နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၂)
အပိုင်း၁မှာ နမိုးနီးယားဆိုတာဘာလဲ။နမိုးနီးယားဘယ်လိုဖြစ်တာလဲ နဲ့ နမိုးနီးယားရောဂါအဆင့်အခြေအနေတွေအကြောင်းကိုရေးသားတင်ပြခဲ့ပါတယ်။
အခုအပိုင်း(၂)မှာတော့ နမိုးနီးယားလို့သံသယရှိရင် ဘယ်လိုစစ်ဆေးမှုတွေလုပ်နိုင်မလဲ။ရောဂါအဆင့်အလိုက် ဘယ်လိုကုသမှုတွေခံယူရမလဲ။နမိုးနီးယားရောဂါဖြစ်ပွားနိုင်ခြေနည်းအောင် ဘယ်လိုတွေကာကွယ်ရမလဲဆိုတာတွေကို ဆက်လက်ရေးသားတင်ပြပါမယ်။
ဖျားတာ၊နှာစေးတာနှာရည်ယိုတာ၊ချောင်းဆိုးတာ စတဲ့အအေးမိတုပ်ကွေးလက္ခဏာတွေအပြင် နမိုးနီးယားရဲ့လက္ခဏာဖြစ်တဲ့အသက်ရှုမြန်တာပါဖြစ်ပြီဆိုရင် အတိအကျသိရဖို့အတွက် ဆရာဝန်နဲ့ပြသပြီး သွေးစစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊လူနာရဲ့သလိပ်တို့သွေးတို့ကိုယူပြီးဓါတ်ခွဲခန်းမှာပိုးမွေးတာစတဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။
ရောဂါပြင်းထန်မှုအဆင့်အနေနဲ့ နမိုးနီးယားမှာ ရိုးရိုးနမိုးနီးယားအဆင့်(Pneumonia),ပြင်းထန်နမိုးနီးယားအဆင့်(Severe Pneumonia) နဲ့ အလွန်ပြင်းထန်နမိုးနီးယားအဆင့်ဆိုပြီး သုံးဆင့်ခွဲထားတဲ့အတွက် ကုသတဲ့အခါမှာ
ရောဂါရဲ့ပြင်းထန်မှုအခြေအနေအဆင့်ပေါ်မူတည်ပြီး ကုသရပါတယ်။
ရိုးရိုးနမိုးနီးယား(Pneumonia)အဆင့်ကတော့
ဆေးရုံတက်စရာမလိုပါ။
လူနာကို ထမင်းရည်၊အုန်းစိမ်းရည်၊ဓါတ်ဆားရည်စတဲ့အရည်တွေ များများတိုက်ပေးပါ။နို့စို့ကလေးဆိုပါက နို့များများတိုက်ပါ။ကိုယ်တအားပူတယ်ဆိုရင်ရေပတ်တိုက်ပါ။ဆရာဝန်ညွန်ကြားထားတဲ့ အဖျားကျဆေး၊ပိုးသတ်ဆေး၊ချောင်းဆိုးပျောက်ဆေးများကို ညွန်ကြားတဲ့အချိန်အတိုင်း အချိန်မှန်မှန်တိုက်ပေးပါ။လူနာကိုနွေးနွေးထွေးထွေးထားပါ။
ပြင်းထန်အဆင့်နမိုးနီးယား(Severe Pneumonia)နဲ့အလွန်ပြင်းထန်အဆင့်နမိုးနီးယား(Very Severe Pneumonia) ဆိုရင်တော့ ဆေးရုံတက်ကုသဖို့လိုပါတယ်။သောက်ဆေးအပြင် ထိုးဆေးထိုးတာ၊အောက်ဆီဂျင်ပေးရတာ၊Nebulizer ခေါ် အငွေ့ရှုစက်ရှုရတာမျိုးတွေလိုအပ်နိုင်ပါတယ်။ရောဂါအခြေအနေဆိုးလို့ ပါးစပ်ကနေမစားနိုင်၊မသောက်နိုင်ပါက နှာခေါင်းပိုက်ထည့်ဖို့လည်းလိုနိုင်ပါတယ်။
နမိုးနီးယားရောဂါဖြစ်ပွားနိုင်ခြေနည်းအောင် ကာကွယ်နည်းအနေနဲ့ကတော့ ရောဂါပိုးတွေအလွယ်တကူဝင်ရောက်ကူးစက်ခြင်းမခံရစေရန်အတွက် ကိုယ်ခံအားကောင်းအောင်လုပ်ဖို့ပါပဲ။ကိုယ်ခံအားကောင်းဖို့အတွက် အစာစားရာမှာ အသား ငါး ဟင်းရွက် အသီးအနှံတွေ ကို မျှတအောင်စားသုံးဖို့လိုသလို တကိုယ်ရည်သန့်ရှင်းရေးကိုလည်းဂရုစိုက်ဖို့လိုပါတယ်။ချောင်းဆိုးနှာချေလျှင်လက်ကိုင်ပဝါနဲ့အုပ်ပြီးလုပ်ပါ။လက်ကိုခဏခဏဆေးပါ။ဗီတာမင်အေပါတဲ့အားဆေးသောက်ပါ။အငွေ့အမှုန်တွေရှောင်ပါ။အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပါ။
ဒါ့ပြင်ကလေး အသက်အရွယ်အလိုက်ထိုးရမည့် ဘီစီဂျီကာကွယ်ဆေး၊ဆုံဆို့ကြက်ညှာမေးခိုင်ကာကွယ်ဆေး၊ဝက်သက်ကာကွယ်ဆေးအစရှိတဲ့ ကာကွယ်ဆေးများကိုလည်း မိဘတွေအနေနဲ့ သက်ဆိုင်ရာကျန်းမာရေးဆေးခန်းတွေမှာ မှန်မှန်သွားထိုးပေးကြပါလို့ အကြံပြုချင်ပါတယ်။
Dr. 528