ်တယ်လို့ ဆိုကြပါတယ်။ ဒီအချက်ဟာ လူမျိုးတိုင်းမှာ တွေ့ရပြီး လူတစ်ဦးနဲ့တစ်ဦးတော့ အတိအကျမတူူကျပါဘူး။ စိတ်ဖိအားများတာနဲ့ အိပ်ရေးပျက်တာတွေကတော့ အတူတူထားပြီး လေ့လာခဲ့ကြတဲ့အချက်တွေပါ။ စိတ်ဖိအားများတာဟာ ဝက်ခြံထွက်တာကို ပိုထွက်စေနိုင်၊ ပိုဆိုးတဲ့ဝက်ခြံတွေဖြစ်စေနိုင်တာကို တွေ့ကြရပေမယ့် အိပ်ရေးပျက်တာကတော့ ဝက်ခြံကို သိသိသာသာ သက်ရောက်မှု မတွေ့ကြပါဘူး။ ဒါတွေကတော့ လေ့လာမှုပြုထားကြတဲ့ ဝက်ခြံနဲ့ဆက်စပ်နိုင်တဲ့ အစားအသောက်၊ အနေအထိုင်တွေရဲ့ အကြောင်းဖြစ်ပါတယ်။
နောက်ထပ် အကြောင်းအရာတစ်ခုကတော့ အလှပြင်ပစ္စည်းတွေအကြောင်းပါ အလှပြင်ပစ္စည်းတွေ အကြာကြီးသုံးတဲ့သူတွေမှာ ဝက်ခြံထွက်တာမျိုး ဖြစ်တတ်ပါတယ်။ တခါတလေမှာတော့ အသားဖြူစေတဲ့ အလှပြင်ပစ္စည်းတစ်ချို့တွေမှာ ပါဝင်နေတဲ့ စတီးရွိုက်ကြောင့် ဝက်ခြံထွက်တာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ အလှပြင်ပစ္စည်းထဲမှာ ပါဝင်နေတဲ့ အရာတွေထက် ဘယ်လိုအမျိုးအစား အလှပြင်ပစ္စည်းလဲ (ဥပမာ – အဆီကျဆေး) ဆိုတာက ဝက်ခြံထွက်တဲ့အပေါ်မှာ ပိုပြီးသက်ရောက်မှုရှိတယ်လို့ ယူဆကြတာပါ။ အခုလို အလှပြင်ပစ္စည်းလို့ ပြောရင်လဲ ဒီအထဲမှာ ဆံပင်နဲ့ပတ်သက်တဲ့ အလှပြင်ပစ္စည်းတွေလည်း တစ်ခါတည်းပါဝင်ပါတယ်။ တစ်ချို့သော ဆံပင်အလှပြင်ပစ္စည်းတွေဟာလဲ ဝက်ခြံပိုထွက်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ မျက်နှာ ခဏခဏဆေးတာဖြစ်ပါတယ်။ မျက်နှာ ခဏခဏသစ်တဲ့သူတွေမှာလည်း ဝက်ခြံပိုထွက်နိုင်ပါတယ်။ ဒဏ်ရာရတာနဲ့ ပုံမှန်ဆပ်ပြာတွေနဲ့ သန့်စင်ဆေးရည်တွေဟာ အယ်လ်ကာလီ ဖြစ်နေတာကြောင့်လို့ ယူဆကြပါတယ်။ ဒါတွေကတော့ ဝက်ခြံထွက်တာနဲ့ ပတ်သက်ပြီး သက်ရောက်မှုရှိနိုင်တယ်လို့ ယူဆကြတဲ့အချက်လေးတွေအကြောင်း အကျဉ်းပြောပြခဲ့တာပါ။ ဘယ်အချက်က အတိအကျ ဘယ်လောက် သက်ရောက်မှုရှိသလဲဆိုတာ အဖြေရှာနေကြဆဲဖြစ်ပါတယ်။ မိမိမှာ အဲဒီလို အချက်တစ်ခုခုကနေပြီး ဝက်ခြံပိုထွက်စေတယ်လို့ ယူဆရင် အဲဒီအချက်ကို ခဏရှောင်ကြဉ်လိုက်ကြဖို့ပါ။ ပြီးရင်မိမိရဲ့ အနေအထိုင် အစားအသောက်တွေကို တိတိကျကျ မှတ်တမ်းတင်ထားကြည့်ကြဖို့ပါ။ အဲဒါမှ အဲဒီဝက်ခြံပိုထွက်စေတယ်လို့ ထင်ရတဲ့ အပြုအမူ အစားအသောက်၊ အခြေအနေဟာ အမှန်တကယ်ပဲ မိမိရဲ့ ဝက်ခြံထွက်မှုအပေါ်မှာ သက်ရောက်နေသလားဆိုတာ သိနိုင်ကြမှာပါ။ ကျန်နေသေးတဲ့ ဝက်ခြံအကြောင်းတွေကို နောက်တစ်ပတ်မှာ ဆက်ပြီးပြောပြပါဦးမယ်။
Author: ဒေါက်တာကေ (အရေပြား), Healthcare Journal, vol 8, No42 (3.11.17)