fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၂)

အရေပြားနဲ့ပတ်သက်ပြီး ပြောပြချင်မိတာတွေ အပိုင်း (၂)

 

မှဲ့တွေကို သူတို့ရဲ့ တည်နေရာကိုလိုက်ပြီး ခွဲခြားကြည့်နိုင်ပါတယ်။ မှဲ့တွေထဲမှာရှိတဲ့ (Melanocytes) ဆဲလ်တွေဟာ အရေပြားအောက်လွှာထဲက တင်းလာရင် တဖြည်းဖြည်းနဲ့ ရောင်ခြယ်ပစ္စည်း ထုတ်လုပ်နိုင်စွမ်းဟာ နည်းနည်းလာတယ်လို့ ဆိုကြပါတယ်။ အဲဒီ မှဲ့ဆဲလ်တွေအကြားမှာ အဆီဆဲလ်တွေကို တွေ့ရတယ်ဆိုရင်တော့ အဲဒီမှဲ့တွေဟာ အချိန်ကြာကြာရှိနေပြီလို့ ယူဆနိုင်တယ်လို့ ဆိုပါတယ်။ ဒါကတော့ အသားစယူပြီး စစ်ဆေးကြည့်မှသာ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ မှဲ့တွေရဲ့ဖြစ်စဉ်ကို ခွဲခြားကြည့်မယ်ဆိုရင် အစပြုတာ၊ ကြီးထွားတာ၊ တန့်သွားတာပြီးတော့ ပြန်ကျုံ့တာဆိုပြီး ခွဲခြားကြည့်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ရိုးရိုးမှဲ့တွေဟာ ကြီးလာနေတယ်လို့ ထင်ရရင် မှဲ့ကင်ဆာများ ပြောင်းသလားဆိုပြီး စဉ်းစားကြ စိုးရိမ်ကြတာဖြစ်ပါတယ်။
မှဲ့တွေရဲ့ဖြစ်ပေါ်မှုနဲ့ မျိုးရိုးဗီဇဆက်စပ်တယ်ဆိုပြီး ယူဆကြတာလည်း ရှိပါတယ်။ တချို့သော ဗီဇတွေဟာ မှဲ့တွေဖြစ်တာ၊ မှဲ့အရေအတွက် များတာနည်းတာ၊ မှဲ့ကင်ဆာ ပြောင်းတာ စတာတွေနဲ့ ဆက်စပ်တယ်လို့ လေ့လာတွေ့ရှိကြပေမယ့် အခုအချိန်အထိမှာတော့ အတိအကျ ဖြစ်စေတဲ့အကြောင်းရင်းကို မတွေ့ရှိကြသေးပါဘူး။ မှဲ့တွေဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုနဲ့ ပတ်သက်သလားဆိုတဲ့ လေ့လာမှုတွေလည်း ရှိပါတယ်။ လေ့လာမှုတချို့မှာတော့ ရိုးရိုးမှဲ့တွေရဲ့ အရေအတွက်ဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုနဲ့ ဆက်စပ်တယ်လို့ ဆိုပါတယ်။ ကလေးဘဝမှာ နေရောင်ခြည် ပိုထိတွေ့မှုဟာ မှဲ့ အရေအတွက် ပိုများစေတယ်လို့ တချို့သော လေ့လာမှုတွေက ဆိုပါတယ်။ ဒါပေမယ့် ဒီအချက်ဟာလည်း အားလုံးလက်ခံထားကြတဲ့အချက်တော့ မဟုတ်သေးပါဘူး။
မှဲ့တွေဟာ စဖြစ်တဲ့အချိန်မှာဆိုရင် အညိုရောင်အစစ်ကလေးအဖြစ်ကနေ စတင်တာများတယ်လို့ ဆိုပါတယ်။ မှဲ့ရဲ့အရောင်ဟာ တစ်ဦးချင်းစီရဲ့ အသားအရောင်နဲ့လည်း ဆိုင်ပါတယ်။ အသားဖြူတဲ့သူတွေမှာဆိုရင် မှဲ့အရောင်ဟာ ပိုပြီးဖျော့တတ်တယ်လို့ ဆိုပါတယ်။ နေရောင်ခြည်ထိတွေ့ရင်တော့ မှဲ့တွေဟာ အရေပြားလိုပဲ ပိုပြီးမည်းလာ ညိုလာတတ်ပါတယ်။ မှဲ့ဟာ တစ်ကိုယ်လုံးမှာ ဖြစ်နိုင်တာဖြစ်ပေမယ့် ကိုယ်ခန္ဓာနဲ့ လက်တွေခြေတွေပေါ်မှာ ပိုပြီး အတွေ့ရများတယ်လို့ ဆိုကြပါတယ်။ မှဲ့ဟာ အရေပြားအောက်လွှာထဲကို ဆင်းသွားတာနဲ့အမျှ အရေပြားပေါ်မှာ ဖုထွက်လာတတ်ပါတယ်။ အရေပြားအောက် ဘယ်လောက်ဆင်းသွားလို့ အပေါ်မှာ ဘယ်လောက်ကြွတတ်လာသလဲဆိုတာမျိုး တိုက်ရိုက်အချိုးကျ ပြောလို့မရပေမယ့် ဖုထွက်နေတဲ့မှဲ့တွေဟာ အရေပြားအောက်လွှာထဲက မှဲ့တွေဆိုတာတော့ ပြောနိုင်မှာဖြစ်ပါတယ်။ အရေပြားအပေါ်ယံလွှာထဲက မှဲ့တွေဟာ အညိုရောင် အမည်းရောင်ပိုဖြစ်ပြီး အရေပြား အပေါ်ယံလွှာနဲ့ အောက်လွှာ စပ်ကြားကမှဲ့တွေဟာ အညိုရောင်ဖြစ်တာများပါတယ်။ အရေပြားအောက်လွှာထဲ သက်သက်ရောက်နေတဲ့မှဲ့တွေကတော့ အသားအရောင်အတိုင်း ဖြစ်နေတတ်ပါတယ်။ အရေပြားအောက်လွှာထဲက မှဲ့တွေဟာ ပိုပြီးဖုထွက်နေတတ်ပါတယ်။ ဦးခေါင်း၊ လည်ပင်းနဲ့ ပုခုံးတွေမှာ အရေပြားအောက်လွှာက မှဲ့တွေကို ပိုပြီးတွေ့ရတတ်တယ်လို့ ဆိုပါတယ်။
Melanocytes ဆိုတဲ့အရေပြားရောင်ခြယ်ဆဲလ်ကနေ ဖြစ်လာတတ်တဲ့ အရေပြားကင်ဆာတွေရဲ့ ၂၀-၃၀ ရာခိုင်နှုန်းဟာ အရင်ရှိနေတဲ့မှဲ့တွေကနေ ပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီ Melanoma ဖြစ်တဲ့ အရေအတွက်ဟာ နည်းပါးတာနဲ့ လူဖြူတွေမှာပဲ အဖြစ်များတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မှဲ့တွေကနေ မှဲ့ကင်ဆာအဖြစ်ပြောင်းသွားတာဟာ အတော်လေးကို ရှားပါးတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့ မှဲ့တွေကို မှဲ့ကင်ဆာဖြစ်နေသလားဆိုပြီး စိတ်ပူနေတတ်ကြတဲ့အတွက် ဒီအချက်ကို အထူးပြုပြီးပြောပြလိုတာ ဖြစ်ပါတယ်။
ရိုးရိုးမှဲ့တွေကို ဘယ်လိုကုသရမလဲဆိုရင်တော့ ကုသဖို့မလိုဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ မှဲ့တွေကို ဖျက်တယ် ဖယ်ရှားတယ်ဆိုတာ အဓိကအားဖြင့်တော့ အလှအပအတွက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖျက်တဲ့ ဖယ်ရှားတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဘယ်နည်းလမ်းကမှ မှဲ့ဆဲလ်တွေကို လုံးဝကုန်စင်အောင် ဖယ်ရှားမပစ်နိုင်ပါဘူး။ ဒါ့ကြောင့် မှဲ့တွေဟာ ဖျက်ပစ်ပြီးပေမယ့် ပြန်ဖြစ်လာနိုင်ပါတယ်။ မှဲ့ဖျက်တဲ့ နည်းလမ်း ဘယ်နည်းလမ်းမဆိုဟာ အရေပြားကို ဒဏ်ရာရစေတဲ့အတွက်ကြောင့် အမာရွတ်ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါလေးတွေကတော့ မှဲ့နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာတွေ ဖြစ်ပါတယ်။ လူတိုင်း မှဲ့နဲ့ပတ်သက်ပြီး ဗဟုသုတရကြဖို့ စိတ်ပူပန်မှုတွေရှိနေရင် လျော့နည်းနိုင်ကြဖို့ ရည်ရွယ်ပါတယ်။

Author: ဒေါက်တာကေ,Healthcare Journal, Vol 9,no 2 (12.1.18) 14

 

ဆက်စပ် ဆောင်းပါးများ