အိမ်မွေးတိရိစ္ဆာန်အဖြစ် ကြောင်နှင့် ခွေးတို့ကို အမွေးများပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက ကြောင်မွေးတာများပါတယ်။ အိမ်မွေးကြောင်လေးများကို သားသမီးအရင်းကဲ့သို့ ချစ်ခင်ကြသူများလည်း မရှားပါဘူး။ သို့သော်လည်း ကြောင်လေးများကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများ ရှိနေကြောင်းကိုလည်း မမေ့သင့်ပါဘူး။
ကြောင်မွှေးများရှူမိခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားတတ်တယ်ဆိုတာ အသိများကြသော်လည်း အခြားကျန်းမာရေးပြဿနာတစ်ခုက ကျန်ရှိနေပါသေးတယ်။ မိမိရင်သွေးငယ်၏ လှပသော အနာဂတ်ကို ထိခိုက်စေနိုင်သည့်အတွက် သတိပြုမိ စေရန် ဖော်ပြလိုက်ရပါတယ်။
ဖြစ်ပွားစေတာကတော့ တောက်ဆိုပလက်စမိုးစစ် (Toxoplasmosis) ဟုခေါ်သော ပရိုတိုဇိုးဝါး (Protozoa) ကြောင့်ဖြစ်ပါတယ်။ ထိုပိုးမွှားကူးစက်ခံနေရတဲ့ ကြောင်များ၏ မစင်များမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ပါတယ်။ ထိုမစင်များပါဝင်နေသော ဖုန်များကို ရှူရှိုက်မိခြင်းဖြင့်သော်လည်းကောင်း၊ အစားအသောက် များကိုစားမိခြင်းဖြင့်သော်လည်းကောင်း ကူးစက်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန် လနုချိန်တွင် ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးဖွားခြင်းတို့ဖြစ်တတ်ပါတယ်။ ကိုယ်ဝန် လရင့်ချိန်တွင် ကူးစက်ခံရပါက ပိုးသည် အချင်းကို ဖြတ်၍ သနေဓ သားကို ကူးစက်ကာ ကလေးငယ်သည် အသက်ရှင်လျက်မွေးဖွားလာသော်လည်း ကလေးအသက် ၂လ ၃လ အရောက်တွင် ဉာဏ်ရည်ချို့တဲ့ခြင်း၊ အမြင်လွှာယောင်၍ မျက်စိကွယ်ခြင်း၊ အသားဝါရောဂါဖြစ်ခြင်းများ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များကိုသာမက အခြားသောသူများကိုလည်း အခြားသောနည်းလမ်းများဖြင့် ကူးစက်နိုင်ပါသေးတယ်။ ထိုရောဂါပိုးဟာ ကြောင်အပြင် ငှက်နှင့် အခြားနို့တိုက် သတ္တဝါများ၏ ခန္ဓာကိုယ်အတွင်းမှာ ခိုအောင်းနေနိုင်ပါသေးတယ်။ ကူးစက်နိုင်သော နည်းလမ်းများမှာ ပိုးပါဝင်နေသော နွားနို့ နှင့် အစားအသောက်များကို စားသုံးမိခြင်း၊ အသားကို မကျက်တကျက် ချက်စားမိခြင်း၊ ဖုန်ကို ရှူမိခြင်း တို့ဖြစ်ပါတယ်။
ရောဂါလက္ခဏာများအနေဖြင့် မပြင်းထန်ပါက ငွေ့ငွေ့ဖျားခြင်း၊ ပြန်ရည်ကြောကျိတ်များ ယောင်ခြင်းတို့ကို တွေ့ရတတ်ပြီး ပြင်းထန်ပါက အဖျားကြီးပြီး ချမ်းတုန်ခြင်း၊ အရေပြားတွင် အနီစက်များ ထွက်ခြင်း၊ ဦးနှောက်ယောင်ခြင်း၊ နှလုံးကြွက်သားယောင်ခြင်း၊ အသည်းယောင်ခြင်းများ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာမပြဘဲ မိမိ၏ ခန္ဓာကိုယ်အတွင်း ကြာရှည်ခိုအောင်းနေပါက မျက်စိအမြင်လွှာယောင်၍ မျက်စိကွယ်ခြင်း ခံစားရနိုင်ပါတယ်။ အထက်ပါ လက္ခဏာများ ကြုံတွေ့ရပါက စောစီးစွာ ဆေးကုသမှု ခံယူသင့် ပါတယ်။
ထို့ကြောင့် စာဖတ်သူမိတ်ဆွေများ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကြောင်မှတစ်ဆင့် ကူးစက်မခံရအောင် သတိထား၍နေထိုင်ခြင်း၊ ဖုန်မရှူမိစေရန် သတိထားခြင်း၊ အသားကိုကျက်အောင် ချက်ပြုတ်စားခြင်း၊ ကျန်းမာသန့်ရှင်းသော အစားအစာများကို ရွေးချယ်စားသုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
AUTHOR – ဒေါက်တာအေးမြမြအောင်