ဆေးစစ်ချက်အဖြေများ
ခေတ်ရေစီးကြောင်းပြောင်းလာတာနဲ့အမျှ စာစောင်တွေကတစ်ဆင့်ဖြစ်စေ အင်တာနက်ကနေတစ်ဆင့်ဖြစ်စေ မိမိတို့ခံစားနေရတဲ့ ဝေဒနာကို အကြမ်းဖျင်း တော့သိရှိနားလည်းလာကြတယ် တစ်ချို့တွေကျတော့လည်း ရောဂါတစ်ခုခုကို စိုးရိမ်ပူပန်ပြီး ကိုယ်ထင်နေတဲ့ ရောဂါအကြောင်းကို ရှာဖတ်တတ်ကြတယ်
သိရှိရုံ ရှာဖတ်ရုံတင်မကဘဲ တစ်ချို့တွေကတော့ လိုအပ်တဲ့ ဆေးစစ်ချက်တွေကို ဓာတ်ခွဲခန်းတွေမှာ ကိုယ်တိုင် သွားစစ်တတ်ကြတယ် တစ်ချို့ကျတော့ အလုပ်ကိစ္စတွေကြောင့် ဆေးစစ်ကြရတယ် ဆရာဝန်ပြပြီး ဆေးစစ်တာလည်းရှိသလို ဆေးခန်းမှာ ဒီအတိုင်း စစ်ဆေးရတာလည်း ရှိတတ်တယ်
ဆေးစစ်ချက်အဖြေထွက်လာတဲ့အခါမှာ တစ်ချို့ဆေးခန်းက ဆရာဝန်ကတစ်ဆင့်အဖြေကိုရှင်းပြပေးတတ်ကြတယ် တစ်ချို့ဆေးခန်းကျတော့လည်း ဆေးစစ်ချက်ကို ဒီအတိုင်းပေးလိုက်တယ်
ဒီဆေးစစ်ချက်တွေကို ပြန်ရှင်းပြရတဲ့ အခါမှာ ဆရာဝန်တွေဖက်မှာ အခက်အခဲအများကြီး ရှိပါတယ် ဆရာဝန်တွေရဲ့ အခက်အခဲက လူနာတွေအတွက်ဖြစ်ရတာပါ
နိုင်ငံတကာအများစုမှာ ဆေးစစ်ချက်မှန်သမျှကို ဆရာဝန်ဆေးစာညွှန်မှ လုပ်ပေးပါတယ် ဆရာဝန်ကလူနာကို သေချာစစ်ဆေးစမ်းသပ်ပြီးမှ လိုအပ်တဲ့ ဆေးစစ်ချက်တွေပဲ လုပ်ခွင့်ရှိတာပါ အလိုဘဲ ပိုလုပ်မိခဲ့ရင် ဆရာဝန်ဘက်က ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ ရှင်းလင်းချက်ပေးရပါတယ်
ဒါ့အပြင် ဆေးစစ်ချက်ရလာတဲ့ အခါ သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေကပဲ သိမ်းထားပြီး လူနာကို ပြန်ချိန်းတာပါ ဆေးစစ်ချက်တွေ ပြန်ရှင်းပြရပြီဆိုလည်း လူနာတစ်ဦးတည်းကိုပဲ ရှင်းပြလေ့ရှိပါတယ် လူနာကပဲ ကိုယ်ဖြစ်တဲ့ ရောဂါကို သိခွင့်ရှိပါတယ် လူနာကိုယ်တိုင်ခွင့်ပြုချက်ပေးမှ တစ်ခြားလူနာရှင်တွေ သိနိုင်မှာပါ လူနာကိုယ်တိုင်က ဆေးစစ်ချက်တွေ မသိချင်ဘူးပြောရင်သော်လည်းကောင်း လူနာမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုရှိနေရင်သော်လည်းကောင်း လူနာရဲ့ ကိုယ်စားသိခွင့်ရှိတဲ့သူတစ်ယောက်တည်းကိုသာ ပြောပြလေ့ရှိကြပါတယ်
မြန်မာနိုင်ငံမှာ ဓာတ်ခွဲခန်းအများစုက ဆရာဝန်ညွှန်ကြားစာမပါဘဲလည်း ပေးစစ်ပါတယ် ဆေးစစ်ချက်တွေ ပြန်ထွက်လာတဲ့အခါ လူနာနဲ့လူနာရှင်တွေက စစ်ထားတဲ့အဖြေသိချင်တော့ တစ်ချို့နီးစပ်ရာ ဆရာဝန်တွေ မေးကြတယ် တစ်ချို့ ondr မှာ မေးကြတယ် တစ်ချို့ကတော့ ဆရာဝန်ပြန်ပြကြတယ်
ဆေးစစ်ချက် အဖြေတွေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လူနာနဲ့မျက်နှာချင်းဆိုင် ရှင်းပြနိုင်ဖို့ လိုပါတယ်
ကိုယ့်ကိုယ်ကို ဘယ်လိုရောဂါများရတော့မလဲ လို့စိတ်ပူပြီးစစ်တဲ့ လူအများစုက ကူးစက်ရောဂါတွေကို စစ်ကြတာပါ HIV အသည်းရောင်အသားဝါဘီ စီ ကာလသားပိုးတွေစစ်ကြတာပါ မရှိရင် ပြောရလွယ်ပေမယ့် ရှိပြီဆိုပြောရခက်ပါတယ် Online ကနေ လူနာကိုမမြင်ဘဲ အဖြေပြောပြလိုက်မိတဲ့အခါ ဆရာဝန်ဘက်ကတော့ လူနာကိုပြောပြလိုက်တယ်ဆိုတာနဲ့ပြီးသွားပေမယ့် လူနာအတွက် အဖြေမကောင်းတာနဲ့ကြုံတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ် ကိုယ်နဲ့ပြောပြီးနောက်ကွယ်မှာ လူနာဘာဖြစ်မလဲ သေချာတွေ့ရတာမျိုးမဟုတ်တော့ လူနညအတွက်စိတ်မချရပါဘူး မျက်နှာချင်းဆိုင် ဆေးရုံဆေးခန်းမှာ သီးသန့်ပြောတဲ့အခါ လူနာကို ဆေးစစ်ချက်အပြင် ရောဂါအကြောင်းရော အခုချိန်ထိ ရောဂါအတွက် ဘယ်လိုကုသမှုတွေ လုပ်လို့ရနေတယ်ဆိုတာအထိ ရှင်းပြပေးလို့ရပါတယ် လူနာအတွက်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခုခုပေးနိုင်မယ် ပူဆွေးနေတဲ့အခါ လူနာကို နှစ်သိမ့်နိုင်မယ်
ကူးစက်ရောဂါမဟုတ်ဘဲ တစ်ခြားသောဆေးစစ်ချက်တွေကရောပေါ့ ဘာတွေစစ်တယ်ပေါ်မူတည်တယ် ဘာကြောင့်စစ်တယ်ပေါ်မူတည်ပါတယ် အကောင်းဆုံးကတော့ ဆေးရုံဆေးခန်းတွေမှာ ဆရာတွေ ပြပြီးစစ်တာ အဖြေပြန်ရှင်းတာ လူနာအတွက်စိတ်ချရဆုံးပါပဲ
နောက်တစ်ခုကတော့ online က မေးတဲ့အခါ မေးတဲ့သူကို မတွေ့ရပါဘူး လူနာနာမည်နဲ့ မေးနေပေမယ့်လည်း လူနာကိုယ်တိုင် ဟုတ်ချင်မှဟုတ်ပါမယ် လူနာတောင်မသိသေးတဲ့ အဖြေကို လူနာရဲ့ ခွင့်ပြုချက်မရဘဲ တစ်ခြားဘယ်သူမှ သိခွင့်မရှိပါဘူး ခြွင်းချက်တစ်ခုပဲရှိပါတယ် အသက်မပြည့်သေးတဲ့ လူနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ မစဉ်းစားနိုင်တဲ့လူနေတွေအတွက်ဆိုရင်တော့ သိခွင့်ရှိတဲ့လူနာရှင်တစ်ယောက်တည်းကိုသာ ရှင်းပြမှာပါ
ဒီမှာ လွဲနေတဲ့ အယူအဆတစ်ခုက လူနာက ရောဂါကို နောက်မှသိရတာပါ လူနာရှင်တွေကသိပြီးမှ လူနာသိသင့်မသိသင့်ကို ဆုံးဖြတ်ကြတယ် တကယ်ဆို လူနာက သူဖြစ်တဲ့ရောဂါဝေဒနာကို သူကိုယ်တိုင်သိသင့်ပါတယ် သူ့ရောဂါအတွက် ထိတ်လန့်ရတယ် ဆိုပေမယ့် ရောဂါအကြောင်းသေချာသိပြီးရင် ရောဂါကုဖို့ မကုဖို့ သူကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်
ဒါကြောင့် ဆေးစစ်ချက်တွေ မေးတော့မယ်ဆိုရင် သေချာဂရုစိုက်စေချင်ပါတယ်
Dr. CST