ဝှေးစေ့ဆိုတာဟာ အမျိုးသားတွေ မျိုးဆက်ပွားနိုင်ရန်အတွက် အရေးကြီးသော မျိုးပွားအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဝှေးစေ့ကနေ သုတ်ကောင်နဲ့ ကျားဟော်မုန်းတွေကို ထုတ်ပေးပါတယ်။
ဝှေးစေ့ရောင်ရမ်းခြင်းကို ဆေးပညာအရ Orchitis လို့ခေါ်ပါတယ်။ ဝှေးစေ့ရောင်ရမ်းခြင်းဟာ တဖက်တည်းလည်း ဖြစ်နိုင်သလို နှစ်ဖက်လုံးလည်း ဖြစ်နိုင်ပါတယ်။
ဝှေးစေ့ရောင်ရမ်းခြင်းဟာ ဘက်တီးရီးယားပိုးတွေနဲ့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ခံရခြင်းကြောင့် အဖြစ်များပါတယ်။
တချို့သူတွေမှာ ဘာအကြောင်းရင်းမှ ရှာမရဘဲ ဝှေးစေ့ရောင်ရမ်းတာမျိုးလည်း ရှိပါတယ်။
ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်ရာမှ ဖြစ်တဲ့ဝှေးစေ့ရောင်ရမ်းခြင်းဟာ အပျော်ပါးလိုက်စားရာမှတဆင့် ကူးစက်တတ်တဲ့ Gonorrhoea (ဂနိုရောဂါ)၊ Chlamydia ရောဂါတွေကို ဖြစ်စေတဲ့ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေ ဝင်ရောက်လို့ ဝှေးစေ့ရောင်ရမ်းခြင်းဖြစ်ပါက epididymitis လို့ခေါ်တဲ့ သုတ်ပို့ပြွန်တွေရောင်တာပါ တွဲဖြစ်နိုင်ပါတယ်။
အဲ့လိုနှစ်ခုတွဲဖြစ်တာကို တော့ ဆေးပညာအရ Epididymo-orchitis လို့ခေါ်ပါတယ်။
ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ရာမှဖြစ်တဲ့ ဝှေးစေ့ရောင်ရမ်းခြင်းကတော့ ပါးချိတ်ရောင်ခြင်းကို ဖြစ်စေတဲ့ Mump virus ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်ပါတယ်။
ဝှေးစေ့ရောင်ရမ်းခြင်းဟာ
- လိင်ဆက်ဆံဖော်များတဲ့သူတွေ
- အပျော်ပါးလိုက်စားတဲ့သူတွေ
- ကိုယ်တိုင်က အပျော်ပါးမလိုက်စားသော်လည်း၊ ကိုယ့်ဆက်ဆံဖော်က အပျော်ပါးလိုက်စားများတာ မျိုးရှိတဲ့သူတွေ
- မွေးရာပါ ဆီးလမ်းကြောင်း ပုံမှန်မဟုတ်တဲ့သူတွေ
- ဆီးလမ်းကြောင်းပိုး ခဏခဏဝင်တတ်တဲ့သူတွေ
- ပါးချိတ်ရောင် ကာကွယ်ဆေးမထိုးထားတဲ့သူတွေ မှာဆိုရင်အဖြစ်များလေ့ရှိပါတယ်။
ဝှေးစေ့ရောင်ရမ်းခြင်းဖြစ်တဲ့အခါမှာ
ဝှေးစေ့တဖက် သို့မဟုတ် နှစ်ဖက်လုံးကရောင်ပြီး ဖောင်းနေတာ၊ ရက်အတော်ကြာအောင် နာကျင်ပြီး နာတာက တဖြည်းဖြည်းပိုပိုဆိုးလာတာ၊ ဖျားတာ၊ အန်တာ စသဖြင့် ခံစားရနိုင်ပါတယ်။
ဒီလိုလက္ခဏာတွေခံစားရပြီဆိုရင် မရှက်ဘဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။
စမ်းသပ်မှုအနေနဲ့ကတော့ ဆရာဝန်က ဝှေးစေ့ရောင်နေတာ၊ ကြီးနေတာ၊ ပေါင်ကြားက ပြန်ရည်ကြောအကျိတ်တွေကြီးနေတာ ရှိမရှိစမ်းသပ်တာအပြင် ဆီးကျိတ်ကြီးနေတာ ရှိမရှိအတွက် စအိုကနေလက်နှိုက်စမ်းသပ်တာတွေပါ လုပ်ရနိုင်ပါတယ်။
စစ်ဆေးမှုအနေနဲ့ကတော့ ဝှေးစေ့ကို အာထရာဆောင်းရိုက်ကြည့်တာ၊ လိင်ဆက်ဆံရာမှတဆင့် ကူးစက်တဲ့ ပိုးတွေရှိမရှိသွေးစစ်တာ၊ ဆီးစစ်တာတွေ လုပ်ရနိုင်ပါတယ်။
ဒီလိုတွေစမ်းသပ်စစ်ဆေးကြည့်လို့ ဝှေးစေ့ရောင်တာလို့ အဖြေထွက်လာရင် စောစီးစွာ ကုသမှုခံယူသင့်ပါတယ်။
ဘာလို့လဲဆိုတော့ စောစီးစွာကုသမှုမခံယူပါက ရောင်တာကြာလာတဲ့အခါမှာ ဖြစ်တဲ့ဘက်ကဝှေးစေ့က သိမ်ပြီးသေးသွားတာ၊ ကပ္ပာယ်အိတ်ထဲမှာ ပြည်တွေစုလာတာ၊ ကပ္ပာယ်အိတ်မှာ အနာပေါက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျားဟော်မုန်းနဲ့ သုတ်ကောင်တွေ အထုတ်နည်းသွားတဲ့အတွက် ကလေးမရနိုင်တာ၊ မြုံသွားတာမျိုးတွေထိလည်း ဖြစ်နိုင်ပါတယ်။
ကုသမှုအနေနဲ့ကတော့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်လား၊ ဗိုင်းရပ်ပိုးကြောင့်ဖြစ်လားစတဲ့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။
ဝှေးစေ့ရောင်ရမ်းတာဖြစ်တဲ့အခါ နားနားနေနေနေပါ။ အိပ်ရာထဲမှာလှဲနေပါ။ အလေးအပင်မတာတွေ၊ အကုံးအကွလုပ်တာတွေ ရှောင်ပါ။
ဝှေးစေ့နာတာ သက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေး သောက်တာ၊ ရေခဲကပ်တာတွေ လုပ်နိုင်ပါတယ်။
အစာအိမ်ရောဂါအခံရှိရင်တော့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်နဲ့ပြသပြီးမှပဲ သောက်သင့်ပါတယ်။
ဝှေးစေ့နာတာ လုံးဝပျောက်ဖို့အတွက်ကတော့ လပိုင်းလောက်ထိ အချိန်ယူရနိုင်ပါတယ်။
Dr 528