ကိုယ်ခန္ဓာမှာ မလိုလားအပ်တဲ့အဆီပိုတွေစုစေခြင်းဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်ဖြစ်သလို နောက်ဆက်တွဲအနေဖြင့် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို နှင့်လေဖြတ်ခြင်းစတဲ့ရောဂါတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ အဆီပိုတွေစုစေတဲ့အဓိကနေရာတွေကတော့ ဝမ်းဗိုက်၊ ပေါင်နဲ့တင်ပါးနေရာတွေပဲဖြစ်ပါတယ်။ အဆီပိုတွေကို စနစ်တကျနဲ့ သေချာစွာမလျှော့ချနိုင်လျှင် ရေရှည်မှာသင့်ကျန်းမာရေးအတွက် ပြသနာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆီပိုတွေစုစေတဲ့ အကြောင်းရင်းများနှင့် လျှော့ချနိုင်မယ့်နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
(၁) အသင့်စားအစားအစာများနှင့် အချိုရည်များ
လူတော်တော်များများက အသင့်စားအစားအစာတွေနဲ့ အချိုရည်တွေဟာ ကျန်းမာရေးနှင့်မညီညွတ်ကြောင်း သိသော်လည်းပဲ မျက်စိရှေ့မှာမြင်တွေ့နေရပါက မရှောင်လွှဲနိုင်ကြပါ။ ဒီအချက်ကလည်း အဝလွန်ခြင်းနဲ့ အဆီတွေစုပုံစေခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ အချိုရည်တွေမှာ သကြားဓာတ်လွန်ကဲစွာပါဝင်နေတဲ့အတွက် လူတော်တော်များများက သူတို့ထင်တာထက်ပိုမိုပီး သကြားဓာတ်ကို နေ့စဉ်စားဖြစ်နေကြပါတယ်။ သကြားဓာတ်လွန်ကဲစွာပါဝင်နေတဲ့အသင့်စားအစားအစာတွေနဲ့ အချိုရည်တွေကို နေ့စဉ်စားသောက်ခြင်းအားဖြင့် ကိုယ်ခန္ဓာရဲ့ဇီဝဖြစ်စဉ်ကို နှေးကွေးစေတဲ့အပြင် အဆီပိုတွေကိုချေဖျက်ရာမှာလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသင့်စားအစားအစာတွေနဲ့ အချိုရည်တွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပြီး မိမိရဲ့အဆီပိုတွေကို လျှော့ချကြပါ။
(၂) အရက်နှင့် ဆေးလိပ်သောက်သုံးခြင်း
အရက်ကိုအလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းအဆီဖုံးခြင်း၊ အသဲရဲ့လုပ်ငန်းဆောင်တာတွေပျက်စီးစေခြင်းနဲ့ များပြားလှစွာသောကျန်းမာရေးပြသနာတွေ ဖြစ်ပေါ်စေပါတယ်။ ဒီလိုပဲ ဆေးလိပ်သောက်သုံးခြင်းကြောင့်လည်း အဆုတ်ကိုပျက်စီးစေကာ အမောအပန်းဒဏ်ကိုမခံနိုင်ဘဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလည်း မပြုလုပ်ဖြစ်တော့ပါ။ ဒါ့ပြင် ဘီယာအလွန်အကျွံသောက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာ ဝမ်းဗိုက်တစ်ဝိုက်အဆီများစုပုံပြီး ဘီယာဗိုက်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အရက်နဲ့ဆေးလိပ်သောက်သုံးခြင်းကို ဆင်ခြင်သင့်ပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
ယနေ့ခေတ်မှာ လူတော်တော်များများဟာ မနက်မိုးလင်းကနေ မိုးချုပ်အထိ တစ်နေကုန် လှုပ်ရှားမှုနည်းပါးပြီး တီဗီရှေ့ လက်ပ်တော့ရှေ့မှာ အထိုင်များခြင်းကြောင့် ဝမ်းဗိုက်နဲ့ အခြားကိုယ်တွင်းအင်္ဂါတွေမှာ အဆီပိုတွေစုပုံနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အဆီပိုတွေစုပုံခြင်းကို ကာကွယ်နိုင်ပီးတော့ စိတ်ရောကိုယ်ပါ တက်ကြွရွင်လန်းစေပါတယ်။
(၄) စိတ်ဖိစီးများပြားခြင်း
စိတ်ဖိစီးမှုဒဏ်ကို နေ့စဉ်ခံစားနေရတဲ့လူတစ်ယောက်မှာ အဝလွန်ခြင်းပြဿနာက ရှောင်လွှဲလို့မရတဲ့အအခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးနေချိန်မှာ ကိုယ်ခန္ဓာမှ ကော်တီဇုန်းဟော်မုန်း (Cortisone Hormone) လို့ခေါ်တဲ့ ဟော်မုန်းတစ်ခု ထွက်စေပါတယ်။ အဲဒီဟော်မုန်းထွက်စေခြင်းကြောင့် အစာချေဖျက်မှုစနစ်အား အဟန့်အတားဖြစ်စေသလို ကိုယ်ခန္ဓာရဲ့ဇီဝဖြစ်စဉ်ကိုလည်း နှောင့်နှေးစေပါတယ်။ ဒါ့ပြင် စိတ်ဖိစီးနေချိန်မှာ လူတော်တော်များများဟာ အစာကိုပုံမှန်ထက် ပိုမိုစားတတ်ကြပါတယ်။ စိတ်ဖိစီးမှုလျှော့ချမှုအတွက် နည်းလမ်းလေးတွေကတော့ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ သီချင်းနားထောင်ခြင်းနဲ့ သစ်ပင်စိုက်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါတယ်။
(၅) အိပ်ချိန်နည်းပါးခြင်း
အိပ်စက်အနားယူချိန်နည်းပါးသူတွေမှာ ကိုယ်ခန္ဓာရဲ့ပုံမှန်ဇီဝဖြစ်စဉ်အားအနှောက်အယှက်ဖြစ်စေပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွယ်နယ်စေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တစ်ညလျှင် ငါးနာရီထက်နည်းပါးစွာ အိပ်စက်သူတွေမှာ ကိုယ်တွင်းအဆီစုပုံမှုပိုပိုဖြစ်ပေါ်စေပီး ရေရှည်မှာ ကျန်းမာရေးကိုဆိုရွားစွာထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ညလျှင် ၇ နာရီနှင့် ၈နာရီကြား အိပ်စက်အနားယူသင့်ပါတယ်။
Author: Dr. KTZ