ဆံပင်ဆိုတာ လူတယောက်ရဲ့ ဒုတိယမျက်နှာပါ ယနေ့ခေတ်မှာ မျက်နှာအလှအပသာမက ဆံပင်အလှအပကိုပါ အလေးထား ဂရုစိုက်လာကြပါတယ်။လူအများအမေးများကြတဲ့ဆံပင်ကျွတ်တာနဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ကိုတင်ပြချင်ပါတယ်။
ပုံမှန်အားဖြင့်တော့ လူတစ်ယောက်က နေ့တိုင်းဆံပင် အချောင်း၁၀၀လောက်ကျွတ်လေ့ရှိပါတယ်။ ဒီလိုပုံမှန်အချောင်း၁၀၀လောက်ကျွတ်ရုံနဲ့တော့ ဆံပင်ကျွတ်တာကိုခံစားနေရပီလို့ ပြောလို့မ၇သေးပါဘူး။
ဆံပင်ဘာကြောင့်ကျွတ်ရတာလဲ ဆံပင်ကျွတ်တာစိုးရိမ်ဖို့လိုလား
အကြောင်းရင်းတွေအများကြီးရှိပါတယ်။ သက်သက်မဲ့ကြိုတင်စိတ်ပူမနေဘဲ ဒီအောက်ကအချက်အလက်တွေကိုဖတ်ကြည့်ပီးအတူအဖြေရှာကြည့်၇အောင် …
၁။အသားဓာတ်လုံလောက်စွာမစားခြင်း
ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဟာ ကောင်းစွာအလုပ်လုပ်ဖို့ အသားဓာတ်လိုပါတယ်။ ဆံပင်အတွက်လည်းအတူတူပါပဲ ဆံပင်တွေကောင်းစွာ သန်မာစွာ ရှည်လျားလာဖို့ အသားဓာတ်လိုပါတယ်။ အသားဓာတ်ချို့တဲ့လို့ရှိရင် ဆံပင်ကျွတ်ရုံသာမက ဆံပင်အရောင်ပါ ပြောင်းလာနိုင်ပါတယ်။ အမျိုးသမီးတွေဟာနေ့စဉ်အနည်းဆုံး အသားဓာတ် ၄၆ ဂရမ် စားဖို့လိုအပ်ပါတယ် အမျိုးသားတွေကတော့ပိုလိုပါတယ်။ တစ်ခုမှာချင်တာက အသားဓာတ်ကအသားတခုတည်းက ရတာမဟုတ်ပါ ပဲအမျိုးမျိုး စားရင်လည်းအသားဓာတ်ရနိုင်ပါတယ်။
၂။စိတ်ဖိစီးမှုများခြင်း
ဒါကတော့လူတော်တော်များများသိပါတယ်။ စိတ်ညစ်ရင် စိတ်ထိခိုက်မှုရှိရင် ဆံပင်တွေကျွတ်လာတာကတော့ လူတိုင်းကြုံတွေ့ဖူးမှာပါ ဒါပေမယ့်ဒါဟာပြသာနာမဟုတ်ပါဘူး။ စိတ်ထိခိုက်မှုနည်းလာတာနဲ့အမျှ ကျွတ်တာပြန်သက်သာနိုင်ပါတယ်။
၃။ဓာတုဆေးတွေပါတဲ့ဆံပင်အလှကုန်များသုံးခြင်း
ယနေ့ခေတ်တွင် ဆံပင်အရောင်ဆိုးခြင်း ကောက်ခြင်း ဖြောင့်ခြင်း စသည်တို့ကို ယောက်ျားမိန်းမမရွေး လုပ်လာကြသည်။ ဓာတုဆေးတွေပါဝင်တဲ့အလှကုန်ပစ္စည်းများကို မကြာခဏသုံးမိရင် ဆံပင်ကျွတ်ခြင်းကိုဆိုးဝါးစွာ ဖြစ်စေနိုင်သည်။ ဒါကြောင့် အမျိုးသား အမျိုးသမီးတွေအနေဖြင့် သဘာဝပစ္စည်းတွေနဲ့ဖော်စပ်ထားသော ဆံပင်အလှကုန်တွေကိုသာ ရွေးသုံးသင့်သည်။
၄။သိုင်းရွက်ဟော်မုန်းပုံမှန်မဟုတ်ခြင်း
သိုင်းရွက်ဂလင်းက ခန္ဓာကိုယ်ရဲ့ အပူချိန် နှလုံးခုန်နှုန်း စတဲ့အရာတွေကို ထိန်းညှိပေးပါတယ်။သိုင်းရွက်ဟော်မုန်းများရင် သူများထက်ပိုပီးအပူဒဏ်ကိုမခံနိုင်တာ ဝမ်းခဏခဏသွားတာ အစာများများစားပီး မဝတာ တွေဖြစ်နိုင်ပါတယ်။သိုင်းရွက်ဟော်မုန်းနည်းရင် သူများထက်ပိုပီးအအေးဒဏ်ကိုကြောက်တာ ဝမ်းချုပ်တာ လှုပ်ရှားမှုနှေးတာ အသံပြောင်းတာ တွေဖြစ်နိုင်ပါတယ်။နည်းနည်း များများ ပုံမှန်မဟုတ်ရင် ဆံပင်ကျွတ်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် သင့်မှာ ဒီလက္ခဏတွေနဲ့ ဆံပင်ကျွတ်တာနဲ့တွဲဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါတယ်
၅။တားဆေးတွေကိုနည်းစနစ်တကျ မသောက်ခြင်း
အထူးသဖြင့်တော့ အရေးပေါ်တားဆေးကိုပြောချင်ပါတယ်။ အခုခေတ်မှာတော်တော်လည်းခေတ်စားလာပါတယ်။ အရေးပေါ်တားဆေးဆိုတာ နာမည်အတိုင်း အရေးပေါ်အခြေအနေတွေမှာမှ (ဥပမာ-ကွန်ဒုံးသုံးရင်းနဲ့ပေါက်ပြဲသွားခြင်း ပထမဆုံးအကြိမ်မှားခြင်း)ပဲသုံးရမှာပါ ခဏခဏသုံးဖို့မဟုတ်ပါဘူး ဒီဆေးတွေကိုခဏခဏသုံး၇င် ခဏခဏကိုယ်ထဲမှာ ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး ဆံပင်ကျွတ်စေပါတယ်။
၆။ဝိတ်လျှော့နေခြင်း
ဒီနေရာမှာပြောလိုတာက တချို့လူတွေက ဝိတ်လျှော့တယ်ဆိုတာ ဘာမှမစားဘဲနေရတာလို့ လွဲမှားစွာယူဆနေကြပါတယ်။အမှန်တကယ်ကတော့ ခန္ဒာကိုယ်ကလိုအပ်သလောက်ပဲစားတာပါ ပြော၇မယ်ဆိုရင်ဒိုင်းယက်တင်း(DIETING) လုပ်တာပါ။တကယ်လို့လွဲမှားစွာယူဆပီး လိုအပ်သလောက်မစားဘူးဆိုရင် လူ့ခန္ဓာကိုယ်က လုံလောက်တဲ့အာဟာရမရတဲ့အတွက် ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
၇။ဆေးဝါးတစ်ခုခုသောက်နေခြင်းကြောင့် ဆံပင်ကျွတ်ခြင်း
ဒီလိုမျိုးဆိုရင်တော့ သင့်ကိုဆေးညွန်တဲ့ဆရာဝန်နဲ့ချက်ချင်းပြန်တိုင်ပင်ပါ။
ဒီ၇ချက်ကြောင့် အဖြစ်များလေ့ရှိပါတယ်။ ဆံပင်ကျွတ်စေတဲ့တခြားအကြောင်းရာတွေကတော့ သံဓာတ်ချို့တဲ့ပီးသွေးအားနည်းခြင်း၊ မိမိခုခံအားစနစ်က မိမိလူ့ခန္ဓာကိုယ်ကိုပြန်တိုက်တဲ့ရောဂါရှိခြင်း(Autoimmune Disease)၊ သားဥအိမ်မှာရေအိတ်တည်ခြင်း (Polycystic Ovarian Sydrome)၊ ဦးရေပြားမကောင်းခြင်း စတာတွေ ဖြစ်ပါတယ်။
ဆံပင်ကျွတ်တာကိုဘယ်လိုကုမလဲ
အပေါ်မှာပြောထားတာတွေထဲက ဘယ်ဟာနဲ့ကိုက်ညီလဲဆိုတာကို ကြည့်ပါ။ ဥပမာ-စိတ်ဖိစီးတာဆိုရင် စိတ်ကိုပျော်ရွင်အောင်နေတာ အနားယူတာတွေလုပ်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ အာဟာရချို့တဲ့တာဆိုရင်တော့ အာဟာရစုံလင်စွာစားပါ။ သိုင်းရွက်ဟော်မုန်းမညီတာတို့ ကိုယ့်ခုခံအားစနစ်က ကိုယ့်ကိုပြန်တိုက်တာ ဦးရေပြားမကောင်းတာစတဲ့ရောဂါတွေဆိုရင်တော့ ဆရာဝန်နဲ့ပြပါ။
ရောဂါအခံရှိလို့ဆံပင်ကျွတ်တာဆိုရင် ရောဂါကိုကုဖို့လိုပါတယ် ရောဂါကုနေစဉ်အတွင်း လောလောဆယ်ဆံပင်ကျွတ်တာအတွက်ကတော့ Laser Hair Treatment, Hair Transplant, Medication(Mesotherapy) စတဲ့နည်းလမ်းတွေလုပ်နိုင်ပါတယ်။
Author: Dr. 528