ကလေးများတွင် နားလေးခြင်း၊ နားမကြားခြင်း၊ နားပြည်ယိုခြင်း၊ နားထဲမှ သွေးထွက်ခြင်း၊ နားနာခြင်းနှင့် နားပိတ်ခြင်းစ သည့် နားရောဂါများ ခံစားရတတ်ပါသည်။ စကားမပြောတတ်ခြင်းသည် နားရောဂါနှင့် သက်ဆိုင်ပါသည်။ နားမကြားသော ကလေးသည် အသံကို မကြားနိုင်ခြင်းကြောင့် အသံမထွက်နိုင်ပါ။ မွေးရာပါ နားလေးနေသော ကလေးများတွင် စကားမ ပြောတတ်ပါ။ ထို့ကြောင့် ကလေးများတွင် ဖြစ်တတ်သော နားရောဂါ များကို မပေါ့ဆဘဲ ဂရုစိုက်ရပါမည်။
နားလေးခြင်း၊ နားမကြားခြင်းကို ဖြစ်စေသော အကြောင်းအရင်းများ
မွေးကင်းစ ကလေးများတွင် အသားဝါခြင်းကြောင့် အဝါရည်များပြီး ဦးနှောက်ကို ထိခိုက်ကာ နားလေး တတ်ပါသည်။ နားအတွင်း၌ ရှိသော အရိုးနုကလေးများ မွေးရာပါလှုပ်ရှားမှု မရှိခြင်းကြောင့်လည်း နားမကြားဖြစ် တတ်ပါသည်။ မိခင်ကိုယ်ဝန် ရှိစဉ် ဂျိုက်သိုးရောဂါခံစားရပါက ကလေးများတွင် မွေးရာပါနားလေးတတ်ပါသည်။ နားပြည်ယိုခြင်း၊ နားကိုထိခိုက် သွေးယို ခြင်းကြောင့်လည်း နားလေးတတ်ပါသည်။ မျိုးရိုးဗီဇကြောင့်လည်း နားလေးနိုင်ပါသည်။
နားပြည်ယိုခြင်း
ကလေးများ၏ နားကို အပြင်နား၊ အလယ်နားနှင့် အတွင်းနားဟူ၍ ခွဲထားပါသည်။ အပြင်နားတွင် ပြည် တည်နာဖြစ်ပြီး ပြည်ပေါက်ထွက်ခြင်းကြောင့် နားပြည်ယိုတတ်ပါသည်။ အတွင်းနားတွင် ပိုးဝင်ပြီး အမြှေးပေါက် သွားပါက ပြည်များ အပြင်သို့ ထွက်လာတတ်ပါသည်။ နားပြည်ယိုခြင်းကို စနစ်တကျ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များနှင့် ကုသရန် လိုအပ်ပါသည်။ နားပြည်ယိုခြင်းကြောင့် နားလေးခြင်း၊ ဦးနှောက်အမြှေး ရောင်ခြင်းနှင့် ဦးနှောက်ပြည်တည်နာ ဖြစ်ခြင်းများ ခံစားရနိုင်သော ကြောင့် ဖြစ်ပါသည်။
နားထဲမှ သွေးထွက်ခြင်း
ကလေးများ၏ နားထဲသို့ အချွန်နှင့်ထိုးမိခြင်း၊ နားကလော်ရာမှ ထိခိုက်မိခြင်း၊ ဦးခေါင်းထိခိုက်မိခြင်း၊ အရှိန်ပြင်းသော ရေပိုက်နှင့် နားထဲထိုးခံရခြင်းနှင့် ရေဘောလုံးပစ်ပေါက်ခံရခြင်း စသည်တို့ကြောင့် နားထဲမှသွေး ထွက်တတ်ပါသည်။ နားထဲမှ သွေးထွက်ခြင်းသည် စိုးရိမ်ရသော အခြေအနေဖြစ်တတ်ပါသည်။ ဦးခေါင်းထိခိုက် မိပြီး နားထဲမှ သွေးထွက်ပါက အသက် အန္တရာယ်ရှိနိုင်ပါသည်။ ကလေးများ၏ နားထဲသို့ မသန့်ရှင်းသော တုတ်နှင့် ထိုးကစားစရာမှ နားစည်ပေါက်ပြီး နားမှ သွေးယိုကာ နားလေးသွားတတ်ပါသည်။ အချို့သော မိဘ၊ အုပ်ထိန်းသူများ၏ ပြင်းထန်စွာ ရိုက်မိခြင်းကြောင့်လည်း နားစည် ပေါက်တတ်ပါသည်။
နားနာခြင်း
နားထဲတွင်ပိုးဝင်ခြင်း၊ အပြင်နားတွင် အနာဖြစ်ခြင်း၊ ခေါင်းလျှော်ပြီး နားထဲတွင် ရေဝင်ခြင်းနှင့် နားထဲတွင်မှို ပေါက်ပြီး နားအ မြှေးရောင်လာခြင်း စသည်တို့ကြောင့် နားနာလာတတ်ပါသည်။ အရိုးနုကလေးများနှင့် တည် ဆောက်ထားသော နားသည် အရေပြားနှင့် ကပ်လျက်ရှိပြီး အရေပြားရောင်လာပါက အလွန်နာတတ်ပါသည်။ နားစည်၊ နားမြှေးရောင်ပါကလည်း နားနာတတ်ပါသည်။ နားနာခြင်းကိုလည်း တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပြသရပါမည်။ နားနာသည့်အပြင် ပြည်တည်ပြီး နားအမြှေးပေါက်ခြင်းနှင့် နားလေးခြင်းများ ခံစားရနိုင်ပါသည်။
နားပိတ်ခြင်း
နားနှစ်ဖက်၏ အပြင်နားလမ်းကြောင်းတွင် နားဖာချေးများ (အစိုနှင့် အခြောက်) ရှိတတ်ပါသည်။ နားဖာ ချေးကြောင့် နားပိတ်ဆို့သကဲ့သို့ဖြစ်ပြီး နားမကြားဘဲ ဖြစ်တတ်ပါသည်။ တတ်ကျွမ်းနားလည်သော နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နှင့် ပြသပေးသင့်ပါသည်။ နားထဲသို့ ပြင်ပ ပစ္စည်းများဝင်ခြင်းကြောင့်လည်း နားပိတ်တတ်ပါသည်။ နားအမြှေးရောင်ခြင်း၊ နားထဲရေ ဝင်ပြီး မှိုတက်ခြင်းနှင့် နှာစေး၊ ချောင်းဆိုးခြင်းကြောင့် လည်း နားပိတ်ခြင်းဝေဒနာများ ခံစားရနိုင်ပါသည်။
နားရောဂါမဖြစ်စေရန် ကာကွယ်ခြင်း
နားသည် လူ့ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ နားကျပ်ခြင်း၊ နားကလော် ခြင်းများ မပြုလုပ်သင့်ပါ။ နားကို ထိခိုက်ခြင်း မဖြစ်စေရန် ကာကွယ်ရပါမည်။ နားထဲသို့ မည်သည့်ပစ္စည်း မည်သည့် ဆေးများထည့်ခြင်းကို ရှောင်ကြဉ်ရပါမည်။
နားထဲတွင် မသန့်ရှင်းသော ရေများကြောင့် နားပြည်ယိုခြင်းများ ဖြစ်တတ်ပါသည်။ ကလေးများ ရေကူး ရာတွင်လည်း နားထဲရေဝင်တတ်၍ သတိထားရပါမည်။ နားထဲသို့ မည်သည့်အရာမှ မဝင်အောင်ထားရပါမည်။ ဆရာဝန် ညွှန်ကြားချက်မပါဘဲ မည်သည့်ဆေးရည်မျှ မထည့်သင့်ပါ။ ဂျိုက်သိုးရောဂါ ကာကွယ်ရန် မိန်းကလေး များအသက် ၁၅ နှစ်နှင့် ၄၅ နှစ်အတွင်း ကာကွယ်ဆေးထိုးထားရပါမည်။ မျိုးရိုးဗီဇကြောင့် မွေးရာပါ နားလေး ခြင်းကို ကာကွယ်၍မရသော်လည်း တတ်ကျွမ်းနားလည် သော ဆရာဝန်နှင့် ပြသရပါမည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်းသည်ဆိုသည့် စကားအတိုင်း အထက်ပါအတိုင်း ကာကွယ်ရပါမည်။ နားရောဂါများ ဖြစ်ပေါ်လာပါကလည်း တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူရပါမည်။ နားရောဂါများကို ဆေးမြီးတိုများ၊ ဆေးဆိုင်များမှ စပ်ဆေးများနှင့် ကုသပါက အန္တရာယ် ရှိနိုင်၍ ရှောင်ကြဉ်ရပါမည်။ သို့ဖြစ်ပါ၍ ကလေးများတွင် ဖြစ်တတ်သော နားရောဂါများကို ကာကွယ်သင့် ကြောင်း အကြံပြုအပ်ပါသည်။
AUTHOR – ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)
Vol -7 / No- 10 (Healthcare)