ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားနေရပါက အောက်ပါနည်းလမ်းများ၊ ပစ္စည်းများကို အသုံးပြုပြီး အလွယ်တကူ ကုသနိုင်ပါသည်။
၁။ ချင်း (ဂျင်း)
ဂျင်းသည် သွေးကြောအတွင်း ရောင်ရမ်းစေသည့် ဓာတ်ပစ္စည်းများကို လျော့နည်းစေခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။ ထို့ပြင် ခေါင်းကိုက်ခြင်းနှင့် တွဲ၍တွေ့ရလေ့ရှိသော ရောဂါ လက္ခဏာများ ဖြစ်သည့် ပျို့ခြင်း၊ အန်ခြင်းများကိုလည်း သက်သာစေရန် ဂျင်းက ဆောင်ရွက်ပေးနိုင်ပါသည်။
ချင်းကို အရည်ညှစ်၍ ရလာသောအရည်နှင့် သံပရာရည်တို့ကို ဆတူရောပြီး တစ်နေ့လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ် သောက်သုံးပေးနိုင်ပါသည်။
ချင်းကို အမှုန့်ပြုလုပ်၍ အဆိုပါအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်ဖြင့် ရောနယ်ကာ ခပ်ပျစ်ပျစ်ဖြစ်အောင်ပြုလုပ်ပြီး နဖူးပေါ်တွင် လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာအောင် ထားပေးခြင်းအားဖြင့်လည်း ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
၂။ ရေခဲ
ရေခဲသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတွေထဲက တစ်ခုဖြစ်သော ရောင်ရမ်းခြင်းကို နည်းပါးစေရန်ကူညီပေးပါသည်။ ထို့ပြင် နာကျင်မှုကို သက်သာစေနိုင်ပါသည်။
ရေခဲထည့်ထားသော အိတ်ကို ဂုတ်ပေါ်တွင် တင်ပေးထားခြင်းဖြင့် ခေါင်းကိုက်ခြင်းကို လျင်မြန်စွာ သက်သာစေနိုင်ပါသည်။
နောက်ထက် တစ်နည်းမှာ ရေခဲရေဖြင့် စိုစွတ်ထားသော ရေပတ်ဝတ်ကို နဖူးပေါ်တွင် တစ်ခါတင်လျှင် ၅မိနစ်ခန့်ကြာအောင် တင်ပေးထားနိုင်ပါသည်။ ဤနည်းကို ခေါင်းကိုက်ဝေဒနာ သက်သာပျောက်ကင်းသွားသည့် အချိန်ထိ ထပ်ခါထပ်ခါ ပြုလုပ်နိုင်ပါသည်။
၃။ အနှိပ်ကုထုံး
လက်မနှင့် လက်ညှိုး ကြားရှိနေရာကို ဖြည်းညင်းစွာ နှိပ်ပေးခြင်းအားဖြင့် ခေါင်းကိုက်ဝေဒနာ သက်သာအောင် ပြုလုပ်၍ရပါသည်။ လက်တစ်ဖက်ချင်းစီကို တစ်မိနစ် နှစ်မိနစ်ခန့် နှိပ်နယ်ပေးခြင်း ပြုလုပ်နိုင်ပါသည်။ သို့သော် ကိုယ်ဝန်ရှိသော မိခင်များတွင် ဤနည်းစနစ်ကို မပြုလုပ်သင့်ပါ။
၄။ Lavender ဆီ
Lavender ဆီ၏ မွှေးရနံ့သည် စိတ်ဖိစီးမှုများကို ပြေလျော့စေရန်အတွက် လွန်စွာကောင်းမွန်ပါသည်။ ထို့ပြင် ၎င်းသည် ခေါင်းကိုက်ခြင်းဝေဒနာကိုလည်း လျင်မြန်စွာ သက်သာပျောက်ကင်းစေရန် ပြုလုပ်ပေးနိုင်ပါသည်။
ရေ ဖန်ခွက် ၃ ခွက် ၄ ခွက်ခန့်ကို အိုးတစ်လုံးထဲတွင် ဆူအောင်တည်ပါ။ ထို့နောက် Lavender ဆီ ၂ စက်မှ ၄ စက်အထိ အိုးထဲသို့ အစက်ချပါ။ ထွက်လာသော အငွေ့များကို ဖြည်းညင်းစွာ အားရပါးရ ရှူခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို လျင်မြန်စွာ သက်သာစေနိုင်ပါသည်။
သတိပြုရမည့် အချက်မှာ Lavender ဆီသည် သောက်သုံးရန် မသင့်တော်ပါ။
၅။ သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်ကို လေစိမ်းတိုက်ခံရခြင်းများသောကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါများကို ကုသရန်အတွက် အသုံးပြုပါသည်။
သစ်ကြံပိုးခေါက် နှစ်ချောင်း၊ သုံးချောင်းခန့်ကို အမှုန့်ကြိတ်ပါ။ ထို့နောက် ထိုအမှုန့်ကို ရေဖြင့် ခပ်ပျစ်ပျစ်ဖျော်ပါ။ ထို့နောက် နဖူးနှင့် နားထင်တွင် လိမ်းပေးနိုင်ပါသည်။ မိနစ်၃၀ ခန့်ကြာအောင် ထားပြီးနောက် ရေခပ်နွေးနွေးဖြင့် ဆေးချနိုင်ပါသည်။
၆။ လေးညှင်း
လေးညှင်းတွင် ခေါင်းကိုက်ခြင်းကို အမြန်ဆုံးသက်သာစေသည့် အေးမြသည့် ဂုဏ်သတ္တိနှင့် နာကျင်မှုကို သက်သာစေသည့် ဂုဏ်သတ္တိများပါဝင်ပါသည်။
လေးညှင်း အနည်းငယ်ကို ကြိတ်ချေပြီး အဝတ်ခပ်ပါးပါး တစ်ခုနှင့် ထုပ်ပါ။ ထို့နောက် နှာခေါင်းနားတွင် တေ့၍ ရှူပေးခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
လေးညှင်းဆီ ၂ စက်ခန့်ကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ဖြင့် ရောစပ်၍ ခပ်ပျစ်ပျစ်ဖြစ်အောင် နယ်ပါ။ ထို့နောက် နဖူးကို လိမ်းကျံ၍ ဖြည်းညင်းစွာ နှိပ်နယ်ပေးနိုင်ပါသည်။
၇။ ပန်းသီးရှာလကာရည်
ပန်းသီးနှင့် ပန်းသီးရှာလကာရည်တို့သည် ခန္ဓာကိုယ်အတွင်းတွင် အက်ဆစ်နှင့် အယ်ကာလီ ပမာဏတို့ကို ထိန်းညှိပေးနိုင်ပါသည်။ ပန်းသီးရှာလကာရည်ကို ခေါင်းကိုက်ခြင်းကို ကာကွယ်ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။
အကယ်၍ ခေါင်းကိုက်ခြင်းကို အမြဲလိုလိုခံစားနေရပါက ပန်းသီးကိုဆားအနည်းငယ်နှင့် တို့စားကာ ရေများများ သောက်ပေးခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာအောင်ပြုလုပ်ပေးနိုင်ပါသည်။
ထို့ပြင် ရေဖန်ခွက် တစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် ၂ စက် ၃ စက်ခန့် အစက်ချ၍ တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ် အထိ သောက်သုံးပေးနိုင်ပါသည်။
၈။ ပင်စိမ်း
ပင်စိမ်းတွင် အကိုက်အခဲများကို သက်သာစေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် ခေါင်းကိုက်ခြင်းကို သက်သာအောင်ကူညီပေးနိုင်ပါသည်။
ရေဖန်ခွက် တစ်ခွက်ခန့်ကို ပွက်ပွက်ဆူအောင်တည်၍ ပင်စိမ်းရွက် ၃၊ ၄ ရွက်ခန့်ထည့်၍ မိနစ်အနည်းငယ်ခန့် မွှေပါ။ အကယ်၍ ဆန္ဒရှိလျှင် ပျားရည်အနည်းငယ်ကို ထည့်နိုင်ပါသည်။ ထို့နောက်ရရှိလာသည့်အရည်ကို ဖြည်းဖြည်းခြင်းသောက်ပေးခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
အိုးတစ်ခုထဲသို့ ရေများကိုထည့်ပြီး ပင်စိမ်းဆီ ၄၊ ၅ စက် သို့မဟုတ် ပင်စိမ်းရွက် အနည်းငယ်ကို ထည့်ပါ။ ထို့နောက် ပွက်ပွက်ဆူအောင်တည်ပါ။ ထွက်လာသည့် အငွေ့များကို ရှူရှိုက်ပေးခြင်း အားဖြင့်လည်း ခေါင်းကိုက်ခြင်းကို သက်သာအောင်ပြုလုပ်နိုင်ပါသည်။
ပင်စိမ်းရွက်အနည်းငယ်ကို ဝါးစားခြင်းအားဖြင့် လည်းကောင်း၊ ပင်စိမ်းဆီကို နဖူးတွင်လိမ်းပေးခြင်းအားဖြင့်လည်းကောင်း ခေါင်းကိုက်ခြင်းသက်သာအောင် ပြုလုပ်နိုင်ပါသည်။
၉။ ပူဒီနာဆီ
ခေါင်းတစ်ခြမ်းထဲကိုက်ခြင်းအပါအဝင် ခေါင်းကိုက်ခြင်းအများစုသည် သွေးစီးဆင်းမှု နည်းပါးသောကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။ ပူဒီနာဆီသည် သွေးလည်ပတ်မှုကောင်းမွန်စေရန် ကူညီပေးနိုင်ပါသည်။ ထို့ပြင် ရှူရှိုက်ပေးပါကလည်း နာကျင်မှုကို သက်သာစေသည့်အပြင် ကြွက်သားများကို ပြေလျော့စေရန်လည်း ကူညီပေးပါသည်။ ပူဒီနာဆီကို နားထင်တွင်လိမ်းပေးခြင်း အားဖြင့်လည်း စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်သော ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းထဲကိုက်ခြင်းများကို သက်သာစေနိုင်ကြောင်းတွေ့ရှိရပါသည်။
ရေနွေးတစ်ဇလုံထဲသို့ ပူဒီနာဆီ ၃ စက် ၄ စက်ခန့်ချပါ။ ထွက်လာသောအငွေ့ကို ၄၊ ၅ မိနစ်ခန့် ရှူရှိုက်ပါ ခေါင်းကိုက်ခြင်းသက်သာလာသည်ကို တွေ့ရပါလိမ့်မည်။
၁၀။ သံပရာသီး
သံပရာသီးတွင် လန်းဆန်းစေသော ဂုဏ်သတ္တိနှင့် တင်းအားများပြေလျော့စေသော ဂုဏ်သတ္တိများ ပါဝင်သဖြင့် ခေါင်းကိုက်ခြင်းကို ကုသရာတွင် ထိရောက်သောနည်းလမ်းတစ်ခုဖြင့် အသုံးပြုကြပါသည်။
သံပုရာသီး တစ်ခြမ်းခန့်ကို အရည်ညှစ်ပါ။ ထို့နောက် ရေခပ်နွေးနွေးဖြင့် ဖျော်ကာ သောက်သုံးခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
၁၁။ ကွမ်းရွက်
ကွမ်းရွက်တွင် နာကျင်မှုကို သက်သာစေသည့်ဂုဏ်သတ္တိအပြင် အေးမြစေသည့် ဂုဏ်သတ္တိနှင့် အကိုက်အခဲကို သက်သာစေသည့် ဂုဏ်သတ္တိများရှိခြင်းကြောင့် ကွမ်းရွက်ကို ခေါင်းကိုက်ပျောက်စေရန် မိရိုးဖလာသုံးစွဲခဲ့ကြပါသည်။
ကွမ်းရွက် ၂ ရွက်၊ ၃ရွက်ခန့်ကို ကြိတ်ချေ၍ သို့မဟုတ် ဝါး၍ မိနစ် ၃ဝ ခန့် နဖူးတွင် အုံထားပေးခြင်းအားဖြင့် ခေါင်းကိုက် ပျောက်စေနိုင်ပါသည်။
၁၂။ လက်ဖက်စိမ်း
လက်ဖက်စိမ်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါဝင်သည်။ ထို့ပြင် ခေါင်းကိုက်ခြင်းကြောင့် ဖြစ်သော နာကျင်မှုကို သက်သာစေနိုင်သည့် အစွမ်းသတ္တိလည်းရှိပါသည်။
လက်ဖက်စိမ်း လက်ဖက်ရည် တစ်ထုပ်ကို ရေနွေးတွင်စိမ်ပါ။ ထို့နောက် သံပရာသီး တစ်ခြမ်းခန့်ကို အရည်ညှစ်ထည့်ပြီး ကောင်းစွာ မွှေပါ။ ထိုအရည်ကို သောက်ခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
အထက်ပါနည်းလမ်းများကို အသုံးပြုပြီး ခေါင်းကိုက်ခြင်းကို ပျောက်ကင်းအောင် အလွယ်တကူလုပ်ဆောင်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Author: Dr. မိုး (ဆေး ၁)