လက်ရှိအခြေအနေမှာ တီဘီ၊ တီဘီ/ အိပ်ချ်အိုင်ဗွီနဲ့ ဆေးယဉ်ပါးတီဘီရောဂါတွေဟာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်တည်ရှိနေပြီး တီဘီရောဂါဖြစ်ပွားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၅၄ နှစ်အရွယ်တွင် အဖြစ်များတဲ့အတွက် တစ်နည်းအားဖြင့် တိုင်းပြည်ရဲ့ကုန်ထုတ်စွမ်းအားအပေးနိုင်ဆုံး အသက်အရွယ်မှာ ဖြစ်ပွားနေပါတယ်။ လူဦးရေ ၅၁.၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ်တီဘီလူနာသစ်နှစ်သိန်းခန့် ဖြစ်ပွားနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ နှစ်ချုပ်အစီရင်ခံစာအရ စုစုပေါင်းတီဘီလူနာတစ်သိန်းလေးသောင်းခန့်ကိုရှာဖွေကုသပေးနိုင်ခဲ့ပြီး (၂၀၁၂- ၂၀၁၃)ခုနှစ် တတိယအကြိမ် ဆေးယဉ်ပါးတီဘီစစ်တမ်းအရ တီဘီလူနာသစ် ၅ ရာခိုင်နှုန်းဟာ ဆေးယဉ်ပါးတီဘီဖြစ်ပွားလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေမှုကို လူနာတွေလက်လှမ်းမီစေဖို့ လက်ရှိအချိန်မှာ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွေမှာ ဇီဝလုံခြုံမှုအဆင့် ၃ ရှိ တီဘီဓာတ်ခွဲခန်းတွေနဲ့ ဆောင်ရွက်လျက်ရှိပြီး (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် တွင် မော်လမြိုင်မြို့မှာ တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဆေးယဉ်ပါးတီဘီလူနာတွေကို ၂၀၁၆ခုနှစ်မှာ မြို့နယ်အားလုံးတွင် ရောဂါရှာဖွေဆေးကုသမှု ခံယူနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီလူနာတွေရဲ့ ဆေးကုသမှုအောင်မြင်မှု နှုန်းမှာ ၈၃ ရာခိုင်နှုန်းအထိ အောင်မြင်မှုရရှိခဲ့ပါတယ်လို့ သိရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံမှာ တီဘီပိုးကူးစက် ခံထားရပြီး နှစ်စဉ်ကမ္ဘာပေါ်မှာ တီဘီလူနာ ၁၀.၄ သန်းခန့် ဖြစ်ပွားကာ ၁.၈ သန်းခန့် သေဆုံးလျက်ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ End TB Strategy ကို အခြေခံတဲ့အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး ၅ နှစ်စီမံကိန်း National Strategic Plan (2016-2020) ကို ရေးဆွဲခဲ့ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။