နီလာနဲ့ ကြည်ပြာတို့က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ။ ၈ တန်းထဲက တွဲလာကြတာ ခုဆိုရင် တက္ကသိုလ်ပြီးလို့ အသက်တွေတောင် ၂၀ ကျော်ပြီ။ သူတို့နှစ်ယောက်က အတွဲလည်းညီသလို အကြိုက်လည်းတူတယ်။ ပြီးတော့တူတာတစ်ခု ရှိသေးတယ်။
အဲဒါက နှစ်ယောက်လုံး ယောင်္ကျားကလေးဆို စိတ်မဝင်စား တစ်ကိုယ်တည်း အပျိုကြီးတွေ။ အစားကောင်း အသောက်ကောင်း ကြိုက်တာလည်း တူတယ်။ မတူတာ တစ်ခုက ‘နီလာက ဘယ်လောက်စားစား မဝတဲ့ ငပိန်ညှောင်’
‘ကြည်ပြာက စားသလောက် ဝိတ်တက်တတ်တဲ့ ဝက်ပုတ်မလေး’။
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပီပီ တစ်ယောက်အကြောင်း တစ်ယောက် အကုန်လုံး ပြောပြတိုင်ပင် ရင်ဖွင့်ကြတယ်။ ကြည်ပြာတစ်ယောက် တစ်နေ့တော့ ထိပ်ထိပ်ပြာပြာနဲ့ သူ့ရင်သားမှာ အကျိတ်လိုလို စမ်းမိတယ်တဲ့။ “နင်စိတ်ထင်တာနေမှာပါဟာ” ဆိုပြီး ဖြေသိမ့်လိုက်ပေမယ့် နီလာလည်း သူ့သူငယ်ချင်း တစ်ခုခု ဖြစ်မှာ စိတ်ပူနေတာပေါ့။
ဒီလိုနဲ့ အမျိုးသမီးဆရာဝန် ထိုင်တဲ့ဆေးခန်းကို စုံစမ်းပြီး နှစ်ယောက်တူတူသွားပြကြတယ်။ အမျိုးသားကျတော့လည်း ကြည်ပြာက ရှက်နေသေးတယ်လေ။ ဆရာမလေးက စမ်းကြည့်ပြီး ဖြစ်တာ ဘယ်လောက်ကြာပြီလဲမေးတယ်။ ဖြစ်တာ ကြာမကြာ မသိပေမယ့် စမ်းကြည့်မိတာတော့ ၂ ရက်လောက်ပဲ ရှိသေးကြောင်း ပြန်ပြောပြရတယ်။ “ဟုတ်တယ်လေ အလုံးလေးသာ စမ်းမိနေတာ နာမှ မနာတာ၊ ဘယ်လိုမှလည်း မနေဘူးလေ၊ အဲဒီတော့ တော်ရုံ ဘယ်သိတော့မလဲ”
နောက်တော့ စမ်းလည်းစမ်း မေးခွန်းတွေလည်း စုံနေအောင် မေးတော့တာပဲ။
“နာသေးလား ၊ ရာသီလာရင် အလုံးလေးက ကြီးသွားသေးလား၊ နို့သီးခေါင်းကို ညှစ်ကြည့်မိသေးလား၊ ဘာအရည်တွေ ထွက်လဲဆိုတာတွေရော၊ တားဆေးသုံးလား၊ အိမ်ထောင်ရှိလား ဆိုတာတွေရော။ မိဘမျိုးရိုးထဲမှာ ကင်ဆာ ရောဂါရှိတဲ့သူ ရှိလား”လည်းမေးတယ်။ ရင်သားတွေကို စမ်းရုံတင်မဟုတ်ဘူး။ ချိုင်းတွေမှာပါ အကျိတ်တွေ ရှိမရှိ စမ်းကြည့်သေးတယ်။
စမ်းသပ်ပြီးတော့ ဆရာမက ဒါ ကင်ဆာအကျိတ်မဟုတ်ဘူး။ ရိုးရိုးအလုံးလို့ ပြောတယ်။ အခု စမ်းမိတဲ့ အလုံးက အရမ်း မကြီးဘူး၊ မမာဘူး။ လှုပ်ရှားလို့ ရတယ်။ ဒါဆို အပျိုအရွယ်တွေမှာ ဖြစ်တတ်တဲ့ Fibroadenoma လို့ ခေါ်တဲ့ အလုံးဖြစ်နိုင်တယ်။ ပျောက်အောင် ကုတဲ့ နည်းလမ်းကတော့ ခွဲစိတ်မှပဲ ရမယ်။ ပုံမှန်လူထက်စာရင် အလုံးရှိတဲ့သူက ရင်သားကင်ဆာတော့ ပို ဖြစ်တတ်တယ်။ ဒါပေမယ့် ရာခိုင်နှုန်း နည်းတော့ စောင့်ကြည့်ချင်လည်း စောင့်ကြည့်လို့ ရပါတယ်။ အရမ်းနာကျင်တာ ၊ ရုတ်တရက် အရွယ်အစားကြီးလာတာမျိုး ရှိရင်တော့ မဖြစ်မနေ ခွဲစိတ်ဖို့လိုတယ်။
အပျိုအရွယ်တွေမှာ ဖြစ်တဲ့အလုံးဆိုတော့ အသက်အရွယ်တူ နီလာလည်း စိတ်ပူသွားတယ်။ ဆရာမကလည်း သဘောကောင်းတော့ သိချင်တာလေးတွေ ထပ်မေးမယ် စိတ်ကူးပြီး ဆရာမ ဒီအလုံးက ဘာလို့ဖြစ်တာလဲလို့ မေးမိတယ်။ ဘာကြောင့်ဖြစ်တာလဲတော့ သေချာ ပြောလို့ မရဘူးကွဲ့။ အဓိက က အမျိုးသမီး ဟော်မုန်းတွေကြောင့် ဖြစ်တာဆိုတော့ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာဆို အလုံးက ပိုကြီးလာတတ်တယ်။ သွေးဆုံးပြီးရင်တော့ အလုံးက သူ့ဘာသာ အရွယ်အစား ကျုံ့သွားလေ့ရှိတယ်။
ကြည်ပြာကတော့ ခွဲသင့် မခွဲသင့် ဆရာမကို အကြံတောင်းနေတော့တယ်။ ဆရာမလေး အနေနဲ့ ကတော့ ခွဲစိတ်လိုက်ရင်တော့ အရှင်းပျောက်တယ်။ အသားစ ပို့ပြီး စစ်လိုက်လို့ရတဲ့အတွက် ကင်ဆာဟုတ်မဟုတ် စိတ်ထဲမှာ ရှင်းသွားမယ်။
တကယ်လို့ သမီးအနေနဲ့ မခွဲဘူးဆိုရင်တော့ ရင်သားကို တစ်လ တစ်ခါဆို တစ်လတစ်ခါ၊ တစ်ပတ်တစ်ခါဆို တစ်ပတ်တစ်ခါ ပုံမှန်စစ်ဆေးပေးနေဖို့ လိုတယ်။
ရင်သားက အလုံးက မာလာတယ်၊ ရုတ်တရက် ကြီးလာတယ်၊ နို့သီးခေါင်းကို ညှစ်ကြည့်လို့ သွေးလို ပြည်လို ထွက်လာတယ် ဒါမှမဟုတ် နို့သီးခေါင်းတွေ အထဲကို ချိုင့်ဝင်သွားတယ်ဆို အရေးကြီးတယ်။ ပြီးတော့ ရင်သား ပုံသဏ္ဍာန်ပြောင်းသွားတယ်၊ ရင်သားအပေါ်က အရေပြား က ပုံမှန်မဟုတ်ဘူးထင်တယ်ဆိုလည်း အရေးကြီးတယ် အဲလိုဆိုရင်တော့ မဖြစ်မနေ ဆရာဝန်နဲ့ တိုင်ပင်ပြီး ခွဲစိတ်တာမျိုး လုပ်သင့်တယ်။
ဆရာမလေးကို ကျေးဇူးတင်စကားတွေ ပြောပြီး အိမ်ပြန်ခဲ့ကြတယ်။ နီလာကတော့ သူငယ်ချင်းကို ခွဲစိတ်လိုက်ဖို့ တတွတ်တွတ် နားချလို့ ကြည်ပြာကတော့ ခွဲရမှာကို တွေးကြောက်လို့ ………..
Author : Dr. မေ