ကားတွေ၊ဆိုင်ကယ်တွေ ပေါ်လာပြီးနောက်ပိုင်းမှာ လူတွေကိုယ်လက်လှုပ်ရှားမှု နည်းလာပါတယ်။
ဖုန်းတွေ၊အင်တာနက်တွေ ပေါ်လာပြီးနောက်ပိုင်းမှာတော့ ပိုပြီးအထိုင်များလာကာ ကိုယ်လက်လှုပ်ရှားမှုက မရှိသလောက်ကို ပိုနည်းလာပါတယ်။
ဒီလိုကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊မရှိခြင်း ဟာ အရွယ်မတိုင်ခင်သေဆုံးခြင်းကို အားပေးသော အကြောင်းရင်းများထဲက တခုအနေနဲ့ အဆင့်၄နေရာမှာရှိပါတယ်။
ကိုယ်လက်လှုပ်ရှားမှုမရှိသူများဟာ ပုံမှန်လေ့ကျင့်ခန်းအသင့်တင့်လုပ်သူတွေထက်စာရင် အရွယ်မတိုင်မှီသေဆုံးနိုင်မှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိရှိပါတယ်။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပါက ကိုလက်စထရော ခေါ် မကောင်းတဲ့အဆီဓါတ်ပေါင်းများသွေးထဲမှာနည်းသွားတဲ့အတွက် အဆီဂျိုးကပ်ပြီး သွေးကြောနံရံတွေထူလာတာ၊ကျဉ်းလာတာ တွေကိုမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးကာ ခန္ဒာကိုယ်ကို ကျစ်လစ်စေပါတယ်။
အင်ဆူလင်ဓါတ်ကိုလည်းပိုအားကောင်းစေတဲ့အတွက် သွေးသွင်းသကြားဓါတ်အတက်အကျ ထိန်းသိမ်းနိုင်မှုကိုလည်းပိုကောင်းစေပါတယ်။
ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ ကိုယ်လက်လှုပ်ရှားမှုဆိုတာ နိစ္စဓူဝလှုပ်ရှားမှုကိုပြောချင်တာမဟုတ်ပါဘူး။
အလတ်စားပြင်းအားစိုက်ထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားအားကစားတွေဖြစ်တဲ့ လမ်းသုတ်သုတ်လျှောက်တာ၊ရွရွလေးပြေးတာ၊စက်ဘီးနင်းတာတွေ နဲ့ ပြင်းထန်သောကိုယ်လက်လှုပ်ရှားအားကစားတွေဖြစ်တဲ့ အမြန်ပြေးတာ၊ကြိုးခုန်တာ၊တောင်တက်တာ၊ဘက်စကစ်ဘာကစားတာ၊ဘောလုံးကစားတာ စတာတွေကိုဆိုလိုတာပါ။
အမျိုးသားများဟာ အလတ်စားပြင်းအားစိုက်ထုတ်ရသည့်လေ့ကျင့်ခန်းကို တနာရီကြာလုပ်တိုင်းမှာ သက်တမ်း ၂.၆နာရီပိုတိုးနိုင်ပြီး၊
ပြင်းထန်သည့်ကိုယ်လက်လေ့ကျင့်ခန်းကိုလုပ်မယ်ဆိုပါက သက်တမ်း၅.၄နာရီ ပိုရှည်နိုင်ပါတယ်။
အမျိုးသမီးတွေဆိုပါက အလတ်စားပြင်းအားစိုက်ထုတ်ရသည့် လေ့ကျင့်ခန်းကို တနာရီကြာလုပ်တိုင်းမှာ သက်တမ်း ၅.၆နာရီပိုတိုးပြီး၊
ပြင်းထန်သည့် ကိုယ်လက်လေ့ကျင့်ခန်းကိုလုပ်မယ်ဆိုပါက သက်တမ်း ၁.၃နာရီ ပိုရှည်နိုင်ကြောင်း သုတေသနတခုက ဖော်ပြထားပါတယ်။
အလတ်စားပြင်းအားစိုက်ထုတ်ရသည့် ကိုယ်လက်လှုပ်ရှားမှုကို ယေဘုယျအားဖြင့် အနည်းဆုံး တပတ်လျှင်၅ကြိမ်ခန့်၊ တကြိမ်လုပ်လျှင် မိနစ်၃၀ကြာအောင် ပြုလုပ်ပေးသင့်ပါတယ်။ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုဆိုရင်တော့ တပတ်လျှင်၃ကြိမ်ခန့်၊တကြိမ်လျှင် မိနစ်၂၀ကြာအောင်ပြုလုပ်ပေးရပါမယ်။
ဒါကြောင့်အဆုံးသတ်အနေနဲ့ အရွယ်ရောက်ပြီးသူတိုင်းကို နိစ္စဒူဝလှုပ်ရှားမှုအပြင်ကို ပုံမှန်လေ့ကျင့်ခန်းကိုယ်လက်လှုပ်ရှားမှု တခုခုလည်း လုပ်ကြဖို့ အကြံပေးတိုက်တွန်းလိုပါတယ်။
Dr. သီတာနွယ်(အမရပူရ)