လိင်တံကင်ဆာ ကြောက်စရာ
တစ်ရက် ဆေးခန်းထိုင်နေတုန်း သူ တစ်ယောက် အဖော်ကောင်လေး တစ်ယောက်နဲ့ ရောက်လာတယ်။ သူ ဆိုတာ တော်တော်ကို ချောတဲ့သူလေး။ အသားလေးက ဝင်းပြီးဝါနေတာပဲ။ ဆံထုံးလေး ထုံးထားပြီး ရှက်ပြုံးလေးနဲ့။ ပြင်ထားပုံက အလှူက ပြန်လာတဲ့ပုံစံလေးနဲ့။ စိတ်ထဲမှာတော့ တော်တော်လေးကို လှတဲ့ ကောင်မလေးပဲလို့ တွေးလိုက်မိတယ်။
ပြီးတော့ သူက စကားမပြောဘူး။ သူနဲ့ ပါလာတဲ့ အဖော်ကပဲ စကားပြောတယ်။ နောက်တော့ ဘာဖြစ်လဲ ဆိုပြီးစမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလေရော။ ဘာဖြစ်တာလဲ သမီးဆိုလို့ ပြောမှ သမီး ဇစ်ညှပ်လို့ဆရာတဲ့။ အစက မိန်းကလေး ဇစ်ညှပ်စရာမှ မရှိတာ တွေးလိုက်မိသေးတယ်။ နောက်မှ မိန်းကလေး တစ်ယောက်အတွက် မြင့်မားလွန်းနေတဲ့ အရပ်ရယ်၊ အသံရယ်ကြောင့်သာ အဲကျမှ သိရတော့တယ်။ သူဆိုတာ မိန်းမလေးစိတ် ရှိနေတဲ့ ယောက်ကျားလေး တစ်ယောက်ပဲ။ ဒါပေမယ့် မိန်းမရှုံးလောက်အောင်ကို လှနိုင်လွန်းတယ်။ လုံးဝ မိန်းကလေးအတိုင်းကို ချောမောလှလွန်းတယ်။
ကဲ ဆရာ့ကို ပြဆိုမှ လိင်အင်္ဂါထိပ်မှာ အနာအကြီးကြီး ။ အင်္ဂါထိပ်က အရေပြားတောင် အရောင်တွေ ပြောင်းနေတယ်။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲမေးတော့ တစ်လ လောက် ရှိပြီတဲ့။ ပေါင်ခြံမှာလည်း အကျိတ်တွေက မာခဲခဲကြီးနဲ့။ နာလား မေးတော့ အရမ်းမနာဘူးတဲ့။ ဒါပေမယ့် သွေးထွက်ထွက်နေတယ်တဲ့။ ပြီးတော့ အနံ့ နံတဲ့ အရည်တွေ ထွက်တယ်တဲ့။ ဘာလို့စောစောက မပြတာလဲလို့ ဂရုနာ ဒေါသနဲ့ ပြောမိတော့ သမီး ရှက်လို့တဲ့။ အေးလေ သူလဲ ရှက်ရှာမှာပေါ့လို့ တွေးမိတော့ ဆက်တောင် မဆူဖြစ်တော့ဘူး။
ဒါပေမယ့် ဖြစ်တဲ့ ကာလရယ်၊ ရောဂါလက္ခဏာရယ်၊ အနာပုံစံရယ်က ရိုးရိုးအနာနဲ့ မတူဘူး။ အဲဒီတော့လည်း သူ့ကို ချော့မော့ပြီး ခွဲစိတ်ဆရာဝန်နဲ့ ပြဖို့ တိုက်တွန်းရတော့တာပေါ့။ နောက်တော့ သူပြန်လာတယ်။ ခွဲစိတ်ဆရာဝန်နဲ့ ပြလိုက်တယ်တဲ့။ အနာက အသားစယူပြီး စစ်ကြည့်တော့ ကင်ဆာလို့ အဖြေထွက်တယ်တဲ့။ အဲဒီရောဂါက ဘာလို့ဖြစ်တာလဲဆရာတဲ့။
အမှန်တော့လည်း သူက အရမ်းအရမ်းကို ကံဆိုးလွန်းလို့ ဖြစ်ရရှာတာပါ။ ဒီရောဂါက အရမ်းဖြစ်ခဲတဲ့ ရောဂါတစ်ခုပါ။ ဖြစ်ခဲ့ရင်တောင် အသက် ၅၀ နဲ့အထက်လူကြီးတွေမှာ ပိုဖြစ်တယ်။ ကြွက်နို့ပိုး အမျိုးမျိုး ရှိတဲ့အနက် တချို့ ကြွက်နို့ပိုးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာ ပိုဖြစ်တယ်။
ခဏခဏ ပိုးဝင်တာများတဲ့သူတွေ လိင်အင်္ဂါ မကြာခဏ ရောင်ရမ်းတတ်တဲ့သူတွေမှာ ပိုဖြစ်တတ်တယ်။ လိင်ဆက်ဆံဖော်များတဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းသူတွေမှာလည်း ဖြစ်နိုင်တယ်။ AIDS ရောဂါသည်တွေမှာလည်း ဖြစ်နိုင်ချေ အနည်းအကျဉ်း ရှိတယ်။ ပြီးတော့ phimosis လို့ ခေါ်တဲ့ လိင်အင်္ဂါထိပ်က အရေပြား နောက်ကို ဆွဲမရတဲ့သူတွေမှာလည်း ဖြစ်တတ်တယ်။
ဖြစ်လာရင်ပြတဲ့ လက္ခဏာတွေကတော့
အနာဖြစ်မယ် ၊ ဖြစ်တဲ့အနာကလည်း ရောင်ရမ်းပြီး နီရဲနေမယ် ၊ ၄ ပတ်ကျော်တဲ့အထိ မပျောက်ဖြစ်နေတတ်တယ်။ တချို့တွေမှာ အလုံးပုံစံမျိုးတွေထိ ဖြစ်နေတတ်တယ်။ သွေးထွက်တာတွေ ၊ အနံ့ နံတဲ့ အရည်ဆင်းနေတာတွေ ရှိတတ်တယ်။ လိင်အင်္ဂါရဲ့ ထိပ်အရေပြားဟာ ထူနေတတ်တယ်။ ဆွဲလှန်လို့ မရဖြစ်တတ်တယ်။ လိင်အင်္ဂါရဲ့ အပေါ်ယံအရေပြားဟာ အရောင်ပြောင်းနေတတ်တယ်။ အနာဟာ ယားနေတာမျိုး ပူပူကြီးဖြစ်နေတာမျိုးတွေ ဖြစ်နိုင်တယ်။ ပေါင်ခြံတစ်ဝိုက်မှာ အကျိတ်တွေ စမ်းမိတတ်တယ်။
ကုသနည်းတွေကတော့ ခွဲစိတ်ကုသတာတွေ ၊ ဓာတ်ရောင်ခြည်နဲ့ ကုသတာတွေ၊ ဆေးသွင်းကုသတာတွေ လုပ်လို့ရမယ်။ သူကတော့ ပြောတယ်။ ဆရာဝန်က ဆေးသွင်းကုသဖို့ ပြောတယ်တဲ့။ ဆေးသွင်းရင်တော့ သူ့ဆံပင်တွေ ကျွတ်ပါပြီဆိုပြီး စိတ်တွေညစ် ၊ စိတ်ဓာတ်တွေကျ။
ဒါပေမယ့် အဆိုးထဲက အကောင်းတစ်ခုကတော့ သူ့ရောဂါက တခြားနေရာတွေ အရမ်းမပြန့်သေးဘူး။ ဒါကြောင့် ကုသမှု ခံယူဖို့၊ ဆံပင်တွေက နေကောင်းသွားရင် ပြန်ပေါက်တဲ့အကြောင်းတွေ သေချာပြောပြရတယ်။ စိတ်ထဲမှာလည်း နောက်ဘဝတွေက ဒီလို ကံမဆိုးစေဖို့ ၊ သူဖြစ်ချင်တဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရစေဖို့ ဆုတောင်းရင်း ……………………
Author : Dr. မေ