fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

ဝမ်းချုပ်တတ်တဲ့ အကျင့်ဆိုးကို ဘယ်လို ကျော်လွှားမလဲ

`ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းမခဲတော့ဘူး’ ဆိုတဲ့ အဆိုကို လူတော်တော်များများကြားဖူးလိမ့်မယ် လို့ထင်ပါတယ်။

မှန်ပါတယ်။ ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းမခဲ ပေမယ့် ဝမ်းချုပ်ပါက ကြာလျှင် လိပ်ခေါင်းထွက်ခြင်း၊ စအိုကွဲနာ အစရှိသောပြဿနာများကြောင့် စိတ်မချမ်းမသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Dr.Z အနေနဲ့ Dr.Z ရဲ့ စာဖတ် ပရိသတ်များ ဝမ်းတစ်လုံးကြောင့် ခေါင်းခဲခြင်းမဖြစ်ရလေအောင်  ဝမ်းချုပ်တတ်တဲ့ အကျင့်ဆိုးကို ဘယ်လို ကျော်လွှားမလဲ ဆိုတဲ့ အကြောင်းကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။

ဝမ်းချုပ်ခြင်းဟာ အဖြစ်များတဲ့ ဝေဒနာ တစ်ခုပါ။ စစ်တမ်းများအရ နိုင်ငံတစ်နိုင်ငံ မှာ ပျမ်းမျှအား ဖြင့် တစ်နှစ်ကို ၂ သန်းမျှ ဝမ်းချုပ်ခြင်းကြောင့် ဆေးခန်းပြရကြောင်းတွေ့ရပါတယ်။ အသက်အရွယ်မရွေး လူတိုင်းဝမ်းချုပ်နိုင်ကာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ အသီးအရွက်အစားနည်းသူများနှင့် အချို့သော ရောဂါဝေဒနာရှင်များမှာ ဝမ်းပိုချုပ်တတ်တာကိုတွေ့ရပါတယ်။

ဝမ်းသာစရာမှာ ရိုးရိုးဝမ်းချုပ်သူများ(ရောဂါအခံကြောင့် ဝမ်းချုပ်ခြင်း မဟုတ်သူများ) အနေဖြင့် နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို ပြုပြင်လိုက်လျှင် ဝမ်းချုပ်တတ်တဲ့ အကျင့်ဆိုးကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းကို ကျော်လွှားစေနိုင်မယ့် နေထိုင်စားသောက်မှုပုံစံတွေကတော့

 

(၁) အမျှင်ဓါတ်ကြွယ်ဝသော များများစားခြင်း

အသီးအနှံများနှင့် အရွက်များတွင် အများဆုံးပါဝင်တဲ့ fibre လို့ခေါ်တဲ့ အမျှင်ဓါတ်ဟာ ဝမ်းပျော့စေတတ်သဖြင့် အမျှင်ဓါတ်ကြွယ်ဝသော အသီးအရွက်များကိုများများစားပေးသင့်ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့လျှင် အမျှင်ဓါတ် ၂၀-၂၅ ဂရမ်လောက်စားပေးသင့်ပါတယ်။ နေ့တစ်နေ့၏ ဦးဆုံးအစာဖြစ်တဲ့ မနက်စာမှ အစပြုပြီး ညစာအထိ အသီးအနှံ နှင့် အသီးအရွက် အနည်းဆုံး တစ်မျိုးစီထည့်သွင်းစားသုံးသင့်ပါတယ်။

 

(၂) ရေများများသောက်ခြင်း

အရည် (အထူးသဖြင့် ရေ) များများသောက်ခြင်းဟာလည်း ဝမ်းချုပ်ခြင်ကို အလွန်တရာ ကာကွယ်ပေးတာကိုတွေ့ရပါတယ်။ လူတစ်ယောက်ကို အနည်းဆုံး ပျမ်းမျှအားဖြင့် တစ်နေ့ ရေ ၈ ခွက်သောက်ရန်လိုအပ်ပါတယ်။ သတိထားရမှာကတော့ အရည်ဟုဆိုရာတွင် ကော်ဖီကဲ့ ကဖိန်းပါသော အရည်များမှာမူ သင့်အား dehydration လို့ ခေါ်တဲ့ ရေဓါတ်ခမ်းခြောက်ခြင်းကိုဖြစ်စေနိုင်သဖြင့် ဝမ်းချုပ်နေလျှင် ဝမ်းမမှန်ခင်အထိ အဆိုပါအရည်မျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်၏ကျန်းမာရေးအား အဖက်ဖက်မှ အထောက်အကူပြုစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ အူမကြီး၏ လှုပ်ရှားမှုကိုတိုးတက်စေသောကြောင့် နေ့စဉ် နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုသင့်ပါတယ်။

 

(၄) ဝမ်းအောင့်ခြင်းကိုရှောင်ရှားခြင်း

ဝမ်းသွားချင်သည့် အချိန်ဝမ်းအောင့်ထားခြင်းဟာ သင်၏အူလမ်းကြောင်းလှုပ်ရှားမှုကိုမူမမှန်ဖြစ်စေသဖြင့် ဝမ်းအောင့်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။

 

Magnesium နှင့် အခြားသော ဝမ်းနှုတ်ဆေးများမှာ လည်း ဝမ်းချုပ်ခြင်းကိုသက်သာစေသော်လည်း ဘေးထွက်ဆိုးကျိုးများ အနည်းနှင့်အများ ဆိုသလိုရှိနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြသပြီးမှ သောက်သုံးသင့်ပါတယ်။

အထက်ပါနေထိုင် စားသောက်မှုပုံစံ ကိုလိုက်နာပြီး ဝမ်းချုပ်တဲ့ အကျင့်ဆိုးကို ကျော်လွှားကာ ဝမ်းတစ်လုံးကောင်း၍ ခေါင်းမခဲနိုင်တော့တဲ့ ဘဝများကိုပိုင်ဆိုင်နိုင်ပါစေလို့ Dr.Z မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

 

Author : Dr.Z

ဆက်စပ် ဆောင်းပါးများ