အာဟာရဓါတ်ဆိုတာ ကလေးများအတွက် အလွန်မှ အရေးကြီးတဲ့ စကားလုံးတစ်လုံးပါ။
ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။
ကလေးတစ်ယောက်ကို အာဟာရပြည့်၀စွာ ပြုစုပျိုးထောင်ခြင်းဆိုတာ ဖေဖေမေမေတိုင်းအတွက် အလေးအနက်ထား စိတ်ဝင်တစား လေ့လာလုပ်ဆောင်ခြင်းခံရတဲ့ ခေါင်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
ကလေးတစ်ယောက် အာဟာရဓါတ်ပြည့်၀ဖို့ဆိုရင် အာဟာရဓါတ်စုံလင်အောင် စားသောက်မှုကအစ၊ စားသောက်လိုက်သော အာဟာရဓါတ်များကို ကောင်းစွာ ခြေဖျက်မှုက အလယ်၊ ခြေဖျက်ပြီးသော အာဟာရဓါတ်များကို ပြည့်ပြည့်ဝဝစုပ်ယူမှုကအဆုံး ကဏ္ဍတိုင်းဟာ အရေးကြီးပါတယ်။
ဒီနေရာမှာ ဖေဖေမေမေတို့အနေနဲ့ အာဟာရဓါတ်စုံလင်အောင် ရွေးချယ်စီစဉ်ကျွေးမွေးခြင်းအပိုင်းကို ပြည့်စုံအောင် စီစဉ်ပေးနိုင်ကြပါတယ်။ ဒါပေမဲ့ ဖေဖေမေမေတို့ မေ့လျော့နေတတ်တာက အစာခြေဖျက်မှုအပိုင်းနဲ့ အာဟာရဓါတ်များကို စုပ်ယူမှုအပိုင်းပဲဖြစ်ပါတယ်။ ထိုအပိုင်းများမှာပါ ပြည့်စုံအောင် စီစဉ်ကျွေးမွေးပေးနိုင်ပါမှ ကလေးတစ်ယောက်ဟယ ပြည့်ဝတဲ့ အာဟာရဓါတ်များကို အမှန်တကယ် ရရှိနိုင်မှာဖြစ်ပါတယ်။
လူခန္ဓာကိုယ်ရဲ့ အူလမ်းကြောင်းအတွင်းမှာ ဘက်တီးရီးယားပိုးအများအပြားနေထိုင်ကြပါတယ်။ ထိုဘက်တီးရီးယားတွေထဲမှာ အများစုက Lactobacillus၊ Bifidobacterium စတဲ့ အကျိုးပြုမိတ်ဆွေ ဘက်တီးရီးယားတွေ ဖြစ်ကြပါတယ်။ ထိုအကျိုးပြု ဘက်တီးရီးယားတွေက အစာခြေဖျက်ခြင်း၊ အာဟာရဓါတ်များကို စုပ်ယူခြင်းစတဲ့ နေရာတွေမှာ များစွာ အကူအညီပေးပါတယ်။ ထို့ကြောင့် ထို အကျိုးပြု ဘက်တီးရီးယားများ အရေအတွက် ပွားများ များပြားအောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ထိုအကျိုးပြု ဘက်တီးရီးယားများ ပွားများခြင်းကို လုပ်ဆောင်ပေးတဲ့ အစားအစာများ၊ အာဟာရဓါတ်များ၊ အမျှင်ဓါတ်များကိုတော့ Prebiotics လို့ခေါ်ပါတယ်။ ထို Prebiotics များကို အစားအစာများနှင့် ဖြည့်စွက်အာဟာရများမှာ လုံလောက်ပြည့်စုံအောင် စားသုံးပေးခြင်းအားဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေရုံသာမက အခြားအကျိုးကျေးဇူးများစွာကိုပါ ရရှိစေပါတယ်။
Prebiotics များရဲ့ ကောင်းကျိုးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။• အူလမ်းကြောင်းရဲ့ လုပ်ဆောင်ချက်များကို မှန်ကန်အောင် ထိန်းညှိပေးပါတယ်။
• အစာခြေဖျက်ခြင်း၊ စုပ်ယူခြင်းတွေမှာ အားပေးကူညီပေးပါတယ်။
• အူလမ်းကြောင်းအတွင်းရှိ အန္တရာယ်ရှိသော ပိုးမွှားများပေါက်ဖွားများပြားမှုကို ထိန်းချုပ်ပေးပါတယ်။
• ခုခံအားစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
• ဝမ်းပျက်၊ ဝမ်းလျှောရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သက်သာစေနိုင်ပါတယ်။
• ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
• လေနာရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
• အစာအစားချင်စိတ်ကိုလည်း တိုးတက်စေပါတယ်။
• ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။
• အရေပြားဓါတ်မတည့်ခြင်းရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
ဒါကြောင့် ဒီလို အကျိုးကျေးဇူးများပြားလှတဲ့ prebiotics များကို ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတို့ စားသောက်မည့် အစားအစာများမှာ ပါဝင်အောင် စီစဉ်ပေးခြင်းအားဖြင့် အာဟာရပြည့်၀ခြင်းအတွက် ကောင်းမွန်သောအစာခြေခြင်းနှင့် ပြည့်၀သော အာဟာရဓါတ်များစုပ်ယူခြင်းကဏ္ဍများတွင်ပါ ပြီးပြည့်စုံသွားမည်ဖြစ်ပါကြောင်း အသိပေးဆွေးနွေးလိုက်ပါတယ်။