မေးရိုးနာကျင်ခြင်းသည် အစာစားသုံးရန်နှင့် စကားပြောရန် အခက်အခဲများစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။
မေးရိုးနာကျင်ခြင်းဖြစ်ရခြင်းမှာ မေးရိုးကိုထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် မေးရိုးပုံစံမမှန်ခြင်း စသည်တို့ကြောင့်ဖြစ်လေ့ရှိသော်လည်း အခြားဖြစ်စေနိုင်သည့်အခြေအနေများလည်း ရှိပါသည်။
၁။ အောက်မေးရိုးအဆစ်နှင့် ကြွက်သားပုံမမှန်ခြင်း
အောက်မေးရိုးအဆစ်နှင့်ကြွက်သားပုံမမှန်ခြင်းသည် မေးရိုးနာကျင်ခြင်းကိုဖြစ်စေသည့် အဓိကအကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါသည်။ ထိုသို့ ပုံမမှန်ခြင်းကိုဖြစ်စေသော အကြောင်းရင်းများမှာ
– မေးရိုးလှုပ်ရှားမှုကိုထိန်းချုပ်သော ကြွက်သားများနာကျင်ခြင်း
– မေးရိုးအဆစ်များ ဒဏ်ရာရခြင်း
– မေးရိုးအဆစ်များ၏ မျက်နှာပြင်ကိုဖုံးအုပ်ထားသော ကာကွယ်ပေးသည့် ချပ်ပြားများ ရောင်ရမ်းခြင်း
– အားကစားလုပ်နေစဉ်အတွင်း မျက်နှာကိုထိခိုက်မိသောကြောင့် အောက်မေးရိုးဒဏ်ရာရခြင်း
– စိတ်ဖိစီးမှုများ၍ အံကြိတ်ခြင်းကြောင့် ဒဏ်ဖြစ်ခြင်း
– ညဘက်အိပ်ပျော်နေစဉ် သွားကြိတ်သည့်အလေ့အကျင့်ရှိခြင်းကြောင့် ဒဏ်ဖြစ်ခြင်း
– မျက်လုံးတစ်ဝိုက်ကိုက်ခဲတတ်သည့် ခေါင်းကိုက်ခြင်းဝေဒနာက မေးရိုးဆီသို့ ကူးစက်သွားခြင်း စသည်တို့ကြောင့် မေးရိုးများ နာကျင်တတ်ပါသည်။
အကယ်၍ မေးရိုးအဆစ်များနှင့်နီးကပ်စွာတည်ရှိနေသည့် ဦးခေါင်းခွံလိုဏ်ခေါင်းများ(Sinuses) ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ရောဂါပိုးများကူးစက်ခံရ၍ ရောင်ရမ်းခဲ့ပါက အကျိအချွဲများ အလွန်အကျွံထွက်လာကာ မေးရိုးအဆစ်များပေါ်တွင် ဖိအားများပေးခြင်းကြောင့်လည်း မေးရိုးနာကျင်တတ်ပါသည်။
တစ်ခါတစ်ရံ သွားတွင်ရောဂါပိုးများဝင်ရောက်၍ ပြည်များတည်သောအခါ မေးရိုးနာကျင်သကဲ့သို့လည်း ထင်ယောင်ထင်မှားဖြစ်နိုင်ပါသည်။
၂။ နှလုံးရုတ်တရက် အလွန်အမင်းအောင့်ခြင်း
နှလုံးရုတ်တရက် အလွန်အမင်းအောင့်သောအခါ ရင်ဘတ်ဧရိယာတစ်ဝိုက်အပြင် လက်မောင်း၊ ကျော၊ လည်ပင်း၊ မေးရိုးကဲ့သို့သော ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများတွင်လည်း နာကျင်မှု ဖြစ်ပေါ်လာတတ်ပါသည်။ ထိုသို့နှလုံးရုတ်တရက်ပြင်းထန်စွာအောင့်သည့်အချိန်တွင် အမျိုးသမီးအများစုသည် ဘယ်ဘက်မေးရိုး နာကျင်သည့်ဝေဒနာကို ခံစားရတတ်ကြပါသည်။
ထိုသို့ နှလုံးရုတ်တရက်အောင့်ပြီး မေးရိုးနာကျင်သည့်အခါတွင် အောက်ပါလက္ခဏာများပါ ပူးတွဲတွေ့ရှိပါက ဆေးရုံသို့ ချက်ချင်းသွားရောက်ပြသရန်လိုအပ်ပါသည်။
– မောလာခြင်း
– ချွေးထွက်ခြင်း
– အန်ချင်စိတ်ဖြစ်ခြင်း
– သတိလစ်သကဲ့သို့ဖြစ်ခြင်း စသည်တို့ ဖြစ်ကြပါသည်။
မေးရိုးနာကျင်ခြင်းကို သက်သာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများ
မေးရိုးနာကျင်ခြင်းကို သက်သာစေရန်အတွက် မျက်နှာပေါ်ရှိနာကျင်နေသောနေရာတွင် ရေနွေးအိတ် သို့မဟုတ် ရေခဲအိတ် ကပ်ပေးနိုင်ပါသည်။ ထိုသို့ကပ်ပေးသောအခါ ၁၀ မိနစ်ကြာခန့် ကပ်ပေးကာ ၁၀ မိနစ်ခန့်နားပြီး နောက်ထပ်တစ်ကြိမ် ထပ်မံကပ်ပေးနိုင်ပါသည်။ အလွန်အမင်းပူခြင်း သို့မဟုတ် အေးခြင်းများ ဖြစ်ပေါ်ခံစားခဲ့ရပါက အဝတ်စတစ်စဖြင့် ကြားခံ၍ကပ်ပေးနိုင်ပါသည်။
ထို့အပြင် ဆရာဝန်၏ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် အကိုက်အခဲပျောက်ဆေးများကို သောက်သုံးပေးခြင်းဖြင့်လည်း မေးရိုးနာကျင်ခြင်းကို သက်သာစေနိုင်ပါသည်။
လက်ညှိုးနှင့် လက်ခလယ်ကိုအသုံးပြု၍ အောက်မေးရိုးအဆစ်တည်ရှိသည့် နားအရှေ့ဘက်တစ်ဝိုက်ကို နှိပ်နယ်ပေးခြင်းသည်လည်း မေးရိုးနာကျင်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိုသို့နှိပ်နယ်ပေးသည့်အခါ စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း ငါးပတ်မှ ဆယ်ပတ်အထိ ဝိုင်းပတ်နှိပ်နယ်ပေးပြီးနောက် ပါးစပ်ဟခြင်းကို ပြုလုပ်ရပါမည်။ ထို့နောက် နောက်ထပ်တစ်ဖန် နှိပ်နယ်နိုင်ပါသည်။
ထို့ပြင် လည်ပင်း တစ်ဖက်တစ်ချက်ရှိ ကြွက်သားများကို နှိပ်နယ်ပေးခြင်းသည်လည်း ကြွက်သားတင်းအားများကိုပြေလျော့စေ၍ မေးရိုးနာကျင်မှုကို သက်သာစေနိုင်ပါသည်။
Author: Dr. မွန်