အပြင်ထွက်တဲ့အခါတိုင်း လိမ်းဖို့ နေရောင်ကာ sunscreen တွေ နဲ့ SPF များတဲ့ အလှပြင်ပစ္စည်းတွေကို ပျိုမေတို့ ဝယ်တတ်ကြသလို အပန်းဖြေခရီးအဖြစ် ကမ်းခြေတွေကို သွားတဲ့အခါမှာလည်း sunscreen တွေဟာ မပါမဖြစ်ပါပဲ။ Sunscreen တွေဟာ တစ်ခြားသော အလှအပ အသုံးအဆောင်တွေနဲ့ နှိုင်းယှဉ်ရင် ဝယ်ရတာ တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခု လို့ ဆိုနိုင်ပါတယ်။ လိမ်းရင် ပူတတ်အိုက်တတ်တဲ့ ပြဿနာတွေ ရှိတတ်လို့ နေသိပ်ပူတဲ့အခါမှအပ ပုံမှန်အချိန်တွေမှာ သိပ်မလိမ်းဖြစ်တာ မျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် သိပ်မသုံးလိုက်ရပဲ သုံးရမယ့် အချိန်ကာလလွန်သွားလို့ လွှင့်ပစ်လိုက်ရတာလည်း ခဏခဏ ပါပဲ။ ဒီလို ဈေးကြီးပြီး သိပ်မသုံးဖြစ်တဲ့ ပစ္စည်းကို အများဝယ်တဲ့ပစ္စည်းမို့လို့သာ ဝယ်လိုက်ရတာဆိုရင် ဝယ်ရတဲ့အခါ နှမြောတသ ဖြစ်မိမှာ ဖြစ်သလို ဝယ်လိုက်ပြီးတဲ့ အခါမှာလည်း စိတ်မကျေမနပ် ဖြစ်နေပါလိမ့်မယ်။ ဒီဟာ ဝယ်မယ့်အစား နှုတ်ခမ်းနီး အရောင်လှလှလေး တစ်တောင့် ဝယ်လိုက်တာကမှ ပိုကောင်းဦးမယ် ဆိုတဲ့ အတွေးမျိုးကို ဝယ်ဖူးတဲ့ သူတွေဟာ ကြုံဖူးကြပါလိမ့်မယ်။Sunscreen တွေရဲ့ လိုအပ်မှု နဲ့ သူတို့ရဲ့ အရေပြားပေါ်မှာ သက်ရောက်တဲ့ အကျိုးကျေးဇူးတွေကို သိနေမယ် ဆိုရင်တော့ Sunscreen တွေကို တန်ဖိုးကြီးကြီးနဲ့ ပေးဝယ်ရတယ် ဆိုရင်တောင် ကျေနပ်နေမှာ အမှန်ပါပဲ။ ဒါကြောင့် ဒီနေ့တော့ sunscreen တွေရဲ့ အကျိုးကျေးဇူးတစ်ချို့ကို ပျိုမေတို့ ဖတ်ရအောင် ရေးပေးလိုက်ပါတယ်။
(၁) အသားအရည်အတွက် အန္တရာယ်ဖြစ်စေတဲ့ UV အလင်းရောင်တွေကို အရေပြားပေါ် မကျရောက်အောင် ကာကွယ်ပေးနိုင်တယ်။
နေရောင်ခြည် ဟာ လူတွေအတွက် လိုအပ်ပါတယ်။ နေရောင်ခြည် လုံးဝမရတဲ့ အခါမှာ အသားအရည် အရောင်အဆင်း ကင်းမဲ့မှာ ဖြစ်သလို ဗီတာမင်ဒီ မရတဲ့ အတွက်လည်း ပင်ပန်းနွမ်းနယ်တာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်တင့်မျှတတဲ့ နေရောင်ခြည်ရဖို့ ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် နေရောင်ခံတဲ့အခါမှာ အသားအရည်ကို ပျက်စီးစေတတ်တဲ့ UV တွေကိုလည်း စိတ်ညစ်ရတာ အမှန်ပါပဲ။ ဒီလိုအခါမှာ Sunscreen တွေက ကူညီပေးမှာ အမှန်ပါပဲ။ Sunscreen တွေကို အလှအပအတွက် အရေးကြီးတယ်တယ်လို့ဆိုနိုင်တဲ့ နေရာတွေမှာ ဂရုတစိုက် လိမ်းပေးမယ်ဆိုရင် အသားအရည်ကို ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။
(၂) သင့်ရဲ့ အသားအရည် အိုမင်းရင့်ရော်မှုကို အနည်းနဲ့ အများ လျှော့ချ ပေးနိုင်ပါတယ်။
လူတိုင်းကတော့ ငယ်ရွယ်တင်းရင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်လိုကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ့်အသားအရည် ကို ပုံမှန် ဂရုစိုက်မှသာ ဒီလို အသားအရည် ပိုင်ဆိုင်နိုင်မှာပါပဲ။ တစ်ချို့သော Sunscreen တွေမှာ UV အလင်းရောင်တွေကို ကာကွယ်နိုင်တဲ့ အာနိသင်အပြင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် ကောင်းမွန်တဲ့ အရာတွေ ပါဝင်တဲ့အတွက် အသားအရည်ကိုထိန်းသိမ်းဖို့အတွက် အဆင်ပြေနိုင်ပါတယ်။
(၃) အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။
နေရောင်ခြည် နဲ့ အများဆုံးထိတွေ့ဖြစ်တဲ့ မျက်နှာနဲ့ လည်ပင်းလို နေရာမျိုးတွေမှာ အရေပြားကင်ဆာ နဲ့ မှဲ့ကင်ဆာ တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုနေရာတွေမှာ နေရောင် နဲ့ အမြဲတမ်းထိတွေ့နေမှုကို လျှော့ချနိုင်ဖို့ အတွက် Sunscreen ပုံမှန် လိမ်းပေးမယ် ဆိုရင်တော့ အရေပြားကင်ဆာ ဖြစ်ရတဲ့ ဒုက္ခကို လျှော့ချပေးနိုင်ပါလိမ့်မယ်။
(၄) အရေပြားပျက်စီးခြင်းနဲ့ အမဲစက် ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်။
နေရောင်ခြည် နဲ့ ထိတွေ့မှု များတဲ့အခါ အသားမှာ ရောင်တာ ရဲတာတွေအပြင် မီးလောင်ဖုထသလိုဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်။ နေလောင်တဲ့ နေရာတွေမှာ အသားမဲတာ တွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာတွေကို တတ်နိုင်သမျှ လျှော့ချဖို့ အတွက် Sunscreen က သင့်ကို ကူညီပေးနိုင်မှာ အမှန်ပါပဲ။
Dr. မွှေး