မှဲ့တွေအကြောင်း
မှဲ့မရှိသူတဲ့သူရယ်လို့ မရှိဘူးထင်ပါတယ်။ သတိထားမိတဲ့ မှဲ့တွေရှိသလို လှပစေတယ်လို့ ယူဆရတဲ့ မှဲ့တွေလည်း ရှိပါတယ်။ ဒီလိုဘဲ မကြိုက်တဲ့နေရာမှာဖြစ်နေတဲ့ မှဲ့တွေလည်းရှိပါတယ်။ အရေပြားဆရာဝန်တစ်ယောက်အနေနဲ့ကတော့ ဒီမှဲ့ဟာ ရိုးရိုးမှဲ့လား ကင်ဆာအဖြစ်ပြောင်းနိုင်တဲ့ ပြောင်းနေတဲ့မှဲ့လားဆိုတာ မကြာခဏ အမေးခံရတတ်ပါတယ်။ ဒီတစ်ပတ်ဆောင်းပါးမှာ အဲဒီမှဲ့တွေအကြောင်းကို နည်းနည်းလောက်ပြောပြချင်ပါတယ်။
ပထမဆုံးကတော့ မွေးရာပါမှဲ့ဆိုတဲ့ (Congenital Nevus) နဲ့ တဖြည်းဖြည်းနဲ့ဖြစ်လာတဲ့မှဲ့ဆိုတဲ့ (Common Acquired Nevus) ဆိုပြီး မှဲ့တွေကို အကြမ်းအားဖြင့် အုပ်စုကြီး ၂ စုခွဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ မွေးရာပါမှဲ့တွေအကြောင်းကို ချန်လှပ်ထားခဲ့ပါမယ်။ မွေးရာပါမှဲ့တွေဟာ အရွယ်အစားအားဖြင့်ကြီးပြီး မွေးကတည်းက ဒါမှမဟုတ် ငယ်စဉ်ကတည်းက သိသိသာသာရှိနေတတ်တာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မှဲ့လို့အများခေါ်ကြတဲ့ တဖြည်းဖြည်းဖြစ်လာတတ်တဲ့ မှဲ့တွေရဲ့အကြောင်းကိုပဲ အဓိကထားပြောပြချင်ပါတယ်။ မှဲ့တွေဟာ တနည်းအားဖြင့် ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဖြစ်ပါတယ်။ အရေပြားရဲ့ အပေါ်လွှာနဲ့ အောက်လွှာစပ်ကြားနေရာမှာ ရှိနေတဲ့အရေပြားအတွင်း ရောင်ခြယ်ပစ္စည်းတွေကို ထုတ်ပေးတဲ့ (Melanocytes) ဆိုတဲ့ ဆဲလ်တွေ တညီတညာတည်း ပွားများလာရာကနေ မှဲ့တွေဖြစ်လာတယ်လို့ ယူဆကြပါတယ်။ ဒီလိုမျိုး ပွားများလာတဲ့ ဆဲလ်တွေက အရေပြားရဲ့ အောက်လွှာအတွင်းထဲကိုလည်း ရောက်ရှိသွားကြပါတယ်။ အဲဒီလိုနဲ့ အရေပြားရဲ့ အောက်လွှာမှာပဲရှိနေတဲ့မှဲ့ အရေပြားအောက်လွှာနဲ့ အပေါ်လွှာ စပ်ကြားနေရာမှာ ရှိနေတဲ့မှဲ့နဲ့ အရေပြားအောက်လွှာရော အပေါ်လွှာအောက်လွှာစပ်ကြားနေရာမှာ ရှိနေတဲ့မှဲ့ စသဖြင့် မှဲ့တွေကို တည်နေရာအလိုက် အမျိုးအစား ခွဲခြားနိုင်ပါတယ်။
မှဲ့တွေဟာ လူဖြူတွေမှာဆိုရင် အဖြစ်အများဆုံး အကျိတ်တွေလို့ ဆိုကြပါတယ်။ လူတစ်ဦးရဲ့ ကိုယ်ခန္ဓာမှာ မှဲ့ဟာ တစ်လုံးတည်း ရှိနေတာမျိုးထက် ခပ်များများရှိနေတာက ပိုများတယ်လို့ ဆိုကြပါတယ်။ မှဲ့တွေရဲ့အရေအတွက်ဟာ ကလေးဘဝကနေပြီး လူလတ်ပိုင်းရောက်တဲ့အထိ များလာနေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီလူလတ်ပိုင်းကနေပြီးတော့ အသက်ကြီးပိုင်းအထိကတော့ ကိုယ်ခန္ဓာပေါ်က မှဲ့ အရေအတွက်ဟာ တဖြည်းဖြည်းပြန်လျော့သွားတယ်လို့ ဆိုကြပါတယ်။ လူငယ်တစ်ယောက်မှာ မှဲ့အရေအတွက် များလာနေတာဟာ ဖြစ်နေကျ တွေ့နေကျလို့ ပြောရမှာဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်မှာ မှဲ့တွေများလာနေရင်တော့ မှဲ့ကင်ဆာကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မှဲ့ဆိုတဲ့ (Melanocytic Nevus) နဲ့ မှဲ့ခြောက်ဆိုတဲ့ (Seborrhoeic Keratosis) ဟာရောနေတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားပေါ်မှာ မှဲ့ခြောက်တွေဟာ များလာတတ်ပါတယ်။ ဒါကြောင့် များလာနေတဲ့ အမဲရောင် အဖုတွေဟာ မှဲ့လား မှဲ့ခြောက်လားဆိုတာကို သတိပြုပြီးကြည့်ရမှာပါ။ မှဲ့ခြောက်တွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ အရေပြားပေါ်မှာ များလာနေတတ်သလို မှဲ့တွေကတော့ နည်းသွားနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ မှဲ့တွေ များလာနေတယ်ဆိုရင်တော့ အထက်မှာပြောခဲ့သလို သေချာစစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒီ (Melanocyte) ဆိုတဲ့ အရေပြားအပေါ်ယံလွှာအောက်ခြေက ရောင်ခြယ်ပစ္စည်းထုတ်တဲ့ ဆဲလ်တွေကနေ ဖြစ်လာတတ်တဲ့ (Melanoma) ဆိုတဲ့ အရေပြားကင်ဆာအကြောင်းကို ကျွန်တော်ပြီးခဲ့တဲ့ လအနည်းငယ်လောက်က ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ်။ မှဲ့တွေဟာ လူမျိုးတိုင်းမှာ ဖြစ်လာကို တွေ့ရပေမယ့် အရေအတွက်အားဖြင့်တော့ လူဖြူတွေမှာ ပိုပြီးများများတွေ့ရတတ်တယ်လို့ ဆိုကြပါတယ်။ လူမျိုးတစ်မျိုးရဲ့ အမျိုးသားနဲ့ အမျိုးသမီး ယှဉ်ကြည့်ရင်တော့ ဖြစ်နေတတ်တဲ့ မှဲ့အရေအတွက်ဟာ သိပ်ကွာခြားတာ မရှိဘူးလို့ ဆိုကြပါတယ်။
မှဲ့တွေ့ပြီဆိုရင် မှဲ့တွေထဲမှာ မှဲ့ကင်ဆာဖြစ်ရတဲ့မှဲ့ ပါနေသလားဆိုတာဟာ အဓိက စိတ်ပူစရာဖြစ်ပါတယ်။ မှဲ့အများကြီးရှိနေတဲ့သူတွေမှာ မှဲ့ကင်ဆာဖြစ်နိုင်ခြေဟာ ပိုများလာတတ်လို့ ဖြစ်ပါတယ်။ လူတစ်ဦးဟာ တစ်ကိုယ်လုံးက အရေပြားပေါ်မှာ စုစုပေါင်းမှဲ့အရေအတွက် ၁၀၀ ကျော်လောက် ရှိနေမယ်ဆိုရင် မှဲ့အရေအတွက် ပုံမှန်သာရှိနေတဲ့ သူတွေထက် မှဲ့ကင်ဆာဖြစ်နိုင်ခြေဟာ ၇ ဆလောက်ပိုများတယ်လို့ ဆိုပါတယ်။ အမှန်တကယ်ဆိုရင်တော့ ရိုးရိုးမှဲ့ကနေ မှဲ့ကင်ဆာပြောင်းနိုင်ခြေဟာ အများကြီးရှိတာမဟုတ်ပါဘူး။ အသက် ၄၀ အောက် လူတွေမှာဆိုရင် တစ်နှစ်တစ်နှစ်မှာ အဲဒီလိုရိုးရိုးမှဲ့ကနေ မှဲ့ကင်ဆာပြောင်းတာဟာ လူ ၂ သိန်းမှာ တစ်ယောက်ပဲရှိတယ်လို့ ဆိုပါတယ်။ အသက် ၆၀ ကျော် လူတွေမှာဆိုရင်တော့ လူ ၃ သောင်းမှာ တစ်ယောက်လောက်အထိ ဖြစ်နိုင်ခြေတိုးလာတယ်လို့ ဆိုပါတယ်။ နောက်ထပ်ပြောစရာတစ်ခုကတော့ မှဲ့ကင်ဆာဟာ လူဖြူတွေ အထူးသဖြင့် အရေပြားထဲမှာ ရောင်ခြယ်ပစ္စည်းတွေ ပြန့်နှံ့ မနေတတ်တဲ့လူတွေမှာ ပိုပြီးအတွေ့ရများ အဖြစ်များတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အထူးဂရုပြုရှာဖွေရတဲ့ အရေပြားကင်ဆာမဟုတ်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကိုယ့်အရေပြားပေါ်က မှဲ့တွေ အကုန်လုံးကို အရေပြားကင်ဆာပြောင်းမှာလားဆိုပြီး အရမ်းမစိုးရိမ်ကြဘို့ ဖြစ်ပါတယ်။
မှဲ့ အရေအတွက်ဟာ လူတစ်ဦးနဲ့တစ်ဦးမှာ လူမျိုးစုတူရင်တောင် ကွဲပြားနေနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်မှာ ပြောခဲ့သလို အရမ်းများနေရင်သာ ဂရုစိုက်ပြီး မှဲ့ကင်ဆာကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်ကတော့ ရိုးရိုးမှဲ့တွေပဲ အတွေ့ရများလာခြင်း ဖြစ်ပါတယ်။ ကလေးဘဝတုန်းက သွေးကင်ဆာဖြစ်လို့ Chemo ဆေးသွင်းခဲ့ရဖူးသူတွေ၊ ကျောက်ကပ်အစားထိုးထားလို့ Chemo ဆေးသွင်းနေရတဲ့သူတွေမှာတော့ မှဲ့ အရေအတွက် ပိုများနိုင်တယ်လို့ ဆိုကြပါတယ်။ တချို့သော မျိုးရိုးဗီဇရှိတဲ့သူတွေမှာတော့ အရေပြားထိခိုက်ဒဏ်ရာ ရရာကနေ မှဲ့ဖြစ်လာတာမျိုး တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သိပ်များများတွေ့ရတာတော့ မဟုတ်ပါဘူး။ Atopic Dermatitis ဆိုတဲ့ အရေပြားရောင်ရမ်းမှုရောဂါ ရှိနေတဲ့သူတွေမှာတော့ သာမန်လူတွေနဲ့ ယှဉ်ကြည့်ရင် မှဲ့အရေအတွက်နည်းနေတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ယှဉ်ကြည့်ရင် စုစုပေါင်း အရေအတွက်ဟာ နည်းနေနိုင်တယ်ဆိုပေမယ့် မှဲ့လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် လူတစ်ဦးချင်းစီမှာရှိနေတဲ့ မှဲ့အရေအတွက်သက်သက်နဲ့တော့ တိတိကျကျကောက်ချက်ချဖို့ မဟုတ်ပါဘူး။
မှဲ့တွေကို အထက်မှာ ဖော်ပြခဲ့သလို အရေပြားအတွင်း သူတို့ရဲ့ တည်နေရာကိုလိုက်ပြီး ခွဲခြားကြည့်နိုင်တဲ့အကြောင်းကို မနက်ဖြန်မှာ ပြောပြပေးသွားမှာပါ
Author: ဒေါက်တာကေ,Healthcare Journal, Vol 9,no 2 (12.1.18) 14