ကလေးတစ်ယောက် တစ်နေ့အတွင်း ဝမ်းအရည် ၃ ကြိမ်ထက်ပိုမို၍ သွားခဲ့ပါက ဝမ်းလျှောရောဂါဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။
ကလေးတစ်ယောက် ထိုသို့ ဝမ်းလျှောရောဂါဖြစ်သည့်အခါ ဂရုပြု၍ စောင့်ရှောက် ကုသရန်လိုအပ်ပါသည်။ နည်းစနစ်မှန်ကန်စွာ ပြုစုကုသခြင်းနှင့် ဆေးဘက်ဆိုင်ရာများ၏ အကူအညီများကို ရယူခြင်းအားဖြင့် ပြင်းထန်၍ ပိုမိုဆိုးရွားသည့် နောက်ဆက်တွဲ ပြဿနာများ ဆက်လက်မဖြစ်ပွားစေရန် ကာကွယ်နိုင်ပါသည်။
ဝမ်းလျှောရောဂါဖြစ်ပွားခံစားနေရသော ကလေးငယ်များကို ပြုစုကုသရာတွင် အောက်ပါ အချက်အလက်များကို ဂရုတစိုက်စစ်ဆေး စောင့်ကြည့်သင့်ပါသည်။
၁။ ဝမ်းသွားသည့် အကြိမ်အရေအတွက်
ဝမ်းသွားသည့် အကြိမ်အရေအတွက်သည် ကလေးများအား ပြုစုကုသရာတွင် အရေးပါသည့် အခြေခံအချက်အလက်တစ်ခု ဖြစ်ပါသည်။
ဝမ်းသွားသည့်အကြိမ်အရေအတွက်နှင့် ဝမ်းအတွင်း အရည်ပါဝင်မှုပမာဏတို့သည် ပြုစုကုသမှုဆိုင်ရာ နည်းလမ်းများကို ပြောင်းလဲချိန်ညှိရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များ ဖြစ်ပါသည်။
၂။ ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာရပ်များ
ပြင်းထန်သည့် ဝမ်းလျှောရောဂါဖြစ်ပွားသောအခါ ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ပေါ်ပေါက်လာတတ်ပါသည်။
ထိုသို့ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ စတင်ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရေဓာတ်များပြန်လည်ဖြည့်တင်းခြင်းကို တတ်နိုင်သလောက် မြန်မြန်စတင်ပြုလုပ်ခြင်းအားဖြင့် ကောင်းမွန်သည့်ရလဒ်များကို ရရှိစေနိုင်ပါသည်။
ကလေးများ ရေဓာတ်ခန်းခြောက်သည့်အခါ အောက်ပါလက္ခဏာများ ခံစားရတတ်ပါသည်။
– မူးဝေခြင်း၊
– ပါးစပ်ခြောက်သွေ့နေခြင်း သို့မဟုတ် ပါးစပ်သည် ပျစ်ချွဲ၍ အလွန်အမင်း စေးကပ်နေခြင်း၊
– ဆီးအရောင်သည် ဝါထိန်နေခြင်း သို့မဟုတ် ဆီးအနည်းငယ်သာသွားခြင်း သို့မဟုတ် ဆီးလုံးဝ မသွားခြင်း၊
– ငိုသည့်အခါ မျက်ရည်အနည်းငယ်သာထွက်ခြင်း သို့မဟုတ် မျက်ရည်လုံးဝမထွက်ခြင်း စသည်တို့ဖြစ်ကြပါသည်။
အကယ်၍ အောက်ပါ ပြင်းထန်သည့် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများပေါ်ပေါက်လာပါက ဆေးဘက်ဆိုင်ရာအကူအညီများ အမြန်ဆုံး ရယူရန် လိုအပ်ပါသည်။
– လှုပ်ရှားမှုများပြုလုပ်ရန် အားအင်မရှိဖြစ်နေခြင်း
– အရေပြားသည် ခြောက်သွေ့လာခြင်း၊ ဖြူဖျော့လာခြင်း၊ အေးလာခြင်း၊
– သတိလစ်ခြင်း သို့မဟုတ် ကယောင်ကတမ်းဖြစ်ခြင်း၊
– နှလုံးခုန်နှုန်း မြန်လာခြင်း၊
– အသက်ရှူနှုန်း မြန်လာခြင်း စသည်တို့ ဖြစ်ကြပါသည်။
ပြင်းထန်သည့် ရေဓာတ်ခန်းခြောက်ခြင်းသည် တက်ခြင်း၊ ဦးနှောက်အား ထိခိုက်ခြင်းစသည့် ပြင်းထန်သည့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည့်အတွက် ဂရုတစိုက်ပြုစုကုသရန် လိုအပ်ပါသည်။
ကလေးများကို ပြုစုကုသခြင်း
ကလေးများအား အရည်များ၊ ကယ်လိုရီနှင့် အာဟာရဓာတ် များစွာပါဝင်သော အစားအစာများကို မကြာခဏ တိုက်ကျွေးခြင်းအားဖြင့် ရေဓာတ်ခန်းခြောက်ခြင်းကို ပြန်လည်ပြည့်ဝစေသည့်အပြင် ဝမ်းလျှောခြင်းကြောင့် ဆုံးရှုံးသွားသော အာဟာရဓာတ်များကိုလည်း ပြန်လည်ရရှိစေနိုင်ပါသည်။
ကလေးများအား မိခင်နို့ သို့မဟုတ် နို့မှုန့်ကိုဖျော်၍ တစ်မိနစ်ခြား နှစ်မိနစ်ခြား တစ်ခါမှ ဆယ်မိနစ်ခြား ဆယ့်ငါးမိနစ်ခြား တစ်ခါအထိ မကြာခဏတိုက်ကျွေးသင့်ပါသည်။
အကယ်၍ ကလေးသည် ယခင်ကတည်းက အစာပျော့ပျော့များ စားသောက်လေ့ရှိပါက ထိုကဲ့သို့ အစာပျော့ပျော့များကိုလည်း ကလေးများကို ကျွေးမွေးနိုင်ပါသည်။ ငှက်ပျောသီးကိုချေ၍လည်းကောင်း၊ အာလူးပြုတ်ကို ချေ၍လည်းကောင်း စသည်ဖြင့် ကျွေးမွေးခြင်းသည် ကလေးများကို အာဟာရဓာတ်ပြည့်ဝစေပြီး အမြန်ဆုံး ပြန်လည်နာလန်ထူနိုင်စေရန်အတွက် အထောက်အကူပြုနိုင်ပါသည်။
ထို့ပြင် နို့နှင့် Cereal များကိုရော၍ ကျွေးခြင်းသည်လည်း အာဟာရဓာတ်များနှင့် အရည်ဓာတ်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။
ဝမ်းလျှောသောကလေးများတွင် သေးခံများနှင့် ပွတ်တိုက်မိခြင်း၊ ဝမ်းအပူလောင်ခြင်းများကြောင့် အရေပြားအနာတရဖြစ်ခြင်းများသည် မကြာခဏ ဖြစ်ပွားတတ်ပါသည်။
ထို့ကြောင့် ဝမ်းသွားပြီးတိုင်းတွင် သေချာစွာဆေးကြောပေး၍ နူးညံ့သည့် အဝတ်စ သို့မဟုတ် အနှီးစဖြင့် ခြောက်သွေ့အောင်သုတ်ပေးပါ။ ထို့နောက် အဆီတစ်မျိုးမျိုး သို့မဟုတ် ဇင့်အောက်ဆိုဒ်ကို အရေပြားအား လိမ်းပေးခြင်းအားဖြင့် အရေပြားအနာတရဖြစ်ခြင်း ပြဿနာများကို ကာကွယ်နိုင်ပါသည်။
သတိပြုရမည့် အချက်တစ်ချက်မှာ ကလေးများဝမ်းလျှောသည့်အခါ အိမ်တွင် အလွယ်တကူ ရရှိနိုင်သည့် ဝမ်းလျှောရောဂါ နှင့်ပတ်သက်သည့် ဆေးဝါးများကို မတိုက်ကျွေးသင့်ပါ။ အဆိုပါ ဆေးဝါး အများစုသည် လူကြီးများအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်သည့် အတွက်ကြောင့် ကလေးများတွင် မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာ အများအပြားဖြစ်ပေါ်စေနိုင်ကြောင်း အသိပေး တင်ပြလိုက်ရပါသည်။