သတိလက်လွတ်မထားသင့်တဲ့ ရောဂါ
မွန်းကြပ်တဲ့ လောကကြီးထဲမှာ နေ့စဉ်သွားလာ လှုပ်ရှားနေရတဲ့အခါ လုပ်ငန်းခွင်မှာ အဆင်မပြေတာ၊ မိသားစုနဲ့ ဓာတ်မတည့်တာ၊ ချစ်သူနဲ့ ကတောက်ကဆဖြစ်တာ၊ အထက်လူကြီးက နှိပ်ကွပ်တာ စတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ လူတစ်ယောက်ကို သာမန်ကြည့်ရင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ ဘာပြဿနာမှ မရှိဘဲ ကိုယ်ကျန်းမာနေရုံနဲ့ ကျန်းမာနေပြီလို့ မဆိုနိုင်ပါဘူး။ စိတ်ဖိစီးမှုများရင် ချက်ချင်းဖြစ်ပေါ်နိုင်တာတွေက မောပန်းပြီး လေးလံထိုင်းမှိုင်းတာ လျှာနဲ့ပါးစပ်ထဲမှာ အပူဖုလို အနာလေးတွေပေါက်တာ၊ အစာအိမ်အောင့်လာတာတွေ ဖြစ်ပေါ်စေပါတယ်။ အရေပြား မကြည်မလင်ဖြစ်ပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်လာကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေပါတယ်။
ဒါ့ပြင် စိတ်ဖိစီးမှုများလို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ အဓိကရောဂါတွေက နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ဦးနှောက်ထိခိုက်မှုတွေကို ဖြစ်ပေါ်လာမှာဖြစ်ပြီး မကြာခင် ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို သတိလက်လွတ်မထားသင့်ဘဲ အဲဒီ အခြေအနေကနေ ပြောင်းလဲပစ်ဖို့ ကြိုးစားသင့်ပါတယ်။
အခုခေတ်အခြေအနေအရ ပြဿနာတွေ ကြုံလာရပြီး စိတ်ဖိစီးမှုများလာတဲ့အခါ ထွက်ပေါက်အနေနဲ့ အရက်၊ ဘီယာသောက်ကြတာ၊ မူးယစ်ဆေး၊ စိတ်ကြွဆေးတွေ မှီဝဲကြတာ တကယ်တော့ မှားယွင်းတဲ့ဖြေရှင်းနည်းတွေပါ။ ဒါတွေက စိတ်ဖိစီးမှုကို မပြေပျောက်နိုင်တဲ့အပြင် သွေးကြောတွေကိုပါ လေးလံထိုင်းမှိုင်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ အဆုတ် ထိခိုက်မှုနဲ့ ဦးနှောက်မှတ်ဉာဏ်တွေကိုပါ အားနည်းစေပါတယ်။
စိုးရိမ်ပူပန်နေချိန်တွေ၊ စိတ်ကသိကအောက်ဖြစ်နေချိန်တွေမှာ cortisol တွေ အထွက်များပြီး စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ ရယ်မောလိုက်တဲ့အခါ အဲဒီ cortisol အဆင့် ကျဆင်းသွားပြီး စိတ်သက်သာရာရ နိုင်တဲ့အတွက် စိတ်ပါလက်ပါပြုံးတာ၊ အားပါးတရ ရယ်မောတာတွေဟာ စိတ်ဖိစီးမှုကို အမြန်ဆုံးပျောက်ကင်းဆေးမယ့် နည်းလမ်းပါပဲ။ ပင်ပန်းနွမ်းနယ်ချိန်မှာ ပျော်စရာတစ်ခုခုကို ပြန်တွေးပြီး ပြုံးပါ။ ရယ်ပါ။ တင်းမာနေတဲ့ ကြွက်သားတွေပြေလျော့ပြီး ဦးနှောက်ကနေ ဓာတုပစ္စည်းတွေ ထွက်တာကို လမ်းကြောင်းပြောင်းလဲပေးလိုက်ပြီး မွန်းကြပ်မှုတွေကနေ ရုန်းထွက်သွားနိုင်ပါလိမ့်မယ်။
တစ်ယောက်တည်း နေထိုင်တာက စိတ်ကို ပိုမိုလေးလံစေနိုင်လို့ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး စိတ်ဖိစီးစေမယ့် ကိစ္စတွေကို ရင်ဖွင့်ပါ။ အပေါင်းအသင်းတွေနဲ့အတူ စိတ်ပျော်ရွှင်စေမယ့် ရုပ်ရှင်ကြည့်တာ၊ သီချင်းဆိုတာ၊ ကခုန်တာ၊ ရယ်စရာတွေ ပြောဆိုရယ်မောတာတွေက စိတ်ဖိစီးမှုကို ပူးပေါင်းတက်ကြွစွာ နေထိုင်ပါ။
စိတ်ဖိစီးမှုကို လျော့နည်းစေတဲ့ စားသောက်မှုပုံစံက ဟင်းနုနယ်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ကြက်သွန်ဖြူ၊ ဘယ်ရီသီး၊ နို့၊ ချောကလက်၊ ထောပတ်သီး၊ ကောက်နှံစာတွေပဲ ဖြစ်ပါတယ်။ သံပရာရည်၊ လိမ္မော်ရည်၊ ရှောက်ချိုသီးရည်တို့ကို သောက်တာကလည်း စိတ်ဖိစီးမှုကို ကောင်းစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ ကောက်နှံစာတွေကို သွေးတွင်းသကြားဓာတ်ကို မြင့်မားစေပြီး ဆီရိုတိုနင် ဟော်မုန်းထုတ်လုပ်မှုလည်း များလာကာ အရာရာကို အကောင်းမြင်စိတ်နဲ့ ရှုမြင်လာစေပြီး စိတ်တည်ငြိမ်မှုကို ခံစားရရှိစေပါတယ်။
ပဲအမျိုးမျိုးနဲ့ ဟင်းနုနယ်တို့ကလည်း စိတ်ဖိစီးမှုကို မောပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပါတယ်။ စိတ်စွမ်းအင် ပြန်လည်ဖြည့်တင်းဖို့ အနားယူပါ။ ကြက်သီးနွေးရေနဲ့ ရေချိုးပါ။ ၅ မိနစ်၊ ၁၀ မိနစ်လောက် အချိန်ပေးပြီး တရားထိုင်တာ၊ ယောဂကျင့်တာစတဲ့ စိတ်ကို အနားပေးပါ။ အားကစားလုပ်တာ၊ ပြေးလွှားကစားတာစတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ပေးရင် နှလုံးခုန်မြန်ပြီး သွေးစီးဆင်းမှုကောင်းစေကာ စိတ်ဓာတ်ကျဆင်းနေမှုကို ပြန်မြှင့်တင်ပေးပါတယ်။ ခရီးတိုထွက်တာ၊ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ကခုန်တာတွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ပတ်ဝန်းကျင်နဲ့ အလိုက်သင့် ပြောင်းလဲနေနိုင်ဖို့ ကြိုးစားပါ။
ကဲ . . . ဒီအကြံပြုချက်တွေ ဖတ်ပြီးရင် နေ့စဉ်ဘဝမှာ စိတ်ရွှင်လန်း တက်ကြွစွာနဲ့ ကျင့်သုံးနေထိုင် ကာကွယ်နိုင်ကြပါစေ။
Author: ညီညီကျော်, Healthcare Journal, Vol 9,no 1 (5.1.18) 6