အရိုးပွခြင်း (အရိုးပါးခြင်း) သည် ဆိုးဝါးလှသော ယိုယွင်းမှု ဖြစ်စေသည့် ရောဂါတစ်ခုဖြစ်သည်။ အသက် ၄၅ နှစ်ကျော်အရွယ် အမျိုးသမီး သုံးဦးအနက် တစ်ဦးတွင် အရိုးပွခြင်း ရှိနေတတ်သည်။ အရိုးပွခြင်းမှာ လက္ခဏာဝေဒနာ ပြသမှုမရှိဘဲ အချိန်ကြာမြင့်စွာ ငုပ်လျှိုးနေတတ်သည်။ ရောဂါကို နောက်ကျမှ တွေ့ရတတ်သည်။ အရိုးကျိုးမှုကြုံတွေ့ရချိန်၌ ရောဂါရှိမှန်း သိလာရသည်။
အရိုးပွခြင်း အန္တာရာယ်မှ ကင်းဝေးစေရန်အတွက်-
- ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ စားသုံးပေးရပါမည်။
- ခန္ဓာကိုယ် အလေးချိန်ကို မျှတအောင် ထိန်းသိမ်းရန်လိုအပ်သည်။
- လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ အေးရိုးဘစ် လေကျင့်ခြင်းတို့ လုပ်ဆောင်သင့်သည်။
- ဆား၊ ကဖင်းနှင့် အရက်တို့ သုံးစွဲမှု လျှော့ချရပါမယ်။
- ဆေးလိပ် လုံး၀ မသောက်သင့်ပါ။
အရေးကြီးဆုံးမှာ အာဟာရကြွယ်ဝသော အစားအစာစားသုံးရန် ဖြစ်သည်။ အစားအစာတွင် ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ရမည်။ ပါဝင်နိုင်ခြင်း မရှိပါက ဖြည့်စွက်မှီဝဲရန် လိုအပ်မည် ဖြစ်ပါသည်။
သင့်၌ အရိုးပွခြင်း အန္တရာယ် ရှိ၊ မရှိ အောက်ဖော်ပြပါ မေးခွန်းများ ဖြေကြည့်ထားပါ။ ပြီးလျှင် ဟုတ်သည်၊ မဟုတ်သည်၊ အကြိမ်မည်မျှ ရှိသည်ကိုတွက်၍ အန္တရာယ်ရှိ၊ မရှိ သုံးသပ်ကြည့်နိုင်ပါသည်။
(၁) သင်၏ မိဘများ၌ မတော်တဆလဲချော်မှုကြောင့် ပေါင်ထိပ်ရိုး ကျိုးခဲ့ဖူးသည်။ ဟုတ်ပါသည်၊ မဟုတ်ပါ။
(၂) သင်ကိုယ်တိုင် မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် အရိုးကျိုးခဲ့ဖူးသည်။ ဟုတ်ပါသည်၊ မဟုတ်ပါ။
(၃) အမျိုးသမီးဖြစ်က မီးယပ်သွေးသည် ၄၅ နှစ် မတိုင်မီ ဆုံးခဲ့သည်။ ဟုတ်ပါသည်၊ မဟုတ်ပါ။
(၄) ကိုယ်ဝန်ဆောင်ခြင်းကြောင့် မဟုတ်ပါဘဲ မီးယပ်သွေး ၁၂ လ ခန့်၊ သို့မဟုတ် ၁၂ လ ထက်ပို၍ ရပ်တန့်ခဲ့ဖူးသည်။ ဟုတ်ပါသည်၊ မဟုတ်ပါ။
(၅) သင်၏ အရပ်သည် ၃ စင်တီမီတာ၊ သို့မဟုတ် တစ်လက်မခန့် နိမ့်ကျသွားသည်။ ဟုတ်ပါသည်၊ မဟုတ်ပါ။
(၆) သင်နေ့စဉ် အရက် ၄ ယူနစ် (အမျိုးသား) သို့မဟုတ် ၂ ယူနစ် (အမျိုုးသမီး) ထက်ပို၍ သောက်သုံးသည်။ ဟုတ်ပါသည်၊ မဟုတ်ပါ။
(၇) သင်သည် နေ့စဉ် စီးကရက် အလိပ် ၂၀ ထက်ပို၍ သောက်သည်။ ဟုတ်ပါသည်၊ မဟုတ်ပါ။
အထက်ဖော်ပြပါ မေးခွန်းတိုင်း၏ “ဟုတ်ပါသည်” ဟူသော အဖြေသည် အရိုးပွခြင်း၏ လက္ခဏာ များပင် ဖြစ်သည်။ ထို့ကြောင့် “ဟုတ်ပါသည်” အဖြေများနေပြီဆိုပါလျှင် သင်၏ မိသားစုဆရာဝန်ထံ သွားရောက်၍ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)